နေသွင်ညိဏ်း - ကြံ့ရောဂါ ကူးစက်ချိန်
ကြံ့ရောဂါ ကူးစက်ချိန်
နေသွင်ညိဏ်း
(မိုးမခ) နိုဝင်ဘာ ၂၂၊ ၂၀၂၅
ဆရာမဂျူးက ပြင်သစ်ပြဇာတ်ဆရာ Eugène Ionesco ရေးတဲ့ပြဇာတ်တပုဒ် Rhinoceros အကြောင်း ကျမဖတ်ခဲ့သောစာအုပ်များမှာ ပြန်ပြောပြဖူးတယ်။ မြို့တမြို့မှာရှိတဲ့လူတွေ တယောက်ပြီး တယောက်ကြံ့ဖြစ်သွားတဲ့အကြောင်း။ ပထမတော့ မြို့ထဲကို ကြံ့တကောင် ဝင်လာတယ်။ လူတွေက ဖာသိဖာသာနဲ့ အာရှကြံ့လား၊ အာဖရိက ကြံ့လား ဆွေးနွေးငြင်းခုံကြတယ်။ နောက်တော့ လူတွေဟာ ကြံ့နဲ့ တူတူလာပြီး ကြံ့တွေ ဖြစ်ကုန်ကြတယ်။
ပြဇာတ်ရေးဆရာ Eugène Ionesco ဟာ ဒီပြဇာတ်ကို စိတ်ကူးယဉ်ဆန်ဆန်၊ တင်စားချက်နဲ့ ရေးခဲ့တာပါ။ ဖက်ဆစ်စနစ်၊ လူတွေရဲ့ အုပ်စုစိတ်ကို နမိတ်ပုံနဲ့ ရေးခဲ့တာပါ။ သရော်စာဖြစ်ပါတယ်။
ဒီလိုတိရစ္ဆာန်ပါဝင်တဲ့ ဇာတ်၊ တင်စားချက်မျိုး၊ စနစ်တခုကို ဝေဖန်တာမျိုးကို ဂျော်ချ်အော်ဝဲရဲ့ Animal Farm မှာလည်း တွေ့နိုင်ပါတယ်။ Animal Farm ရဲ့ ဇာတ်ကောင်တွေကတော့ Rhinoceros ထက်တော့ ပိုစုံပါတယ်။ အဆုံးမှာ ဝက်တွေက လူလို ကျင်လာကြပြီး၊ လူလား ဝက်လား ခွဲခြားရ ခက်သွားတာနဲ့ အဆုံးသတ်ထားပါတယ်။
ကြံ့ဖြစ်သွားတဲ့ လူတွေအကြောင်း Rhinoceros ပြဇာတ်မှာတော့ ဇာတ်လိုက်တယောက်တည်း ကြံ့မဖြစ်ဘဲ ကျန်တယ်။ သူ့အသိတခြားလူတွေရဲ့ အသားအရေတွေ ကြမ်းတမ်းလာတယ်။ နောက် နဖူးမှာ ဘုကြီးပေါက်လာတယ်။ ကြံ့ဖြစ်ရတာဟာ လူဖြစ်ရထက် ပိုကောင်းတယ်လို့ တွေးခေါ်လာကြတယ်။ ဒီလိုနဲ့ လူအုပ်ကြီးဟာ ပေါင်းမိသွားပြီး အစုအပေါင်းဖြစ်လာတဲ့အခါ အုပ်စုအတွေးဟာ ပေါ်ပေါက်လာတော့တယ်။ လူအဖြစ်က ကြံ့ဖြစ်သွားတာက ပိုကောင်းတယ်ဆိုတဲ့အတွေးအခေါ်ဟာ အားကြီးလာတယ်။
ဇာတ်လိုက်သည်ပင်လျှင် သူ့နဖူးကိုစမ်းကြည့်တယ်။ အသံထွက်အော်ကြည့်တယ်။ သူ ကြံ့မဖြစ်သေးတာကို သိတော့ ပထမ ဝမ်းနည်းသလိုလို ဖြစ်သွားပုံပဲ။ ဘာလိုလဲဆိုတော့ သူပြောတဲ့ ပြင်သစ်စကားဟာ ဘယ်မှာမှ အသုံးမဝင်တော့ဘူးလေ။ အများသုံးဘာသာစကားဟာ ကြံ့ဘာသာစကားဖြစ်သွားပြီးကိုး။
ဒီဇာတ်လမ်းနှစ်ပုဒ်မှာ Animal Farm က အာဏာရဲ့ သဘောကို သရော်တယ်။ Rhinoceros ကတော့ အုပ်စုသဘောတရားကို သရော်တာလို့ အကျဉ်းချုပ်ရင်ရတယ်ထင်ပါတယ်။ တကယ်တော့ ဒီထက်မကတဲ့ လူစရိုက်တွေ အများကြီး ပါဝင်နေတာမို့ အတွေးချဲ့ရင် ချဲ့သလောက် ကျယ်သွားနိုင်ပါတယ်။
Animal Farm ကိုတော့ သခင်ဘသောင်း ဘာသာပြန် ခြေလေးချောင်းတော်လှန်ရေးကို ခပ်ငယ်ငယ်ကတည်းက ဖတ်ခဲ့ရပြီး၊ Rhinoceros ကိုတော့ ဆရာမဂျူး ပြန်ရေးတာပဲ ဖတ်ရပါတယ်။ တကယ်ကောင်းတဲ့ ပြဇာတ်တပုဒ်ကို မိတ်ဆက်ပေးလို့ ဆရာမကို ကျေးဇူးတင်လို့ မဆုံးပါ။
ဆရာမက ကြံ့ရောဂါလို့ သုံးထားပါတယ်။ ကြက်တုပ်ကွေး၊ ဝက်တုပ်ကွေး ဆိုတာမျိုးပါပဲ။ တလောလေးက မျောက်ကျောက်ရောဂါဆို ပေါ်လိုက်ပါသေးတယ်။ ဒီရောဂါတွေရဲ့ နာမည်မှာ တိရိစ္ဆာန်နာမည်တွေ ပါရတဲ့ အဓိက အကြောင်းက ရောဂါရဲ့ အစဟာ တိရိစ္ဆာန်တွေဆီက ကူးစက်တာလို့ တွေ့ရှိရလို့ ဖြစ်ပါတယ်။ ဆိုလိုတာက လူတွေဆီကို တိရိစ္ဆာန် ရောဂါကူးစက်ဖို့ဆိုတာ ဖြစ်နိုင်တဲ့ ကိစ္စပါပဲ။ စိတ်ကူးယဉ်သက်သက်လို့ မဆိုနိုင်ပါဘူး။
ဒါပေမယ့် ထူးခြားတာက Eugène Ionesco ရဲ့ ကြံ့ရောဂါကတော့ လူတွေကို ဖျားနာစေတာမျိူးမဟုတ်ဘဲ ရုပ်ပိုင်းနဲ့အသိဥာဏ်ကိုပါ ပြောင်းလဲပစ်လိုက်တာမျိုး ဖြစ်ပါတယ်။ ဒါကတော့ စိတ်ကူးယဉ်ဆန်တယ်လို့ ရုတ်တရတ်တွေးထင်စရာပါပဲ။ သေချာ တွေးရင် ဒါကလည်း စိတ်ကူးယဉ်မဟုတ်ပြန်ပါဘူး။
ပြဇာတ်ထဲမှာ ကြံ့ရောဂါဟာ အစကတော့ တယောက်စ နှစ်ယောက်စ၊ နောက်တော့ တပြုံတမကြီး။ ကြံ့စကားတွေပြော၊ ကြံ့တရားတွေဟော။ တချို့က ကြံ့စင်စစ်ဖြစ်သွားပြီး တချို့က ကြံ့ရောဂါ တဖြည်းဖြည်းဝင်လာတာမျိုး။ ရောဂါပြင်းထန်လာတဲ့အခါ အသိဥာဏ်နဲ့ ဆင်ခြင်တုံတရား မြင့်မားပါတယ်ဆိုတဲ့ လူတွဟာလည်း ကြံ့တရားကို ယုတ္တိကျကျ ဟောပြောလာကြမယ်။
သတင်းကောင်းကတော့ မိတ်ဆွေအနေနဲ့ ကြံ့စကားကို နားမလည်ရင် ဝမ်းသာစရာပါပဲ။ မိတ်ဆွေဟာ ပြဇာတ်ထဲက ဇာတ်လိုက်လို နဖူးမှာ ဘုတလုံး မထွက်လာသေးဘူး။ လူ့အသိနေရာမှာ တိရိစ္ဆာန်အသိ လွှမ်းမိုးမသွားသေးဘူးဆိုတဲ့ လက္ခဏာပါပဲ။
နေသွင်ညိဏ်း
နိုဝင်ဘာ၊ ၂၀၂၅
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar
