Breaking News

နိုင်မွန်အောင်သွင် - ပျော်ပွဲ

 

Art - SKB 

ပျော်ပွဲ
နိုင်မွန်အောင်သွင် 
(မိုးမခ) နိုဝင်ဘာ ၃၀၊ ၂၀၂၅

ပင်လယ်က နေထိုင်မကောင်းတဲ့အခါ
လှိုင်းတွေပါ နာကျင်စွာငြိမ်သက်။

တောင်တန်းတွေအတွက်
ခက်ခဲလှတဲ့နေ့ရက်တွေမို့
တိမ်တွေတောင်
ဟန်ဆောင်ပြီး ဝန်းရံမနေခဲ့ကြဘူး။

သစ်ပင်က ဖျားနာနေတယ်၊
သစ်ရွက်တွေက
လေတိုက်ရင်တောင်
မလှုပ်ခတ်သင့်တာနားလည်တယ်။

အေး
ငါတို့မြို့ပြတွေပေါ့။
ပျော်ပွဲရွှင်ပွဲတွေက တခြိမ့်ခြိမ့်နဲ့။

နံရံတွေမှာတော့
ရာဇဝင်ဟာ
အက်ကွဲကြောင်းတွေစုဖွဲ့လျှက်
အရှက်တကွဲ အသက်လုနေရတယ်။

၃၀. ၁၁.၂၀၂၅

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar