ဘယ်သတင်းအကြောင်းအရာတွေကို မြန်မာနွေဦးမြင်ကွင်းထဲ ရေးကြမလဲ
မြန်မာနွေဦးခရိုနီကယ် - နိုဝင်ဘာ ၁၃ မြင်ကွင်း
(မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၂၅
ဘယ်သတင်းအကြောင်းအရာတွေကို မြန်မာနွေဦးမြင်ကွင်းထဲ ရေးကြမလဲ
သည်နေ့အတွက် စိတ်ဝင်စားစရာသတင်းတပုဒ်ကတော့ မြန်မာနွေဦးတော်လှန်ရေးကို တပ်ဦးက ဦးဆောင်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ အစိုးရဝန်ကြီးဌာနတွေ ပြုပြင်ပြောင်းလဲမှုတွေ ပြင်ဆင်မှု စတင်လုပ်ဆောင်နေတယ်ဆိုတဲ့ သတင်း ဖြစ်ပါလိမ့်မယ်။
အစကတည်းက အတည်မပြုနိုင်တဲ့သတင်းတွေ ထွက်နေခဲ့ပြီး ယခုတော့ အတိအကျသတင်းအဖြစ် Burma VJ က ရေးသားထားပါတယ်။
NUGအစိုးရက လျှော့ချဖို့ စီစဥ်ထားတဲ့ ဝန်ကြီးဌာန ၄ ခုက (၁)-ဒေါက်တာဆာဆာ ဦးဆောင်တဲ့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန (MOIC)၊ (၂)-ဦးထင်လင်းအောင် ဦးဆောင်တဲ့ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာန (MOCIT)၊ (၃)-ဒေါ်ခင်မမမျိုး ဦးဆောင်တဲ့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန(MOC)၊ (၄)-ဦးနိုင်ထွန်းဖေ(ခ)နိုင်သုဝဏ္ဏ ဦးဆောင်တဲ့ အလုပ်သမားဝန်ကြီးဌာန (MOL)တို့ ဖြစ်ကြောင်း NUG အစိုးရအဖွဲ့ တာဝန်ရှိတဲ့သူတစ်ဦးက Burma VJ ကို အတည်ပြုပါတယ်။ လို့ ရေးထားပါတယ်။
အဲသည်သတင်းထွက်တဲ့အထဲမှာ - မဇ္ဈိမ၏ သတင်းရင်းမြစ်ကတော့ မနေ့ကတည်းက ဖော်ပြချက်မှာ နောက် ဝန်ကြီးဌာနတခုကိုလည်း ထည့်သွင်းရေးသားထားပါတယ်။ NUG အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီး နော်စူစန်နာလှလှစိုးသည်လည်း ဝန်ကြီးအဖြစ်မှ နုတ်ထွက်ပြီးဖြစ်ကာ ၎င်း၏ဝန်ကြီးဌာနကို ဦးစီးဌာနအဖြစ် ပြောင်းပြီး အခြားသူများက ဦးဆောင်မည်ဟု ပြောသည် လို့ ဆိုထားပါတယ်။
ဝန်ကြီးဌာန ၅ ခုကို ဖျက်သိမ်းတာ (သို့မဟုတ်) အခြားဝန်ကြီးဌာနတွေနဲ့ ပေါင်းစည်းတာ၊ (သို့မဟုတ်) ဌာနကြီးအဖြစ် လျော့ချတာမျိုးကို NUG အစိုးရနဲ့ ၎င်း၏ နောက်ခံဖြစ်တဲ့ CRPH လွှတ်တော်ကိုယ်စားပြုအဖွဲ့ကနေ တရားဝင်ထုတ်ပြန်ဖို့ပဲ ကျန်တော့တာလို့ ဆိုနိုင်ပါတယ်။ အခုလို Reform လုပ်ဖို့ ပြင်ဆင်ဆွေးနွေးပြီး ကော်မီတီတရပ်ကနေ ကြည့်ကြပ်ပြီး ဆောင်ရွက်ကြတာမို့ အဓိကဆုံးဖြတ်ချက်ချမှတ်သူတွေက CRPH ဥက္ကဋ္ဌ၊ သမ္မတနဲ့ ဝန်ကြီးချုပ်တို့က တာဝန်ခံပြီး NUG ပြုပြင်ပြောင်းလဲရေးကို အကောင်အထည်ဖော်ကြတာလို့ ကြားသိရပါတယ်။
အဲသည်သတင်းထွက်ပေါ်ချိန်မှာ မြန်မာစစ်ကော်မရှင်က ရွေးကောက်ပွဲတရပ်ကို ၎င်းတို့စိတ်တိုင်းကြိုက် ချုပ်ကိုင်မှုတွေ ဖိနှိပ်မှုတွေနဲ့ အပိုင်းလိုက်ကျင်းပဖို့ ခြေလှမ်းတွေ စိတ်လာချိန် လည်း ဖြစ်ပါတယ်။ အဲသည်မှာ ဂီတ ရုပ်ရှင် ဇာတ်သဘင် စတဲ့ ဖျော်ဖြေရေး အနုပညာရှင်တွေကို စစ်ကော်မရှင်စိတ်တိုင်းကျရွေးကောက်ပွဲကို ထောက်ခံ ဝါဒဖြန့်ပေးဖို့ အမိန့်ပေး ခြိမ်းခြောက် ခိုင်းစေလျက်ရှိပါတယ်။ မြန်မာ့အရေးကို စောင့်ကြည့်နေတဲ့ အဖွဲ့အစည်းတွေက စစ်ကော်မရှင်ရွေးကောက်ပွဲကို စောင့်ကြည့်ဖို့ မှတ်တမ်းယူဖို့ နည်းမျိုးစုံနဲ့ ပြင်ဆင် နေရာယူနေကြချိန်လို့လည်း မြင်တွေ့ရပါတယ်။ နွေဦးတော်လှန်ရေးအင်အားစုတွေက မြန်မာစစ်ကော်မရှင်ကို ရွေးကောက်ပွဲကနေ ထွက်ပေါက်မပေးဖို့ကို လူထုကို လှုံ့ဆော်နေကြပြီး ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ အရှိန်မြှင့်လာကြပါတယ်။ စစ်ကော်မရှင် ထိန်းကွပ်ထားတဲ့ ဒေသတွေကနေ ရွေးကောက်ပွဲကို အတင်းအကျပ်ကျင်းပပြီး အပိုင်းလိုက် ရလဒ်တွေ ထုတ်ပြန်လာမယ်ဆိုရင် တရုတ်နဲ့ အာဆီယံက ဘယ်လိုတုံ့ပြန်မလဲ၊ အဲသည်ရလဒ်တွေကနေတဆင့် အပြောင်းအလဲတခုကို ရဖို့ နိုင်ငံတကာက စိတ်ဝင်စားနေသလားဆိုတာကိုလည်း သုံးသပ်ကြည့်ရပါမယ်။
နောက် သတင်းဖတ်သူတွေ မြန်မာ့အရေး လေ့လာသုံးသပ်သူတွေ မျက်စိကျတဲ့ သတင်းကတော့ အမေရိကန်ကိုယ်တိုင်က မြန်မာနိုင်ငံ အပါအဝင် အာရှနိုင်ငံတွေက ကျားဖြန့်ဂိုဏ်းတွေကို ပိတ်ဆို့ နှိမ်နင်း အလုပ်အဖွဲ့တရပ် အရေးပေါ်ဖွဲ့စည်းပြီး ခြေလှမ်းတွေ ပြင်လာတယ်ဆိုတာ ဖြစ်ပါတယ်။ အမေရိကန်ရဲ့ လက်တံထဲက ထိုင်းအစိုးရကို အမေရိကန်ကိုယ်တိုင်က ဖိအားပေးနေသလို ပြိုင်ဘက် တရုတ်နိုင်ငံကလည်း ကျားဖြန့်ဂိုဏ်းတွေကို ပြင်းပြင်းထန်ထန် အရေးယူလာချိန်ဖြစ်ပါတယ်။ တရုတ်အစိုးရက သူတို့နည်းသူတို့ဟန်နဲ့ လွန်ခဲ့တဲ့ နှစ်တွေကတည်းက ၁၀၂၇ စစ်ဆင်ရေးနောက်ခံကနေ မြန်မာပြည်တွင်းက တရုတ်ကျားဖြန့်တွေကို ဖြတ်တောက် နှိမ်နင်းနေရာကနေ မြန်မာစစ်ကောင်စီကို ပြန်လည်ဖိအားပေးနိုင် ကြိုးကိုင်လာနိုင်တဲ့ လက္ ခဏာတွေအဖြစ် မြန်မာပြည်တောင်ပိုင်းနဲ့ ထိုင်းနယ်စပ်က ကျားဖြန့်လုပ်ငန်းတွေကိုပါ ဖြတ်တောက် စီးနင်းမှုတွေ အရှိန်မြင့်လာပါတယ်။ ကျားဖြန့်ဂိုဏ်းတွေကို ရန်သူတွေအဖြစ် အရှေ့ကော အနောက်က အစိုးရတွေ ဆူပါပါဝါတွေက နှိမ်နင်းဖို့ လုပ်လာကြတဲ့အချိန်ကာလမှာ မြန်မာစစ်ကောင်စီ၏ ရွေးကောက်ပွဲခြေလှမ်းတွေက ပြည်တွင်းရေးသက်သက်အဖြစ်သာ နိုင်ငံတကာ၏ အာရုံစိုက်မှု ပေါ့ဆမသွားဖို့ လိုကြောင်း သုံးသပ်ကြတာလည်း ရှိပါတယ်။
စစ်အုပ်စုက သူတို့၏ ထွက်ပေါက်ရွေးကောက်ပွဲလို့ စိတ်တုံးတုံးချထားတာမို့ စစ်အာဏာရှင်တွေက သူတို့၏ အုပ်ချုပ်ရေး ဥပဒေပြုရေးပါဝါကို ခွဲဝေပြီး ဖြတ်သန်းရမယ့် ရွေးကောက်ပွဲကာလအလွန်မှာ သူတို့၏ စစ်ဗိုလ်ဟောင်းတွေ စစ်လက်အောက်ထွက် ကြံ့ဖွံ့ပါတီနဲ့သာ လက်တွဲဖို့သာ ဆုံးဖြတ်ထားပြီး ဖြစ်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ အဲသည်အတွက် စစ်ကောင်စီစိတ်တိုင်းကျ ရွေးကောက်ပွဲဝင်ကြမယ့် အရပ်သားတွေ ယခင် နိုင်ငံရေးပါတီထူထောင်ခဲ့သူတွေကို ရွေးကောက်ပွဲဝင်ခွင့် အပြည့်အ၀ ရှောရှောရှူရှူ မပေးသလို၊ ရွေးကောက်ပွဲတွေမှာလည်း အနိုင်ရခွင့်ပေးမှာ မဟုတ်ဘူးလို့ သုံးသပ်နိုင်ပါတယ်။ စစ်ကော်မရှင်၏ သဘောထားအပြင် လက်ရှိရွေးကောက်ပွဲဝင်ဖို့၊ အာဏာကို ခွဲဝေယူကြဖို့၊ ယခင် သိန်းစိန်ခေတ် ရွေးကောက်ပွဲတုန်းကလို အနိုင်ယူဖို့ ပြင်ဆင်ထားတဲ့ စစ်ဗိုလ်ဟောင်းတွေ စစ်အုပ်စုဘက်တော်သားတွေ ထောင်လွှားလာကြတဲ့ကာလကို မြင်နေကြရတယ်ဆိုနိုင်ပါတယ်။
မြန်မာပြည်သူအများစုကတော့ စစ်အာဏာရှင်အမြစ်ပြတ်ဖို့ စစ်ရေးအသာစီးနဲ့ စစ်အုပ်စုကို ရင်ဆိုင်ဖို့ဟာ လက်တွေ့ကျတဲ့ သဘောထားလို့ ရိုးရိုးရှင်းရှင်း မြင်ထားကြတာမို့ ယခု မြန်မာနိုင်ငံရေး စစ်ရေး မြင်ကွင်းကို အားမလို အားမရ ဖြစ်နေကြတာတော့ သေချာပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar