Breaking News

NUCC က တိုင်းရင်းသားလက်နက်ကိုင် ၂ ဖွဲ့ ယာယီရပ်နား

မြန်မာနွေဦးခရိုနီကယ် - နိုဝင်ဘာ ၁၈ မြင်ကွင်း

(မိုးမခ) နိုဝင်ဘာ ၁၉၊ ၂၀၂၅


NUCC က တိုင်းရင်းသားလက်နက်ကိုင် ၂ ဖွဲ့ ယာယီရပ်နား 

နွေဦးတော်လှန်ရေး အစကာလ အမျိုးသားညီညွတ်ရေး အစိုးရ ပေါ်ထွက်မလာခင် စတင်ဖွဲ့စည်းခဲ့တဲ့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ National Unity Consultative Council က နေ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၂ ဖွဲ့ဖြစ်တဲ့ KNPP (ကရင်နီအမျိုးသားတိုးတက်ရေးပါတီ) KNU (ကရင်အမျိုးသား အစည်းအရုံး) တို့ ယာယီရပ်နားတယ် ဆိုတဲ့ သတင်းတွေ နိုဝင်ဘာလ ၁၈ ရက်နေ့မှာ ပေါ်ထွက်လာခဲ့ပါတယ်။ 

အခုလို နုတ်ထွက်တယ် ဆိုတဲ့ သတင်းထွက်ပေါ်မှုနဲ့ ပတ်သက်လို့ အွန်လိုင်း သတင်းဌာနတခုဖြစ်တဲ့ THN Freelance Journalist က KNPP အဖွဲ့ရဲ့ အတွင်းရေးမှူးဖြစ်သူ ဦးအောင်ဆန်းမြင့်ကို ဆက်သွယ်မေးမြန်းပြီး အတည်ပြု ထားတာတွေ့ရပါတယ်။ ဒီသတင်းက နိုင်ငံရေး၊ စစ်ရေး အနေအထားတွေ အရ အားနည်းနေတဲ့ နွေဦးတော်လှန်ရေး လှုပ်ရှားမှုကို သက်ရောက်မှု တခု ဖြစ်စေနိုင်ပါတယ်။

NUCC အဖွဲ့က ၂၀၂၁ ခုနှစ် မတ်လ ၈ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဏ် (အလွယ်အားဖြင့် ဖက်ဒရယ်ချာတာဟု ခေါ်ဆို) တဲ့ အနာဂတ်ပြည်ထောင်စု မြန်မာနိုင်ငံ ဖက်ဒရယ်မူဝါဒ ကြေညာချက်ကို မတ်လ နောက်ဆုံးပတ်မှာ ထုတ်ပြန်ကြေညာခဲ့ကြပါတယ်။ NUCC ကို ဖွဲ့စည်းရာမှာ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ CRPH၊ တော်လှန်ရေး လက်နက်ကိုင် အဖွဲ့အစည်း၊ ပြည်နယ်/ဖက်ဒရယ်ယူနစ် အခြေပြုနဲ့ လူမျိုးအခြေပြု အတိုင်ပင်ခံကောင်စီများ၊ စစ်အာဏာသိမ်းမှု လက်မခံတဲ့ နိုင်ငံရေးပါတီ၊ နွေဦးတော်လှန်ရေး အင်အားစုတွေ ဖြစ်တဲ့ သပိတ်ကော်မတီ၊ အမျိုးသမီးအဖွဲ့အစည်း၊ အရပ်ဖက်လူမှု အဖွဲ့အစည်း စတဲ့ နယ်ပယ်တွေကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းပေါင်း ၂၈ ဖွဲ့ က ကိုယ်စားလှယ် ၅၆ ဦးနဲ့ ကနဦး ဖွဲ့စည်းခဲ့တာပါ။ 

ပါဝင်တဲ့ အဖွဲ့အစည်းတွေမှာ ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ကိုယ်စားလှယ် အများစုပါဝင်တဲ့ CRPHလို လွှတ်တော်အဖွဲ့အစည်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းလို လက်နက်ကိုင် အဖွဲ့အစည်း၊ နိုင်ငံရေးပါတီ၊ CSO လို့ ခေါ်ဆိုတဲ့ အရပ်ဖက်အဖွဲ့အစည်းနဲ့ ကြားကာလ ပြည်နယ်/ဖက်ဒရယ်ယူနစ် အုပ်ချုပ်ရေး အဖွဲ့တွေ ဆိုပြီး သဘောသဘာဝ မတူညီတဲ့ အဖွဲ့အစည်းတွေ ပါဝင်နေခဲ့တာ ဖြစ်ပါတယ်။ 

အဖွဲ့အရေအတွက် တခုကို ဘယ်နှဦးဆိုတဲ့ သဘောမျိုး သတ်မှတ်ပါဝင် တာမျိုးမဟုတ်ပါဘူး။ အဖွဲ့တဖွဲ့ချင်းရဲ့ သတ်မှတ်ကိုယ်စားလှယ်အရေအတွက် ဆိုတာထက် အဖွဲ့အစည်း အရွယ်အစား၊ ကိုယ်စားပြုမှုတွေ ကို ထည့်သွင်းစဥ်းစားပြီး ကိုယ်စားလှယ်ဦးရေ သတ်မှတ်တဲ့လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ 

ကနဦးဖွဲ့စည်းစဥ် ၅၆ ဦးနဲ့ ဖွဲ့စည်းခဲ့ပေမယ့် နောက်ပိုင်း ပြန်လည်ဖွဲ့စည်းရာမှာတော့ ၆၁ ဦး ပါဝင်တယ်လို့ ကြေညာထားပြီး အချို့သောကောင်စီ အဖွဲ့ဝင်၊ အဖွဲ့အမည်တွေကို လုံခြုံရေးအရ ထည့်သွင်းထားခြင်း မရှိဘူးလို့လည်း မှတ်ချက်ဖေါ်ပြထားတာ တွေ့ရပါတယ်။ 


နွေဦးတော်လှန်ရေး အစပိုင်းမှာတော့ NUCC ဟာ နွေဦးတော်လှန်ရေး လှုပ်ရှားမှုမှာ နိုင်ငံရေးအရ အမြင့်ဆုံးသော အဖွဲ့အစည်း လို့ နားလည်ရပြီး အမျိုးသားညီညွတ်ရေး အစိုးရ ကို NUCC က ကမကထပြု ဖွဲ့စည်းပေးခဲ့တဲ့ သဘောလို့လည်း နားလည်ကြပါတယ်။ NUCC မှာ ၂၀၂၀ ရွေးကောက်ပွဲက လွှတ်တော်ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တွေ နဲ့ အရပ်ဖက် အဖွဲ့အစည်း၊ သပိတ်ကော်မတီတွေက အဓိက အားကောင်းတဲ့ အင်အားစုတွေ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁ ဒါဇင် မကရှိကြပေမယ့် အင်အားကောင်းတဲ့ အဖွဲ့အစည်းက ၁ ဒါဇင်အောက်မှာပဲ ရှိပါတယ်။ NUCC စတင်ဖွဲ့စည်းခါစ ကာလမှာ တော်လှန်ရေးလက်နက်ကိုင် ၈ ဖွဲ့ပါဝင်တယ်လို့ ထုတ်ဖေါ်ပြောဆိုထားပေမယ့် အချို့သောအဖွဲ့တွေရဲ့ နာမည်ကို ထုတ်ဖေါ်ပြောဆိုခဲ့ခြင်း မရှိတာလည်း တွေ့ရပါတယ်။ 

အမည်နဲ့ တကွ ဖေါ်ပြထားတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကတော့ အခု ရပ်နားတဲ့ ၂ ဖွဲ့ဖြစ်တဲ့ KNU , KNPP နဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားဒီမိုကရက်တစ်တပ်ဦး ABSDF တို့ပဲ ဖြစ်ပါတယ်။ ကျန် အမည်မဖေါ်တဲ့ အဖွဲ့ ၅ ဖွဲ့က ဘယ်လက်နက်ကိုင် အဖွဲ့တွေလည်း ဆိုတာတော့ မသိရှိနိုင်ပဲ၊ အခုအချိန်မှာ ဆက်လက်ပါဝင်နေသေးသလား ရပ်နားထားကြလား ဆိုတာ ရှင်းရှင်းလင်းလင်း မသိရှိရပါဘူး။ 

NUCC ရဲ့ အခန်းကဏ္ဍက ဘာလဲ၊ ၄င်းရဲ့ တာဝန်ဝတ္တရားတွေက ဘာလဲ ဆိုတာ တိတိပပ သတ်မှတ်ပြဌာန်းထားတာ မရှိသော်လည်း ပြည်သူ့ညီလာခံ ၆ လတကြိမ်ကျင်းပဖို့ ဆုံးဖြတ်ခဲ့ကြပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလ မှာ ပထမအကြိမ် ပြည်သူ့ညီလာခံကို ကျင်းပခဲ့ပါတယ်။ အဲဒီနောက် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းမှာ ဒုတိယအကြိမ် ပြည်သူ့ညီလာခံ ကျင်းပခဲ့တာတွေ့ရပါတယ်။ 

ဒီကာလတွေအတွင်းမှာပဲ CRPH အနေနဲ့ NUCC မှာ ပါဝင်မှု ရပ်နားခဲ့တာ NLD ပါတီကလည်း NUCC မှာပါဝင်မှု ရပ်နားခဲ့တဲ့ အဖြစ်အပျက်တွေ ဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်။ NUCC ဟာ အမျိုးအစား ၅ မျိုးကို အခြေခံစုစည်းထားတဲ့ အဖွဲ့တွေရဲ့ အထက်က နိုင်ငံရေးအရ ဦးဆောင်မှု အဖွဲ့အစည်းလား သို့မဟုတ် အမျိုးသားညီညွတ်ရေး အစိုးရနဲ့ အဆင့်တူ ဘေးတိုက် ဆက်ဆံတဲ့ အဖွဲ့အစည်းလား ဆိုတဲ့ အမြင်တွေလည်း ပေါ်ထွက်လာခဲ့သလို NUCC အတွင်းမှာ အရပ်ဖက်အဖွဲ့အစည်း၊ သပိတ်ကော်မတီတွေ ရဲ့ ရှုမြင်ပုံနဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ရှုမြင်ပုံ ကွာဟမှုတွေ ရှိနေတဲ့ လက္ခဏာတွေ ဝေဖန်ပြောဆိုမှုတွေလည်း ပေါ်ထွက်နေခဲ့တာ ဖြစ်ပါတယ်။ 

စစ်အာဏာရှင်ရဲ့ နိုင်ငံရေး ကစားကွက်ဖြစ်တဲ့ အတုအယောင် ရွေးကောက်ပွဲကို ပျက်ပြယ်ဖို့ နိုင်ငံရေးနည်းလမ်းအရ ကြိုးပမ်းနေကြရတဲ့ကာလ၊ နိုင်ငံတဝှမ်းမှာ ခံစစ်ကနေ ထိုးစစ်အနေအထားကို တစတစပြန်ရောက်လာနေတဲ့အပေါ် စစ်ရေး အရ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိလာဖို့ ကြိုးပမ်းနေကြရတဲ့ အခြေအနေမျိုးမှာ တော်လှန်ရေး အင်အားစုတွေဘက်မှာ အခုလို စုစည်းထားတဲ့ အဖွဲ့တွေ ပြေလျော့လာခြင်းဟာ အားလျော့စရာ လက္ခဏာတွေ ဖြစ်ပါတယ်။ 

တော်လှန်ရေးကာလ အချိန်ကြာလာတာနဲ့အမျှ အစကနဦးကာလတွေက ပူးပေါင်းဆောင်ရွက်မှုတွေ ဖွဲ့စည်းမှုတွေက လျော့လျဲလာတဲ့သဘောလား သို့မဟုတ် အခြေအနေတွေ ပြောင်းလဲလာတဲ့ အလျောက် စုဖွဲ့မှု အသစ်တွေ လိုအပ်လာတာလား ဆိုတာ ကောက်ချက်ချရန် ခက်ခဲတဲ့ အနေအထားဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေ ငြိမ်းချမ်းရေး ဖြစ်စဥ်တွေ တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင် အဖွဲ့တွေအကြား စုဖွဲ့မှုတွေကို ပြန်ကြည့်ရင်လည်း စုဖွဲ့ထားတဲ့ အဖွဲ့တွေ ပေါ်ထွက်လာလိုက် နှစ်အနည်းငယ်အကြာမှာ အချို့က စွန့်ခွာသွားလိုက် ဖြစ်ပျက်ခဲ့တာ တွေတွေ့ရပါလိမ့်မယ်။  ၂၀၁၁ ခုနှစ်တွေမှာ UNFC လို့ ခေါ်တဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ ဆိုတဲ့အဖွဲ့က အားကောင်းခဲ့ပါတယ်။ ၂၀၁၁/၂၀၁၂ ဦးသိန်းစိန်အစိုးရရဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ မတိုင်ခင် ကာလ မြန်မာနိုင်ငံ တောင်ပိုင်းနဲ့ အနောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်တွေ စုဖွဲ့မှုဖြစ်ပြီး ဦးသိန်းစိန် အစိုးရရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုရလဒ်တွေ အတိုင်းအတာတခုထိ အကောင်အထည်ပေါ်လာတဲ့ကာလ ၂၀၁၅ မှာ UNFC ကို ထားခဲ့ကြပြီး PPST Peace Process Steering Team ကို ဖွဲ့စည်းခဲ့ကြတာ ဖြစ်ပါတယ်။ 

အဆိုပါကာလတွေမှာပဲ မြန်မာနိုင်ငံ အရှေ့မြောက်ဒေသက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက FPNCC လို့ အတိုကောက်ခေါ်ဆိုတဲ့ ဖက်ဒရယ်နိုင်ငံရေး တိုင်ပင်ဆွေးနွေးမှု ကော်မတီကို ဖွဲ့စည်းခဲ့ကြပါတယ်။ အဆိုပါ အဖွဲ့မှာ တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့ပါဝင်ပြီး ဝ လက်နက်ကိုင် တပ်ဖွဲ့က ဦးဆောင်တာ ဖြစ်ပါတယ်။ ဒီအဖွဲ့က မြန်မာနိုင်ငံ အရှေ့မြောက်ဒေသက လက်နက်ကိုင် အဖွဲ့တွေကို စုစည်းထားပြီး မြန်မာအစိုးရ၊ တပ်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေအတွက် စုဖွဲ့မှုတခု ဖြစ်ပါတယ်။ 

သို့ပေမယ့် ၂၀၂၁ ခုနှစ်နောက်ပိုင်း FPNCC စုဖွဲ့မှုက အားမကောင်းတာ သို့မဟုတ် အခြေအနေအရ မလိုအပ်တော့တဲ့ သဘောလို့ ယူဆရပြီး လှုပ်ရှားမှု သိပ်မတွေ့ရတော့တဲ့ အနေအထားဖြစ်ပါတယ်။

မြန်မာ့နိုင်ငံရေး သမိုင်းမှာ စုဖွဲ့မှုတွေ ပေါ်ထွက်လာလိုက် မှေးမှိန်ပျောက်ကွယ်သွားလိုက် ဖြစ်တာဟာ နောက်ခံအခြေအနေ ၊ ရပ်တည်ချက်၊ အကျိုးစီးပွား ပဋိပက္ခ စတာတွေကြောင့် လည်းဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ကောက်ချက်ချရမယ့် သဘောဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar