မြန်မာနွေဦးခရိုနီကယ် - နိုဝင်ဘာ ၂၇ မြင်ကွင်း
(မိုးမခ) နိုဝင်ဘာ ၂၈ ၊ ၂၀၂၅
မိုးကုတ်နဲ့ မိုးမိတ်မြို့တွေထဲက PDF တပ်ဖွဲ့တွေ ထွက်ခွာ၊ ၁၀၂၇ အလွန် မဟာဗျူဟာ
အောက်တိုဘာလနှောင်းပိုင်းက TNLA နဲ့ စစ်ကော်မရှင်တပ်တို့အကြား သဘောတူခဲ့တဲ့ အပစ်ရပ်မှု သဘောတူညီမှုအရ နိုဝင်ဘာလ အကုန်မှာ စစ်ကော်မရှင်လက်ထဲ ပြန်လွှဲအပ်ပေးရမယ့် မိုးကုတ်နဲ့ မိုးမိတ်မြို့တွေထဲက PDF တပ်ဖွဲ့တွေ ထွက်ခွာကုန်ပြီလို့ မန္တလေးတိုင်းနဲ့ ရှမ်းမြောက်ဒေသသတင်းတွေကို အထူးပြုဖော်ပြနေတဲ့ သတင်းဌာနတွေက ဖေါ်ပြထားကြပါတယ်။
TNLA နဲ့ မဟာမိတ်ဖွဲ့ကာ ဒီမြို့တွေကို သိမ်းယူတဲ့ မြို့သိမ်းတိုက်ပွဲတွေမှာ ပါဝင်ခဲ့ကြတဲ့ PDF အဖွဲ့တွေအဖို့ ၄င်းတို့ပါဝင်တိုက်ခိုက်ထားတဲ့ မြို့တွေကို အာဏာသိမ်းစစ်တပ်လက်ထဲ ပြန်လည်လွှဲပေးလိုက်ရမယ့် အဖြစ်က လက်ခံဖို့ ခက်ခဲပြီး အောက်တိုဘာလကုန်ပိုင်းမှာတော့ စစ်ကော်မရှင်တပ်တွေ အဝင်မခံဘဲ ခုခံကာကွယ်သွားမယ်လို့ PDF တပ်ဖွဲ့ဖြစ်တဲ့ မိုးကုတ်ဗျူဟာအဖွဲ့တို့က ကြေညာခဲ့ကြတာပါ။
ဒါပေမဲ့ ဒီမြို့တွေကို ဦးဆောင်ထိန်းချုပ်ထားတဲ့ TNLA အနေနဲ့ စစ်ကော်မရှင်တပ်ကို လုံခြုံရေးပေးကာ မြို့ထဲခေါ်သွင်းရမယ့် သဘောတူညီမှုရှိထားပြီး ဖြစ်တာကြောင့် TNLA နဲ့ မဟာမိတ်ဆက်ဆံရေး မပျက်ရအောင် အခုလို မြို့ကနေ ထွက်ခွာပေးလိုက်ကြရတဲ့ အနေအထား ဖြစ်ပါတယ်။
MDY PDF အဖွဲ့ နဲ့ အခြားသော PDF အဖွဲ့တွေအနေနဲ့ မိုးကုတ်မြို့ ကို သေနတ်တချက် မဖောက်ရဘဲ ပြန်လည်လွှဲပြောင်းပေးခဲ့ရတဲ့ အခြေအနေက ၄င်းတို့ကို ထောက်ခံတဲ့ လူထုရဲ့ ယုံကြည်မှုကို ဆုံးရှုံးရတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။ နောင်ချို၊ ကျောက်မဲ နဲ့ သီပေါမြို့ ၃ မြို့ကို လအနည်းငယ်အတွင်း လက်လွှတ်ဆုံးရှုံးခဲ့ပြီးနောက်မှာ TNLA အနေနဲ့ အပစ်ရပ်စဲဖို့ နဲ့ မြို့ ၂ မြို့ကို ပြန်လွှဲပေးဖို့ သဘောတူခဲ့ရတာ ဖြစ်ပါတယ်။
TNLA အနေနဲ့ စစ်တပ်နဲ့ အပစ်ရပ်စဲဖို့ ဆုံးဖြတ်လိုက်ရတဲ့ အကြောင်းရင်းအဖြစ် လေကြောင်းတိုက်ခိုက်မှုနဲ့ တရုတ်နိုင်ငံရဲ့ ဖိအား ဆိုတဲ့ အချက် ၂ ချက်ကို ဇောင်းပေးပြောဆိုတာ တွေ့ရပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေက အခုပြန်လွှဲပြောင်းပေးရမယ့် မြို့တွေအပါအဝင် TNLA ထိန်းချုပ်ထားတဲ့ တအာင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက နမ္မတူ၊ နမ့်ဆန်တို့လိုမြို့တွေကိုပါ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး တရုတ်နိုင်ငံရဲ့ ဖိအား ဆိုတဲ့အချက်က ဘယ်လို ကိစ္စရပ်တွေအပေါ် ဖိအားပေးသလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မသိကြရပါဘူး။ တရုတ်နိုင်ငံ အနေနဲ့ ကိုးကန့်ဒေသကို ပေးတဲ့ ဖိအား နဲ့ တအာင်းဒေသကို ပေးတဲ့ဖိအားတို့ရဲ့ သက်ရောက်မှုခြင်း မတူညီနိုင်တာ တွေ့ရမှာ ဖြစ်ပါတယ်။ ကိုးကန့်ဒေသအနေနဲ့ ရိက္ခာ၊ လူသုံးကုန် အစရှိတဲ့ ကုန်ပစ္စည်းတွေ နဲ့ ကိုးကန့်လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေရဲ့ ပိုင်ဆိုင်မှုတွေအတွက် တရုတ်နိုင်ငံကို ကြီးကြီးမားမား မှီခိုနေရပေမယ့် တအာင်းဒေသ အဖို့ ရိက္ခာ၊ လက်နက်ခဲယမ်း စတာတွေအတွက် တရုတ်နိုင်ငံကို ကြီးကြီးမားမား မှီခိုနေရတယ့် လက္ခဏာ မတွေ့ရပါဘူး။ အချက်တချက်ကတော့ အပစ်အခတ်ရပ်စဲမှု သဘောတူညီမှု မရခင် လပိုင်းအလိုမှာ UWSA အနေနဲ့ မဟာမိတ် လက်နက်ကိုင်အဖွဲ့တွေကို လက်နက်ခဲယမ်း နဲ့ ငွေကြေးအကူအညီပေးနိုင်မှာ မဟုတ်တော့ကြောင်း လူသိရှင်ကြား ဖိတ်ခေါ် အသိပေးခဲ့တာ ဖြစ်ပါတယ်။
TNLA အနေနဲ့ ဒီအကြောင်းအချက်တွေ ဖိအားတွေကြောင့် စစ်တပ်နဲ့ အပစ်အခတ်ရပ်ပြီး မြို့ ၂ မြို့ ပြန်လွှဲပေးလိုက်ရတဲ့ အခြေအနေက စစ်အာဏာရှင်တော်လှန်ရေး အင်အားစုတွေ အကြား နိုင်ငံရေးအရရော စစ်ရေးအရပါ ပူးပေါင်းဆောင်ရွက်မှုကို ထိခိုက်စေခဲ့တာ အမှန်ပဲ ဖြစ်ပါတယ်။ TNLA အပစ်ရပ်မှု မတိုင်ခင် ကိုးကန့်လက်နက်ကိုင် အဖွဲ့ MNDAA နဲ့ စစ်တပ်အကြား အပစ်ရပ်ပြီး လားရှိုးမြို့ကို ပြန်လွှဲပေးစဥ်ကတည်းက ၁၀၂၇ စစ်ဆင်ရေးတုန်းက ရထားတဲ့ ပူးပေါင်းဆောင်ရွက်မှုက အတိုင်းအတာတခုထိ ထိခိုက်စေခဲ့ပြီး ဖြစ်ပါတယ်။
အညာဒေသက PDF တွေ၊ ကရင်နီနဲ့ ရှမ်းတောင်ဘက်က PDF တပ်ဖွဲ့တွေရဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ ပူးပေါင်းပါဝင်မှုတွေ၊ မဟာမိတ်အဖြစ်နဲ့ ပူးပေါင်းတိုက်ခိုက်မှုတွေ တန်ဖိုးဖြတ်ခံရတဲ့ သဖွယ်၊ မျက်ကွယ်ပြုခံရတဲ့သဖွယ် ဝေဖန်မှုတွေ ရှိနေခဲ့တာ ဖြစ်ပြီး ရှမ်းမြောက်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ရည်မှန်းချက်ပန်းတိုင်နဲ့ အခြားသောဒေသက တော်လှန်ရေး လက်နက်ကိုင် အင်အားစုတွေရဲ့ ရည်မှန်းချက်ပန်းတိုင်က တထပ်တည်း ကျမနေတဲ့ ခံစားမှုအမြင်တွေ ထွက်ပေါ်လာစေခဲ့တာ ဖြစ်ပါတယ်။
ဒါက ကိုးကန့်လက်နက်ကိုင် အဖွဲ့နဲ့ စစ်တပ်အကြား အပစ်ရပ်ပြီးနောက် ပေါ်ထွက်လာတဲ့ အမြင်တွေ၊ ဝေဖန်မှုတွေက ဒုတိယမြောက် TNLA နဲ့ စစ်တပ် အပစ်ရပ်သဘောတူညီမှုပေါ်ထွက် အပြီးမှာ ပိုမိုကျယ်ပြန့်လာခဲ့တာ တွေ့ရမှာ ဖြစ်ပါတယ်။ TNLA လက်နက်ကိုင် အဖွဲ့အနေနဲ့ PDF မဟာမိတ်အဖွဲ့တွေကို ပွင့်ပွင့်လင်းလင်း ပြောဆိုတိုင်ပင်ခြင်း မရှိတာက တနည်းအားဖြင့် မဟာမိတ် ဆက်ဆံရေးကို တန်ဖိုးမထားတဲ့သဖွယ် ယူဆမှုတွေ ဖြစ်ပေါ်စေပါတယ်။
၂၀၂၃ ခုနှစ်က စတင်တဲ့ ၁၀၂၇ စစ်ဆင်ရေးတွေပြီးနောက် တနှစ်ကျော်အကြာမှာ ရှမ်းမြောက် ဒေသက မြောက်ပိုင်းညီနောင် လက်နက်ကိုင် ၂ ဖွဲ့ရဲ့ စစ်တပ်နဲ့ အပစ်ရပ် သဘောတူညီမှု အပြီးမှာ တော်လှန်ရေးအင်အားစုတွေ အကြား ပူးပေါင်းဆောင်ရွက်မှု ပုံသဏ္ဌာန်ပြန်လည်ပုံဖော်ကြရမယ့် အနေအထားလည်း ဖြစ်နေပါတယ်။ တရုတ်နိုင်ငံရဲ့ ဖိအားရှိနေတဲ့ အချက်ကိုလည်း အခြေခံပေးထားချက် တရပ်အဖြစ် ထည့်သွင်းစဥ်းစားကာ ရှမ်းမြောက်၊ ရှမ်းတောင်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး တို့ပါဝင်တဲ့ အညာဒေသ၊ မြောက်ပိုင်း ကချင်ပြည်နယ်တို့ကို စစ်ရေး မဟာဗျူဟာ မဟာမိတ်ဖွဲ့စည်းမှု မဟာဗျူဟာ စတဲ့ ရှုထောင့်တွေကနေ ပြန်ချဥ်းကပ် ပုံဖော်ကြရမယ့် အနေအထားမျိုး ဖြစ်လာနေတာပါ။
ဒီလို ပုံဖော်ရာမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ မြောက်ပိုင်း မဟာမိတ်ညီနောင်အဖွဲ့၊ ကေအိုင်အေ၊ စစ်ကိုင်းနဲ့ မကွေးတိုင်းထဲက NUG လက်အောက်က မဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့တွေ နဲ့ ရှမ်းတောင် ကရင်နီပြည် စတဲ့ ဒေသတွေက လက်နက်ကိုင်အဖွဲ့တွေ အဓိက ပါဝင်ပြီး ဆွေးနွေး ပုံဖော်ကြဖို့ လိုအပ်လာနေပြီလို့ ထင်မြင်မိပါတော့တယ်။
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar