Breaking News

စစ်ရေး၊ နိုင်ငံရေးနဲ့ ရှုပ်ထွေးလာတဲ့ ကျားဖြန့်နှိမ်နှင်းရေး

မြန်မာနွေဦးခရိုနီကယ် - နိုဝင်ဘာ ၂၅ မြင်ကွင်း

(မိုးမခ) နိုဝင်ဘာ ၂၆ ၊ ၂၀၂၅


စစ်ရေး၊ နိုင်ငံရေးနဲ့ ရှုပ်ထွေးလာတဲ့ ကျားဖြန့်နှိမ်နှင်းရေး 

ထိုင်း-မြန်မာနယ်စပ်က ကျားဖြန့်ငွေလိမ်ဂိုဏ်းပြဿနာက ဒေသတွင်းနိုင်ငံတွေနဲ့ နိုင်ငံတကာကို ဒုက္ခပေးနေတဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုလုပ်ငန်း၊ သက်တမ်းရှည်ကြာတဲ့ ပြည်တွင်းစစ်က မွေးထုတ်လိုက်တဲ့ ဘေးထွက်ဆိုးကျိုးတခုလို့ ယေဘုယျအားဖြင့် သတ်မှတ်နိုင်ပါတယ်။ နိုင်ငံနယ်နိမိတ်တွေကို ဖြတ်ကျော်ပြီး ငွေကြေးလိမ်လည်တဲ့ ရာဇဝတ်မှုလုပ်ငန်းတွေကို ဦးစီးဦးဆောင် လုပ်သူတွေက တရုတ်နိုင်ငံသားတွေ ဖြစ်ကြပြီး ဒေသတွင်းနိုင်ငံတွေမှာ တရားဥပဒေစိုးမိုးမှုအားနည်းတဲ့ နိုင်ငံလည်း ဖြစ်ပြီး ဒီလုပ်ငန်းမျိုးကို လက်နက်နဲ့ သို့မဟုတ် အာဏာနဲ့ အကာအကွယ်ပေးမယ့် အဖွဲ့အစည်းတွေ ရှိတဲ့ နေရာတွေကို ရှာဖွေ အခြေစိုက်ကာ ငွေလိမ်လုပ်ငန်းကို လုပ်ကိုင်ကြတာပါ။ အရှေ့တောင်အာရှမှာ မြန်မာနိုင်ငံ၊ ကမ္ဘောဒီးယားတို့က ဒီလုပ်ငန်းအခြေစိုက်ဖို့အတွက် ရေခံမြေခံကောင်းတဲ့ နိုင်ငံတွေ ဖြစ်လာပြီး ကမ္ဘောဒီးယားက ကမ်းခြေမြို့ သီဟာနုဗီးလ်မြို့၊ မြန်မာနိုင်ငံ တရုတ်နယ်စပ် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်တို့က နိုင်ငံဖြတ်ကျော် ငွေလိမ်ဂိုဏ်းတွေ အခြေစိုက်တဲ့ နေရာတွေ ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။ 

ကမ္ဘောဒီးယားနိုင်ငံမှာတော့ ပြည်တွင်းစစ်ဖြစ်ပွားနေတာ မရှိပေမယ့် အစိုးရကိုယ်၌က လာဘ်စားပြီး အကာအကွယ်ပေးထားတာမျိုး ဖြစ်ပြီး မြန်မာနိုင်ငံမှာတော့ ပြည်တွင်းစစ် ဖြစ်နေတဲ့ အခြေအနေ လက်နက်ကိုင် တပ်ဖွဲ့တွေ၊ ပြည်သူ့စစ်လို နိုင်ငံရေးရည်မှန်းချက်မရှိတဲ့ လက်နက်ကိုင် အဖွဲ့တွေက လက်နက်ကိုင်တပ်ဖွဲ့ ရန်ပုံငွေအတွက် ဒီလုပ်ငန်းတွေကို အကာအကွယ်ပေးပြီး သတင်းမီဒီယာတွေ၊ စုံစမ်းဖော်ထုတ်သူတွေ ဝင်မလာနိုင်အောင် တားမြစ်ပိတ်ပင်ထားပြီး ကာစီနို လောင်းကစားလုပ်ငန်း ဆိုတဲ့ မျက်နှာဖုံးနဲ့ ငွေလိမ်ရာဇဝတ်မှုလုပ်ငန်းတွေ လုပ်ကိုင်ခဲ့ကြတာဖြစ်ပါတယ်။ 

ဒါတွေက ကျားဖြန့်ရာဇဝတ်လုပ်ငန်းတွေ ဘာကြောင့် ဒီနိုင်ငံ ဒီဒေသတွေမှာ ရောက်လာရသလဲ ဆိုတဲ့ ရေခံမြေခံ အခြေအနေတွေ ဖြစ်ပါတယ်။ ခုတော့ ဒီလိမ်လည်မှုတွေမှာ နစ်နာသူတွေ ရှိနေတဲ့ နိုင်ငံကြီးတွေ၊ ကျူးလွန်သူရော ကျူးလွန်ခံရသူပါရှိတဲ့ တရုတ်နိုင်ငံလို နိုင်ငံအနေနဲ့ သူ့နိုင်ငံသားတွေကို ကာကွယ်သလို သူ့နိုင်ငံ ဂုဏ်သတင်းကိုပါ ထိခိုက်စေတာကြောင့် နှိမ်နှင်းဖို့ သက်ဆိုင်နိုင်ငံတွေ အစိုးရတွေကို ဖိအားပေးလာကြတာ ဖြစ်ပါတယ်။ ဒီလုပ်ငန်းတွေ ရှင်သန်ကြီးထွားနိုင်ဖို့ ဖြတ်သန်းရာ၊ အင်တာနက် လျှပ်စစ်မီး စတဲ့ လိုအပ်ချက်တွေ ဝန်ဆောင်မှုပေးနေတဲ့ ထိုင်းနိုင်ငံလို နိုင်ငံမျိုးကိုပါ နှိမ်နှင်းမှုမှာ ပူးပေါင်းဆောင်ရွက်ဖို့ နိုင်ငံကြီးတွေက ဖိအားပေးလာကြတာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံအနေနဲ့ ကျားဖြန့်ရာဇဝတ်ဂိုဏ်းတွေ ရှင်သန်ကြီးထွားမှု အရှိန်အကောင်းဆုံး အချိန်ကာလက မြန်မာနိုင်ငံတွင်း လက်နက်ကိုင် ပဋိပက္ခတွေ ပြင်းထန်နေတဲ့ ကာလလည်း ဖြစ်နေပါတယ်။ ဒီဟာက တိုက်ဆိုင်မှုဆိုတာထက် လက်နက်ကိုင် ပဋိပက္ခတွေအတွက် ငွေကြေး လိုအပ်ချက်ကြောင့်လည်း ကျားဖြန့်လုပ်ငန်းကို အကာအကွယ်ပေးဖို့ အတွက် ပိုမှီခိုလာရတဲ့ သဘောလို့ ဆိုနိုင်ပါတယ်။ 

သို့ပေမဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ ရှမ်းမြောက်ဒေသမှာ လှုပ်ရှားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၃ ဖွဲ့က  ကျားဖြန့်နှိမ်နှင်းရေး နဲ့ အာဏာသိမ်းစစ်တပ်ရဲ့ နယ်မြေတွေကို သိမ်းယူရေး စစ်ရေးရည်မှန်းချက် ၂ ခုကို တွဲစပ်ပြီး တရုတ်နိုင်ငံရဲ့ အားပေးထောက်ခံမှုရအောင် လုပ်ဆောင်ခဲ့တာ တွေ့ရပြီး ရှမ်းမြောက်ဒေသဟာ နယ်မြေထိန်းချုပ်မှု အပြောင်းအလဲ ကြီးမားစွာဖြစ်ပေါ်ပြီး ကျားဖြန့်လုပ်ငန်းတွေလည်း ရှမ်းမြောက်မှာ သိသိသာသာ လျော့ကျသွားခဲ့တာ ဖြစ်ပါတယ်။ 

အဲဒီနောက်မှာတော့ ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့နယ်နဲ့ မွန်ပြည်နယ် ဘုရားသုံးဆူမြို့နယ်တို့က ကျားဖြန့်လုပ်ငန်းတွေရဲ့ အဓိက လည်ပတ်ရာ ဖြစ်လာခဲ့ပါတယ်။ နယ်စပ်ဒေသတွေမှာ အထပ်မြင့်အဆောက်အဦတွေ အများအပြားနဲ့ မြို့ကြီးတွေသဖွယ် စားသောက်ဆိုင်၊ KTV တို့လို ဝန်ဆောင်မှုလုပ်ငန်းအစုံအလင်နဲ့ စည်ကားနေကြတဲ့ ရာဇဝတ်မှုလုပ်ငန်းတွေက ယခုနှစ်ဆန်းအထိ အနှောင့်အယှက်မရှိ လည်ပတ်နေခဲ့ကြတာ ဖြစ်ပါတယ်။ 

ယခုနှစ်ဆန်းပိုင်း တရုတ်နိုင်ငံသား သရုပ်ဆောင်တဦး ဖြားယောင်းခေါ်ဆောင်ခံရပြီး ကျားဖြန့်လုပ်ငန်းမှာ နှိပ်စက်စေခိုင်းခံရတဲ့ အဖြစ်အပျက်က ထိုင်း-မြန်မာနယ်စပ်က ကျားဖြန့်ရာဇဝတ်ဂိုဏ်းတွေဆီ အာရုံစိုက်မှုရောက်ရှိစေခဲ့တာ ဖြစ်ပါတယ်။ 

တရုတ်နိုင်ငံက ကျားဖြန့်လုပ်ငန်း လုပ်ကိုင်သူတွေနဲ့ ဒီလုပ်ငန်းမှာ သားကောင်ဖြစ်သူတွေ ဖြတ်သန်းဝင်ရောက်ရာ လမ်းကြောင်းလည်းဖြစ်ပြီး အင်တာနက်၊ လျှပ်စစ်မီးစတဲ့ အထောက်အကူဝန်ဆောင်မှုတွေ ရယူရာ ထိုင်းနိုင်ငံကို အဓိက ဖိအားပေးခဲ့တာတွေ့ရမှာ ဖြစ်ပါတယ်။ မြန်မာစစ်တပ် အနေနဲ့ BGF၊ DKBA တို့ က ၄င်းရဲ့ ထိန်းချုပ်မှု၊ အာဏာအောက်မှာ မရှိတဲ့ အဖွဲ့အစည်းတွေ ဖြစ်တာကြောင့် ကံအားလျော်စွာ ကြီးမားတဲ့ ဖိအား မသက်ရောက်ခဲ့ပါဘူး။ 

ကျားဖြန့်လုပ်ငန်းကို အကာအကွယ်ပေးထားတဲ့ လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ နိုင်ငံတကာ ဖိအား၊ ထိုင်းနိုင်ငံဖိအားတွေကို တုံ့ပြန်တဲ့အနေနဲ့ အတိုင်းအတာတခုထိ နှိမ်နှင်းပြပြီးနောက် ပြန်လည်လည်ပတ်နေတာ အခုလပိုင်းအထိ ဖြစ်ပါတယ်။ လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ ဒီကျားဖြန့်လုပ်ငန်းတွေကို အကာအကွယ်ပေးရာက ရတဲ့ ဝင်ငွေက မက်မောလောက်တဲ့ ပမာဏ ဖြစ်ပါတယ်။ မူးယစ်ဆေးဝါး ကုန်ကူးမှု၊ သယံဇာတ တူးဖော်မှုနဲ့ နယ်စပ်ကုန်သွယ်ရေးကို အကောက်ကောက်ခံတာမျိုးတွေ နဲ့ နှိုင်းယှဥ်လို့မရတဲ့ ပမာဏ ရရှိတာကြောင့်လည်း ဒီလုပ်ငန်းတွေကို အားလုံး ဖယ်ရှားဖို့ ရည်ရွယ်ချက် မရှိကြတာ ထင်ရှားပါတယ်။ စစ်ဆင်ရေး လုပ်ချိန်မှာ အတိုင်းအတာတခုထိ ဖမ်းဆီးတာ လွှဲပြောင်းတာတွေ လုပ်ပြပြီးနောက် အခြေအနေငြိမ်သွားရင် အရင် နေရာတွေမှာ သို့မဟုတ် နေရာပြောင်းပြီး ပြန်လည် လည်ပတ်ဖို့ အကာအကွယ်ပေးထားကြတာ တွေ့ရပါလိမ့်မယ်။ 

ဒါပေမဲ့ အခုတကြိမ် ကျားဖြန့်နှိမ်နှင်းရေးမှာ ယမန်နှစ်ကစပြီး BGF နဲ့ ဆက်ဆံရေး ခပ်တန်းတန်းဖြစ်သွားတဲ့ အာဏာသိမ်းစစ်တပ်၊ KNU တို့ပါ ပါဝင်လာတာ တွေ့နေရပါတယ်။ လွန်ခဲ့တဲ့ ၆ နှစ် ကျော် ၇ နှစ် ဝန်းကျင် ကာလတွေအတွင်း ကျားဖြန့်လုပ်ငန်းတွေကို BGF ဘယ်လိုအကာအကွယ်ပေးခဲ့သလဲ ငွေကြေး ဘယ်လိုဘယ်ပုံရနေခဲ့သလဲ ဆိုတာ စစ်တပ် ခေါင်းဆောင်တွေ ကောင်းစွာ သိရှိသလို အတိုင်းအတာတခုထိ အကျိုးခံစားခွင့် ရနေခဲ့တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ သို့ပေမယ့် ၄င်းတို့လက်နဲ့ ကိုယ်တိုင် လုပ်ဆောင်တာ မဟုတ်လို့ ဒီရာဇဝတ်မှုလုပ်ငန်းတွေကို တိုက်ရိုက် တာဝန်ခံရမယ့် အဖွဲ့အစည်းအဖြစ် နိုင်ငံတကာက ဖိအားပေးလို့ မရတဲ့ သဘောလည်း ဖြစ်ပါလိမ့်မယ်။ 

အခုလို အခြေအနေမှာ BGF ကို မျက်နှာမထောက်ဘဲ အဆောက်အဦတွေ ဝင်ရောက် ဖျက်ဆီးတာတွေ လုပ်လာသလို KNU အဖွဲ့ကလည်း ခုရက်ပိုင်းမှာ DKBA တွေ အကာအကွယ်ပေးထားတဲ့ မင်းလက်ပံ ကျေးရွာက ကျားဖြန့်လုပ်ငန်းဝင်းတွေကို ဝင်ရောက်စီးနင်းကာ ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေကို ကြီးကြပ်သူတွေနဲ့ စေခိုင်းခံရသူတွေကို ထိန်းသိမ်းထားပြီး နိုင်ငံတကာ အစိုးရတွေ ပူးပေါင်းဆောင်ရွက်ဖို့ နှိုးဆော်တဲ့ သတင်းထွက်ပေါ်လာနေပါတယ်။ 

ကျားဖြန့်နှိမ်နှင်းတဲ့ စစ်ဆင်ရေးတွေအတွင်း အာဏာသိမ်းစစ်တပ်နဲ့ BGF အကြားက ဆက်ဆံရေး၊ DKBA နဲ့ KNU အကြားဆက်ဆံရေး၊ KNU နဲ့ BGF ဆက်ဆံရေးတွေက ဘယ်လို နိုင်ငံရေး စစ်ရေးတွေ အပေါ် သက်ရောက်လာနိုင်သလဲ ဆိုတဲ့အချက်က စိတ်ဝင်စားစရာ ဖြစ်လာပါတယ်။ 

လက်နက်ကိုင်အဖွဲ့တွေ ရပ်တည်ရေးအတွက် ရာဇဝတ်မှုလုပ်ငန်းတွေကို အကာအကွယ်ပေးခဲ့ရာကနေ ကြီးထွားလာတဲ့ ကျားဖြန့်ရာဇဝတ်ဂိုဏ်းတွေကို နိမ်နှင်းရေးမှာ စစ်ရေး နိုင်ငံရေး အကျိုးအမြတ်တွေကို ထည့်တွက်ပြီး ရပ်တည်မှု အကာအကွယ်ပေးမှုတွေကို ပြောင်းလဲရတဲ့ အခြေအနေမျိုးတွေလည်း တွေ့မြင်လာရပြီး ကျားဖြန့်နှိမ်နှင်းရေးက ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေရဲ့ ကြားက ဆက်ဆံရေးတွေကို သက်ရောက်လာနိုင်ခြေတွေ မြင်တွေ့နေရတာလည်း ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar