ရွေးကောက်ပွဲ သတင်းတွေနဲ့ အလုပ်များနေကြတဲ့ မြန်မာ ဆိုရှယ်မီဒီယာပရိသတ်များ
မြန်မာနွေဦးခရိုနီကယ် - အောက်တိုဘာ ၂၅ မြင်ကွင်း
(မိုးမခ) အောက်တိုဘာ ၂၆၊ ၂၀၂၅
ရွေးကောက်ပွဲ သတင်းတွေနဲ့ အလုပ်များနေကြတဲ့ မြန်မာ ဆိုရှယ်မီဒီယာပရိသတ်များ
ယနေ့နံနက်ပိုင်းက PPP လို့ အတိုကောက်ခေါ်ဆိုတဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဖြစ်သူ ဒေါက်တာ သက်သက်ခိုင် ရွေးကောက်ပွဲ ဝင်ရောက်ယှဥ်ပြိုင်ခွင့် မရကြောင်း ဘီဘီစီ မြန်မာပိုင်း သတင်းဖေ့စ်ဘွတ်စာမျက်နှာမှာ ဖော်ပြခဲ့ပါတယ်။ ဒီသတင်းက ဆိုရှယ်မီဒီယာမှာ တုံ့ပြန်မှုအများဆုံး ရတဲ့ သတင်းတပုဒ်ဖြစ်သွားခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ ပါတီအလံအောက်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဒေါက်တာ သက်သက်ခိုင် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး အနိုင်ရကာ လွှတ်တော်ထဲရောက်ရှိခဲ့ပါတယ်။
ရွှေနန်းတော် ရွှေဆိုင်ပိုင်ရှင်ဖြစ်ပြီး ဆရာစံလမ်းနဲ့ ကမ္ဘာအေးဘုရားလမ်းထောင့်က ၆၈ အထပ်မြင့်ကွန်ဒို အဆောက်အဦ စီမံကိန်းမှာ ရင်းနှီးမြှုပ်နှံသူ ဖြစ်တဲ့ ဒေါက်တာ သက်သက်ခိုင်ဟာ အန်အယ်လ်ဒီအစိုးရ လက်ထက် အစိုးရရဲ့ စီးပွားရေး မူဝါဒ၊ အကောင်အထည်ဖေါ်မှုတွေကို ဝေဖန်ပြောဆိုရာက အန်အယ်လ်ဒီပါတီတာဝန်တွေက ရုပ်သိမ်းခံရပြီးနောက် ပါတီမှနှုတ်ထွက်ကာ ပြည်သူ့ရှေ့ဆောင်ပါတီကို တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာတော့ PPP ပါတီအနေနဲ့ ဝင်ရောက်ယှဥ်ပြိုင်ခဲ့သူ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီ အစိုးရအဖွဲ့မှာ အာဏာသိမ်းစစ်တပ်က ကမ်းလှမ်းမှုကို လက်ခံကာ လူ/ကယ်/ပြန် ဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူဖြစ်ပါတယ်။ အဲဒီနောက် ဟိုတယ် ခရီးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ပြောင်းရွှေ့တာဝန်ပေးပြီးနောက်မှာ အနားယူစေခဲ့တာ ဖြစ်ပါတယ်။
အန်အယ်လ်ဒီပါတီနဲ့ အကြိတ်အခဲရှိသူ၊ စစ်အာဏာသိမ်းမှုကို ထောက်ခံခဲ့သူ၊ စစ်ကောင်စီမှာ ပါဝင်ခဲ့သူကို စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၈ (ဃ) နဲ့ ငြိစွန်းနေတယ် ဆိုပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကိုယ်စားလှယ်လောင်း အဖြစ်ကနေ ပယ်ဖျက်ခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ ပယ်ဖျက်တဲ့ ဆုံးဖြတ်ချက် မချမီမှာ လွှတ်တော်ကိုယ်စားလှယ်လောင်း အသိအမှတ်ပြုကတ်ကို အောက်ခြေ ကော်မရှင်အဖွဲ့အစည်းတွေက ထုတ်ပေးပြီးဖြစ်လို့ ၄င်းအနေနဲ့ ကိုယ်စားလှယ်လောင်း အဖြစ် အတည်ပြုခံထားရပြီး ဖြစ်တယ်လို့ မှတ်ယူထားတာလည်း ဖြစ်ပါတယ်။
ဒီသတင်းက နာရီပိုင်းအတွင်း ဆိုရှယ်မီဒီယာ သုံးစွဲသူတွေအကြား ဂယက်ရိုက်စေတဲ့ သတင်းတပုဒ်၊ ပြန်လည်ဝေမျှသူ၊ မှတ်ချက်ပေးသူ ရာထောင်ချီရှိပြီး အာဏာသိမ်းစစ်တပ်ကို ထောက်ခံတဲ့ ဒေါ်က်တာ သက်သက်ခိုင်ကို စစ်တပ်က ကျေးဇူးဆပ်တဲ့ သဘောမျိုး မှတ်ချက်ပြုပြီး ဝေမျှကြသူအများအပြား ရှိခဲ့တာပါ။ စစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို လက်ခံသူ၊ ထောက်ခံသူတွေ ရတဲ့ရလဒ်က အခုလိုအရာပဲ ဆိုတဲ့သဘောမျိုး မှတ်ချက်ပြုကြ၊ ဝမ်းသာအားရစွာ ဝေမျှခဲ့ကြတာတွေ့ရပါတယ်။
သို့ပေမယ့် နာရီပိုင်းအကြာမှာ အဆိုပါသတင်းရဲ့ နောက်ဆက်တွဲ အဖြစ် သတင်းဌာနတွေက PPP ပါတီက တာဝန်ရှိသူတချို့ကို မေးမြန်းပြီး ရေးသားဖော်ပြကြရာမှာတော့ ဘီဘီစီ မြန်မာပိုင်းမှာ ဖေါ်ပြတဲ့ သတင်းက သတင်းမှားသာဖြစ်ကြောင်း ကိုယ်စားလှယ်လောင်း အတည်ပြုကတ်ပြားလက်ဝယ်ရရှိထားပြီး အချို့သော ကိစ္စရပ်တွေကို ရွေးကောက်ပွဲကော်မရှင်က မေးမြန်းတာရှိပေမယ့် ပြေလည်သွားလိမ့်မယ်လို့ ယူဆကြောင်း ပြောဆိုထားတာကို ဖော်ပြခဲ့ကြတာပါ။ နောက်ဆက်တွဲ သတင်းကို သတင်းဌာနတခုထက်မနည်း ဖော်ပြခဲ့ကြပြီး နောက် နာရီအနည်းငယ်အကြာမှာတော့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က သတင်းဌာနတခုရဲ့ မေးမြန်းချက်ကို ဖြေကြားရာမှာ ကိုယ်စားလှယ်လောင်းအဖြစ်က ပယ်ဖျက်လိုက်ကြောင်း အတည်ပြုခဲ့ပါတယ်။
မနက်ပိုင်းက ကိုယ်စားလှယ်လောင်းအဖြစ်က ပယ်ဖျက်ခံရတယ် ဆိုတဲ့သတင်းဟာ နေ့ခင်းမှာ သတင်းမှားကြောင်း တုံ့ပြန်ရေးသားကြရာက မွန်းလွဲပိုင်းရောက်ချိန်မှာတော့ ပယ်ဖျက်ခံရတဲ့ သတင်းက မှန်ကန်ကြောင်း အတည်ပြု ရေးသားကြပြန်တာ ဖြစ်ပါတယ်။
တော်လှန်ရေး အင်အားစုတွေ ဖြစ်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ၊ အမျိုးသားညီညွတ်ရေး အစိုးရ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ ၊ အဖွဲ့အစည်းတွေက အာဏာသိမ်း စစ်တပ်က လာမယ့် နှစ်ကုန်မှာ ကျင်းပတဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ ၊ အသိအမှတ်မပြုဖို့ လှုံ့ဆော်ခဲ့ကြတာ ဖြစ်ပါတယ်။ အချို့သော PDF လက်နက်ကိုင် အဖွဲ့တွေက ရွေးကောက်ပွဲ လုပ်ငန်းစဥ်မှာပါဝင်နေကြတဲ့ ဝန်ထမ်းတွေကို ဖမ်းဆီးတာ တိုက်ခိုက်တာတွေတောင် ယမန်နှစ် သန်းခေါင်စာရင်းကောက်စဥ်က ဖြစ်ပျက်ခဲ့ပါတယ်။ ယခုနှစ်လယ်ပိုင်း ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်လာချိန်မှာတော့ ယမန်နှစ်ကလို ဖမ်းဆီးမှု၊ ပစ်ခတ်တိုက်ခိုက်မှုတွေ မတွေ့ရသေးပေမယ့် အချို့သော လက်နက်ကိုင် အဖွဲ့တွေက ၄င်းတို့ ထိန်းချုပ်နယ်မြေမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ မည်သည့်လှုပ်ရှားမှုမှ မလုပ်ဖို့ အမိန့်ထုတ်ပြန်တာတွေ ရှိနေတာဖြစ်ပါတယ်။
ပြည်ပရောက် သတင်းမီဒီယာတွေ အနေနဲ့ ရွေးကောက်ပွဲကို အသိအမှတ်မပြုတဲ့ အနေနဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ရေးသားခြင်း၊ တင်ဆက်ခြင်း မလုပ်ကြတဲ့ နည်းဗျူဟာကို ကျင့်သုံးကြတာမျိုးတော့ မတွေ့ကြရသေးပါဘူး။ ရွေးကောက်ပွဲ နဲ့ ပတ်သက်ပြီး မလွတ်လပ်ကြောင်း၊ မျှတမှုမရှိကြောင်းကို သက်သေပြဖို့ ရွေးကောက်ပွဲ ဖြစ်စဥ်တွေကို စောင့်ကြည့်ဖော်ပြနေကြတာသာ တွေ့ကြရပါတယ်။ ဒီနေ့ ဒေါက်တာ သက်သက်ခိုင် နဲ့ ပတ်သက်တဲ့ သတင်းကို ကြည့်ရင် သတင်းမီဒီယာ အများအပြားက ဒီအကြောင်းနဲ့ ပတ်သက်တဲ့ နောက်ဆက်တွဲ သတင်းတွေကို စောင့်ကြည့် တင်ဆက်နေကြတာ ဖြစ်ပါတယ်။
စစ်တပ်က ကျင်းပတဲ့ ရွေးကောက်ပွဲ နဲ့ ပတ်သက်လို့ ဖြစ်ပျက်နေတာကို မှတ်တမ်းတင်ဖို့ လိုအပ်တာ ဖြစ်ပေမယ့်လည်း ဒီလို ဖေါ်ပြတင်ဆက်နေခြင်းကြောင့် တဖက်မှာလည်း အာဏာသိမ်းစစ်တပ် အနေနဲ့ ၄င်းတို့ ကျင်းပတဲ့ ရွေးကောက်ပွဲကို လူစိတ်ဝင်စားအောင် လုပ်ဆောင်ပေးသလို ဖြစ်မယ့် ဆိုးကျိုးလည်း သတိပြုစရာ ဖြစ်ပါတယ်။
ပြည်တွင်းက လူထုအနေနဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ကိစ္စတွေ အဖြစ်အပျက်တွေထက် တိုက်ပွဲတွေ၊ လေကြောင်းဗုံးကြဲမှုတွေ ရဲ့ အန္တရာယ်၊ စစ်ပွဲတွေကနေ ရှောင်တိမ်းနိုင်ဖို့ အရေးတွေက ပိုပြီး အရေးကြီးနေကြတဲ့ အနေအထားဖြစ်ပါတယ်။ အသက်အန္တရာယ် ကျရောက်မယ့်ဘေးတွေပြီးနောက်မှာ စားဝတ်နေရေးက နောက်က ကပ်ပါနေပြီး ရှင်သန်ရပ်တည်ဖို့ ခက်ခဲတဲ့ ကုန်စျေးနှုန်းကြီးမြင့်မှုထဲ နစ်မြုပ်မသွားအောင် အပြင်းအထန် ကူးခတ်နေကြရတဲ့ အခြေအနေမှာ ရွေးကောက်ပွဲ ဆိုတာကို စိတ်မဝင်စားကြပါဘူး။
မြန်မာ့သတင်းမီဒီယာတွေ အနေနဲ့ စစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲ အကြောင်းထက် ပြည်သူလူထုရဲ့ စစ်ဘေးအန္တရာယ်က လွတ်ကင်းအောင် သတင်းအချက်အလက်ပံ့ပိုးပေးတာ၊ စားဝတ်နေရေး ကျပ်တည်းမှု၊ စစ်ဘေးတိမ်းရှောင်နေရသူတွေ လိုအပ်တဲ့ အကူအညီရရှိဖို့ အရေးတွေကို ပိုမိုပြီး အလေးပေး ဖော်ပြခြင်းက ပိုအကျိုးရှိလိမ့်မယ်လို့ ထင်မြင်ယူဆမိပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar