မောင်တူး - စုဖုရားလတ် ရဲ့ သံဝေဂ
မိုးမခ ၊ နိုဝင်ဘာ ၂၄ ၊ ၂၀၂၅
နေဝင်နီးမှ၊ သံဝေဂ များ
စုဖုရားလတ်၊ သူမသတ်ပါ
မင်းညီလျာပါး၊ ၈၀ အားကို
ပြည်သားပြည်သူ၊ အယူမှားကြ
"ဦးကောင်း" ကဖြင့် သိလိမ့်မည် တဲ့။ ။
နန်းကျဘုရင် သီပေါမင်းရဲ့ မိဖုရားခေါင်ကြီး စုဖုရားလတ်ဟာ သူကွယ်လွန်အနိစ္စမရောက်ခင် ၁၉၂၅ ခုနှစ်လောက်က ဗန္ဓုလဂျာနယ် သတင်းထောက်ကို ထူးဆန်းတဲ့ မေးခွန်းတခု မေးခဲ့သတဲ့။ စုဘုရားဟာ ၁၉၂၅ ခု နိုဝင်ဘာ ၂၄ က ကွယ်လွန်အနိစ္စ ရောက်ခဲ့တာပါ။ သူမ မေးခဲ့တာက . . . 'စုဖုရားကို တိုင်းသူပြည်သားများက မင်းသား မင်းသမီးတွေကို သတ်ပစ်တယ်လို့ အယူရှိနေကြတယ်ဆို။ ဟုတ်သလား' တဲ့ . . .
ဗန္ဓုလသတင်းထောက်က ဟုတ်မှန်ကြောင်း လျှောက်တဲ့အခါ ...
'တိုင်းသူပြည်သားတို့ ထင်မြင်ချက် မှားပေတယ်။ စုဖုရားဟာ မင်းသားတွေကိုမသတ်၊ ရွှေနန်းတက်စဉ်က စုဖုရားအသက် ၁၉ နှစ်မျှသာ ရှိသေးလို့ ကလေးစိတ်ပင် မကုန်သေးပါဘူးကွယ်'။ တဲ့ (မောင်သန်းဆွေ (ထားဝယ်) ရဲ့ ကုန်းဘောင်ရှင်းတမ်းစာအုပ် စာမျက်နှာ -၂၃)
စုဖုရားလတ်ဟာ အစဉ်အလာ ထီးနန်းထုံးစံကို ဆန့်ကျင်ပြီး သူတို့ရဲ့ ထီးနန်းအာဏာရယူမှုနဲ့ ကြောက်မက်ဖွယ် သွေးထွက်သံယို လူသတ်ပွဲကြီးတွေကို သူ့ရဲ့နေဝင်ချိန်ကျမှ ရန်ကုန်မှာ ရွှေတိဂုံစေတီကြီးနား စံနေရင်းက သံဝေဂတရားတွေ ရသွားခဲ့ရှာပါတယ်။
သီပေါနဲ့ စုဖုရားလတ်တို့ နန်းတက်ချိန် မဟာဆီ မဟာသွေးတွေကို သတ်ခဲ့တဲ့ကိစ္စကို ဆရာကြီးသခင်ကိုယ်တော်မှိုင်းနဲ့အဖွဲ့ လာရောက် ခစားတုန်းကလည်းထပ်မံ ပြောကြား ရှင်းလင်းခဲ့ပါသေးတယ်။
'အရှင်မိဖုရားခေါင်ကြီး အမိန့်တော်နဲ့ မင်းတုန်းမင်းတရားကြီးရဲ့ မိဖုရား၊ သားတော်၊ သမီးတော်၊ မြေးတော်တွေ အပေါင်းပါ ၈၀ ကျော်ကို သတ်ဖြတ်ခဲ့သည်ဆိုသည်မှာ မှန်ပါသလားဘုရား' လို့ လျှောက်တင်လိုက်တဲ့အခါ ...
'ဆရာလွန်းတို့ပြောလည်း ပြောစရာပါပဲ။ သည်သတင်းတွေက ဝါဒဖြန့်ကောင်းလို့ ပျံ့နှံ့နေပေတာကိုး၊ မောင်တော်ဘုရားနှင့် စုဖုရားတို့အပေါ် ပုစွန်ခေါင်းချေးပုံဆိုသလို လာပြီးပုံချနေကြတယ်။ အဲဒီအချိန်တုန်းက စုဖုရားက သက်တော် ၁၉ နှစ်၊ မောင်တော်ဘုရားက သက်တော် ၂၀ ကလေးအရွယ်ပဲရှိသေးတယ်။ နန်းတက်ကြဆိုလို့သာ မယ်တော်ဆင်ဖြူရှင်ဘုရားနဲ့ ဝန်ကြီးတွေ စီမံတဲ့အတိုင်း ပလ္လင်ပေါ် ထိုင်တော်မူကြရတာ၊ တိုင်းပြည် အုပ်ချုပ်ဖို့လည်း ဘာမှနားမလည်တော်မူကြပါဘူး။ နန်းတက်ပြီး ခြောက်လလောက်ကြာမှ မယ်တော် လောင်းရှည်ဘုရား သတင်းပေးတော်မူလို့ ဦးဆောင်တဲ့ လက်သုံးတော်ကြီးများ လုပ်တာလို့ ပြောတာပဲ။ ဦးကောင်း မသိဘဲ နေပါ့မလား' လို့ စုဖုရားလတ်က ထပ်မံ ဖြေရှင်းပါတယ်။ (မောင်သန်းဆွေ (ထားဝယ်) ရဲ့ ကုန်းဘောင်ရှင်းတမ်းစာအုပ် စာမျက်နှာစာ ၉၃ )
နှစ်သံဝေဂ
ပုဂံရာဇဝင် ဓားထမ်းပြောကြရတယ် ဆိုသလို ကုန်းဘောင်သမိုင်းဟာလည်း ငြင်းစရာတွေ တပုံကြီးပါ။ ကုန်းဘောင်နောက်ဆုံးဆက် သီပေါ စုဘုရားလတ်တို့ နန်းသိမ်းအောင်ပွဲခံကြချိန်မှာ မင်းညီမင်းသား မြေး မြစ် ၈၀ သတ်ခဲ့တာ တရားခံဘယ်သူလဲ။ သံဝေဂနဲ့ စုဖုရားငြင်းနေခဲ့တယ်။ စုဖုရားကတော့ နောက်ဆုံးအချိန်မှာ သံဝေဂ ရသွားပါရဲ့။ ရာဇာ့အာဏာ ဂုဏ်ရှိန်တွေ မောက်ခဲ့တုန်းကတော့ တမျိုးပါ။ ပါတော်မူပြီး ရတနာဂီရိကနေ ရန်ကုန်မှာ နေဖို့ ပြန်ထားခံရတဲ့ နောက်ဆုံးအချိန်မှာ အခုလို သံဝေဂတွေ ရသွားတာပါ။ ဒါက လွန်ခဲ့တဲ့ ၁၄၆ နှစ် အကြာက ဖြစ်ပွားခဲ့တဲ့ သမိုင်းဆိုးကြီးပါ။ ကျမတို့ မင်းသား ၈၀ ကို မသတ်ပါဘူး။ သတ်သူတွေကို ဦးကောင်းတို့ သိပါလိမ့်မယ်ဆိုတာမျိုး လွန်ခဲ့တဲ့ ၆၃ နှစ်က ၇ ဇူလိုင် ကျောင်းသားသမဂ္ဂ အဆောက်အဦကြီးကို ဗုံးခွဲခဲ့တဲ့ ကိစ္စမှာလည်း ဦးနေဝင်းနဲ့ ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီးတို့ တယောက်ကို တယောက် လွှဲချနေခဲ့ကြတာပါ။ သံဝေဂ ရစရာပါ။ ဦးနေဝင်းရဲ့ သံဝေဂနဲ့ စုဘုရားရဲ့ သံဝေဂ နှစ်သံဝေဂ အကြားမှာ နှစ်တွေ ခေတ်တွေ မတူကွာခြားပေမဲ့ အာဏာရှင်တွေရဲ့ သံဝေဂခြင်းကတော့ အတူတူပါပဲ။ နောက်လာဦးမယ် မင်းအောင်လှိုင်တို့ရဲ့ သံဝေဂတွေ။ ကျနော်တို့က အထက်က ခိုင်းလို့ လုပ်ရတာပါ။ ကျနော်တို့ အပေါ်က တာဝန်ရှိသူတွေက မသိပါဘူး။ အောက်ခြေက လုပ်တာပါဆိုတဲ့ အသံတွေက အခုတောင် ကြားနေရပြီလေ။ အော် သံဝေဂတွေ။ သံဝေဂတွေ။
စုဘုရားလတ်
"ဗီဒိုပေါ် မောင်နှံတင်လို့
ဆောင်ပျံရှင် ဇာတာနွမ်းလို့
မြန်းရရှာလေပြီ။
သမ္ဘာအလီလီ တအားယုတ်စေဖို့
အာဠဝီတံခါးက ထုတ်လို့
ရာဇသမုတိကို ဆောင်သည်။
မဟာမုနိကိုတောင် ဖူးမျှော်ချင်ရက်ကယ်နဲ့
ဦးတော် မတင်ရရှာလေပြီ"။ ။
စုဘုရားလတ်ဟာ မြန်မာပြည် ပဒေသရာဇ် သက်ဦးဆံပိုင်စနစ် နောက်ဆုံးဘုရင် (သီပေါမင်း)ရဲ့ မိဘုရားခေါင်ကြီးဖြစ်သလို ကုန်းဘောင်ခေတ်ရဲ့ နောက်ဆုံး အဂ္ဂမဟေသီပါ။ မြတောင်မြို့ကို စားရလို့ မြတောင်မင်းသမီးလို့လည်း ခေါ်ကြတယ်။ အသက် ၁၉ နှစ် ထီးနန်းစံရပြီး နန်းမတော်အရှင် မိဘုရားခေါင်ကြီးအဖြစ် ၇ နှစ်ပတ်လုံး အတိုင်းအဆမရှိ အာဏာနဲ့ စံစားခဲ့ရတယ်။ နန်းကျပြီး သက်တော် ၂၆ နှစ်ကနေ နတ်ရွာစံတဲ့ သက်တော် ၆၆ နှစ်အထိ နှစ်ပေါင်း ၄၀ တိတိ စိတ်ဆင်းရဲခြင်း၊ ကိုယ်ဆင်းရဲခြင်းနဲ့ နေသွားရတယ်။ ရာဇဂုဏ်မောက်ခဲ့သူတွေဟာ ပါတော်မူချိန်မှာ နန်းတော်ကနေ မြစ်ဆိပ်ကို ဘီဒိုလှည်းနဲ့ပဲ သွားခဲ့ရပါတယ်။ စုဘုရားလတ်ဟာ သီပေါဘုရင်နဲ့ မေတ္တာမျှခဲ့တဲ့ အရပ်သူ ဒိုင်းခင်ခင်ကို ဖမ်းသတ်ခဲ့တယ်။ အလားတူ သီပေါက အရေးပေးတဲ့ ရန်နောင် မောင်မောင်တုတ်ကိုလည်း သတ်ဖြတ်ခဲ့တယ်။ စုဘုရားဟာ လင် သီပေါကို နိုင်ပြီး မြန်မာ့သမိုင်းမှာ မြန်မာ့နန်းဆက်ပျောက်ခဲ့ရတဲ့ တာဝန်ရှိသူတဦးအဖြစ် မြင်ခဲ့ကြတယ်။ အဆိုးဆုံးကတော့ သူတို့ နန်းသိမ်းခွင့် ရဖို့အရေးမှာ မင်းညီမင်းသား မင်းသမီး မြေး မြစ် ၈၀ အသတ်ခံရမှုပါ။
ရတနာပုံနန်းတွင်း အစုလိုက် လူသတ်ပွဲ
မှတ်တမ်းတွေအရ ၁ အောက်တိုဘာ၊ ၁၈၇၈ မင်းတုန်းမင်းကြီး နတ်ရွာစံချိန်နောက်ပိုင်း ရတနာပုံနန်းတွင်း အစုလိုက် လူသတ်ပွဲ ဖြစ်ခဲ့တာပါ။ မင်းတုန်းမင်းကြီးရဲ့ ညီတော် အိမ်ရှေ့စံ ကနောင်မင်းသား လုပ်ကြံခံရပြီးနောက် ဘယ်သားတော်ကိုမှ နန်းလျာ (အိမ်ရှေ့မင်း) အဖြစ် ရွှေးချယ်ခဲ့တာ မရှိတော့ပါဘူး။ ဒါကြောင့် မင်းတုန်းမင်းကြီး နောက်ဆုံးအချိန်မှာ သီပေါကို နန်းတင်ချင်တော့ ကျန်မင်းသားတွေကို သတ်တော့တာပေါ့။ သေအံမူးမူး နတ်ရွှာလားခါနီး မင်းတုန်းမင်းကြီးက သားတော်တွေကို တွေ့လိုဇောနဲ့ ခေါ်တယ်တဲ့။ မင်းညီမင်းသားတွေကို စုရုံးစေပြီး စုဖုရားလတ်ရဲ့ အမေ ဆင်ဖြူမရှင်မိဖုရားကြီးရဲ့ ခါးပိုက်ဆောင်တပ်တွေက ဖမ်းဆီးချုပ်နှောင်ပါတယ်။ ဆင်ဖြူမရှင်က သမီးတော်စုဖုရားနဲ့ ရည်ငံနေတဲ့ စိတ်တိုင်းကျ ကြိုးဆွဲရာလည်း ကမယ့် သီပေါကို နန်းတင်မယ်ပေါ့။ ၁၂၄၀ ခု တပိုတွဲလ သုတ်သင် ကွပ်မြက်ခြင်း ခံခဲ့ရသူတွေထဲမှာ သုံးဆယ်မင်းသား၊ ပင်လယ်မင်းသား၊ ပင်းယမင်းသား၊ မက္ခရာမင်းသား၊ မဘိမ်းမင်းသား ကြင်ယာတော် ကန္နီမင်းသမီး၊ ညောင်ရမ်းမင်းသားရဲ့ ကြင်ယာတော်၊ မဘဲမြို့စားမင်းသမီး၊ ရနောင်မင်းသားနဲ့ ကြင်ယာတော် ကြံညှပ်မင်းသမီး၊ ရွှေကူမင်းသား နဲ့ ကြင်ယာတော် ဆင်ရှင်မင်းသမီး၊ လင်ပန်းတိုက်စား မိဖုရား၊ သက်ပန်းမိဖုရား၊ ကသာမင်းသား၊ ပထမ မြောက်ဆောင်တော်မိဖုရား၊ ရေပွဲတိုက်စား မိဖုရား၊ သားတော်ဝန်းသိုမင်းသား၊ ထီးလှိုင်တိုက်စားမိဖုရား၊ သားတော်မိုင်းတုံမင်းသား၊ သားတော်သာဂရ မင်းသား၊ သိန္နီမိဖုရား သားတော်၊ မိုင်းရယ်မင်းသား၊ သရစိမ်းရွှာစား မိဖုရား သားတော်၊ ငါးရာနဲမင်းသား၊ အိမ်ရှေ့စံ ကနောင်မင်းသားတော် ထနီးတပင်မင်းသားတို့ကို ဦးစွာသုတ်သင်ပြီး ကျန် မင်းတုန်းမင်း သားတော် သမီးတော်တွေရဲ့ တူတော်၊ မြေးတော်တွေကို ညလုံးပေါက် ဆက်လက် သုတ်သင်ခဲ့ပါတယ်လို့ မှတ်တမ်းတွေအရ သိရတယ်။ အဲ့သည်နေ့ကတော့ ၁၂၄၀ ခု တပိုတွဲလပြည့်ကျော် ၁၁ ရက်နေ့ပါ။ ဒီဖြစ်ရပ်ကြီးကို စုဖုရားလတ်က သူ့ရဲ့နောက်ဆုံးအချိန် နီးကာမှ သံဝေဂရတာပါ။
စစ်အာဏာရှင်တွေရဲ့ သံဝေဂ
ဗိုလ်ချုပ်ကြီးနေဝင်းက ၁၉၉၅ ခုနှစ် ဇူလိုင်လမှာ ဦးချစ်လှိုင် (ကိုကိုမောင်ကြီး) ကို အောက်ပါသံဝေဂစား ပြောခဲ့ပါသတဲ့။
“ကိုယ့်အနေနဲ့ ဒီသံသရာတရားတွေ၊ သင်္ခါရတရားတွေ၊ အနိစ္စ အနတ္တ တရားတွေကို ဒီနေ့သိမြင်သလိုများ ဟိုတုန်းက သိထားခဲ့မယ်ဆိုရင် ၁၉၆၂ ခုနှစ် မတ်လက ကိစ္စကို ကိုယ်မလုပ်ခဲ့ပါဘူး" ဆိုတာပါပဲ။ ဦးနေဝင်းဟာ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ကတိအတိုင်း လုပ်ပေးမယ်လို့ ပြောနေတဲ့ ဗိုလ်စောမောင်ကို ဖြုတ်ပြီး သူ ခိုင်းတဲ့အတိုင်းလုပ်မယ့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ကာချုပ်ခန့်ခဲ့ပါတယ်။ ဗိုလ်သန်းရွှေဟာလည်း ဦးနေဝင်းဟာ ကျေးဇူးရှင်ဆိုပြီး ခွင့်မလွှတ်ခဲ့ပါဘူး။ ဦးနေဝင်း အာဏာစက် လျော့လာချိန်မှာ သူ့အကျိုးစီးပွားကို ထိလာချိန်မှာ သူ့ကျေးဇူးရှင် ဦးနေဝင်းကိုတောင် ပြန်ရန်ရှာခဲ့တာပါပဲ။ ဦးနေဝင်းရဲ့ နောက်ဆုံးနေ့များကို ကြည့်ပါ။ သံဝေဂတွေ နောင်တတွေနဲ့ အဆုံးသတ်သွားခဲ့ရတာပါပဲ။ ဒါကြောင့်လည်း နောက်ဆုံးအချိန်နီးလာခါနီးမှာ ဦးနေဝင်းက "တရားသဘောတွေကို အရင်က နားလည်ခဲ့ရင် ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့ အာဏာမသိမ်းခဲ့ပါဘူးလို့" သံဝေဂစကားပြောခဲ့တာပါ။ ဒါ့ထက် ဆိုးတာတွေ ဦးနေဝင်း ကြုံခဲ့ရပါသေးတယ်။ "ငါမသေခင်တော့ ငါ့မြေးတွေကို ဘာမှမလုပ်ကြပါနဲ့ကွာ" ဆိုတဲ့ ဦးနေဝင်းရဲ့စကားသံကိုလည်း ပြည်သူတွေ ပြန်ကြားခဲ့ကြရပါတယ်။ နောက်ဆုံး ဦးနေဝင်း ၂၀၀၂ ခုနှစ် ဒီဇင်ဘာ ၅ ရက်နေ့ သေဆုံးပုံ၊ ဈာပနကို လူအနည်းအကျဉ်းနဲ့ အကျဉ်းချုံးသာ လုပ်ခွင့်ရခဲ့ပုံတွေဟာ သံဝေဂ တရားတွေပါပဲ။ အလားတူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကော ဘာထူးလို့လဲ။ ဦးနေဝင်းကို သူ လုပ်ခဲ့သလို အခုလည်း သူမွေးတဲ့ မျောက် မအလက သူ့ကို ပြန်ခြောက်နေပြီလေ။ မင်းအောင်လှိုင်လည်း ဘာထူးလို့လဲ။ "အခုလို PDF တွေ ပေါ်လာမယ် မထင်မိလို့ အာဏာသိမ်းခဲ့မိတာပါ" ဆိုတဲ့ အသံက ပြည်သူတွေ ပြန်ကြားနေရပါပြီ။ စုဘုရားရဲ့ သံဝေဂ၊ ဗိုလ်ချုပ်ကြီးတွေရဲ့ သံဝေဂ။
စုဘုရား၏နောက်ဆုံးခရီး
အိန္ဒိယမှာ သီပေါဘုရင်ဟာ ၃၁ နှစ် နေထိုင်ခဲ့ပြီး အသက် ၅၈ နှစ် ၁၉၁၆ ဒီဇင်ဘာမှာ ဆီးချိုရောဂါနဲ့ နတ်ရွာစံခဲ့တယ်။ စုဘုရားလတ် မြန်မာပြည် ပြန်လာခွင့်ရခဲ့ပြီး သာမန်အရပ်သူဘဝနဲ့ နေထိုင်သွားခဲ့ရရာမှာ သီပေါဘုရင်ကွယ်လွန်ပြီး ကိုးနှစ်ကြာ ၁၉၂၅၊ နိုဝင်ဘာမှာ ကွယ်လွန်အနိစ္စ ရောက်ခဲ့တယ်။
စုဘုရားလတ် ကွယ်လွန်တဲ့အခါ မန္တလေးကို ယူဆောင်သင်္ဂြိုဟ်ခွင့်တောင်းရာ အင်္ဂလိပ်တို့က ခွင့်မပြုခဲ့ပါ။ အခုအခါ စုဘုရားလတ်ရဲ့ သင်္ချိုင်းကို ရွှေတိဂုံဘုရား တောင်ဘက်ရှိ ကန်တော်မင်ပန်းခြံထဲမှာ တွေ့မြင်နိုင်ပါတယ်။
ကုန်းဘောင်ခေတ်ကာလက အဘွားဖြစ်သူ နန်းမတော်မယ်နု၊ အမေဖြစ်သူ ဆင်ဖြူမရှင်နဲ့ မြေး စုဘုရားလတ်တို့ဟာ ထက်မြက်တဲ့ မဟေသီ၊ ဒေဝီ၊ ဧကရီတွေ ဖြစ်ခဲ့ကြပါတယ်။ သမိုင်းကို ပြန်ကြည့်ရင် စုဘုရားလတ် သီပေါဘုရင် မိဘုရားခေါင်ဖြစ်လာချိန်က နန်းတွင်းရေးရာတွေနဲ့ ပြည်တွင်းပြည်ပ ကိစ္စရပ် အများအပြားကို ပါဝင်လုပ်ဆောင်ဖို့ အတွေ့အကြုံ အရမ်းနုနယ်ချိန်ပါ။ ကိုယ့်အကျိုးစီးပွားကိုသာ မြင်ပြီး ပတ်ဝန်းကျင် မြှောက်ထိုး သွေးထိုးတာကို အလွယ်တကူယုံကြည်တဲ့ သတိ မရှိသူလည်း ဖြစ်ခဲ့တာပေါ့။ ပညာရှိ လူကြီး သူမတွေအပြင် မိခင် စကားကိုပါ မနာယူခဲ့ပါ။ ဘုရင့်မဟေသီဂုဏ်နဲ့ နန်းဓလေ့စည်းကမ်းတွေကို ချိုးဖောက်ပြီး၊ အလိုရမ္မက်ကြီး ကျေးဇူးမသိတတ်တဲ့ စုဘုရားလတ်ဟာ ကမ္ဘာ့သမိုင်းနဲ့ ယှဉ်လာရတဲ့အခါ လက်ညှိုးထိုးရာ ရွှေမဖြစ်လာရုံတင်မက မိမိနဲ့ ကြင်ရာတော် သီပေါမင်း အပါအဝင် တိုင်းပြည်တခုလုံးကို နယ်ချဲ့လက် ပုံအပ်ခဲ့ရတဲ့ အခြေအနေပါ။
စုဘုရားလတ်ဟာ မြန်မာပြည် ရာဇဝင်သမိုင်းကြောင်းမှာ သူမရဲ့ အတ္တ၊ မာန တွေကြောင့် မြန်မာပြည်ကို နယ်ချဲ့လက် ကျရောက်စေခဲ့သူအဖြစ် မော်ကွန်းရေးထိုး ခံခဲ့ရသူလို့ ဆိုရမှာပါ။ မြန်မာပြည် နောက်ဆုံးမိဘုရားခေါင် ဖြစ်ခဲ့သူ စုဘုရားရဲ့ သမိုင်းကြောင်းကို အတော့်ကို ဆိုးဆိုးရွားရွား တွေ့မြင်ရတာပါ။
စုဘုရားလတ် ကွယ်လွန်ခြင်း နှစ် ၁၀၀ ပြည့်
၁၉၂၅ နိုဝင်ဘာလ ၂၄ ရက်က ကွယ်လွန်ခဲ့တဲ့ မြန်မာမင်းဆက် နောက်ဆုံး မိဖုရားခေါင်ကြီး စုဘုရားလတ်ဟာ အခု ၂၀၂၅ နိုဝင်ဘာ ၂၄ မှာ သူ့ကွယ်လွန်ခြင်း နှစ် ၁၀၀ ပြည့်ပြီပေါ့။ ဒါပေမဲ့လည်း သူမရဲ့ နာမည်ဆိုးကတော့ မြန်မာပြည်သူတွေကြားမှာ ကျယ်လောင်မြည်ဟည်းနေတုန်းပါ။ သမိုင်းကောင်းခဲ့ကြသူတွေဆို မိန်းမဖြစ်ဖြစ် ယောကျ်ားဖြစ်ဖြစ် ပြည်သူက သမိုင်းကောင်းသူတွေလို့သာ မှတ်တမ်းတင်ကြလေ့ရှိပါတယ်။ ဆိုးကြသူတွေကိုလည်း လူဆိုးလူမိုက်တွေလို့သာ သိနေကြတာပါ။ အခုဆိုရင် စုဘုရားလတ်ရဲ့ သံဝေဂလိုမျိုး လက်ရှိ စစ်အာဏာသိမ်း စစ်တပ် ခေါင်းဆောင်တွေလည်း ကြုံနေကြရပြီ။ စာသင်ကျောင်းတွေကို လေယာဉ်ဗုံးနဲ်ကြဲတာမဟုတ်ပါဘူး။ စာသင်ကျောင်းထဲက သူ့ဘာသာသူ ပေါက်ကွဲတာပါ ဆိုတာမျိုးတွေ ဗြောင်လိမ်နေကြပါပြီ။ ပြည်သူများမှာ နားနဲ့မျက်စေ့ ရှိပါသည် ဆိုသလိုမျိုး ဒီခေတ်မှာ လိမ်လို့ မရတော့ပါ။ ပြည်သူဟာ စကားသာ မပြောရင်နေမယ်။ အကုန် မှတ်တမ်းတင် ထားကြပါပြီ။ ၈၈ ကလိုမျိုး ကင်မရာတလုံးရဖို့ ငွေအများကြီး ပေးဝယ်ရမယ့်အချိန် မဟုတ်တော့ပါ။ ၈၈ က အချိုးမျိုးတွေ ၂၁ မှာ လာချိုးလို့ မရတော့ပါ။ စုဘုရားရဲ့ သံဝေဂမျိုး၊ ဦးနေဝင်းရဲ့ သံဝေဂမျိုး နောင်တ သံဝေဂတွေ ထပ်ထပ် မရကြစေဖို့ စစ်အာဏာရှင်တွေ သတိရှိကြဖို့ပဲ လိုပါတော့တယ်။ ။
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar