Sunday, November 9, 2025

ဖလော်ဒါဟန် - နောက်ဆုံးခြေလှမ်းများရဲ့အစ Radio NUG ရပ်နားခြင်းအမှတ်တရ

ဖလော်ဒါဟန် - နောက်ဆုံးခြေလှမ်းများရဲ့အစ Radio NUG ရပ်နားခြင်းအမှတ်တရ

မိုးမခ ၊ နိုဝင်ဘာ ၉ ၊ ၂၀၂၅


အစဆိုတာ ဘဝရဲ့ ပထမခြေလှမ်း မဟုတ်သလို နောက်ဆုံးခြေလှမ်းလည်း ဖြစ်သွားနိုင်တယ်။

အခုလိုအချိန် နောက်ဆုံးခြေလှမ်းများကလည်း ဘဝရဲ့အစလည်း ဖြစ်လာနိုင်တယ်။

လူဆိုသည်မှာ ဘယ်အလုပ်ပဲဖြစ်ဖြစ် တနေရာတည်း မြဲသည့်အလုပ် ဆိုသည်မှာ‌ ခေါင်းစဉ်တခုတည်းအောက်မှာ နေထိုင်ရခြင်းကြောင့် ဖြစ်ပါလိမ့်မယ်။

လူတယောက်မှာ အခက်အခဲနဲ့ ရုန်းကန်နိုင်သည့် စွမ်းရည်သည် အပြုသဘောကို ဦးတည်နေသူများအဖို့ ဘဝသည် မပင်ပန်းပါ။

လှော်တက်တိုင်းကတော့ တူချင်မှတူပါလိမ့်မယ်။ ဒါပေမဲ့ အားထည့်ရတာချင်းတော့ အတူတူပါပဲ။

မိမိရဲ့အလုပ်မှာ မိမိကိုယ်ကိုယ် ကျေနပ်နေခြင်းသည် သူတပါးအတွက် အကျိုးမယုတ်သည့် မူကိုလက်ကိုင်ထားလို့ ဖြစ်ပါတယ်။

လူတယောက်နဲ့ တယောက် မတူညီလှတဲ့ အတွေး၊ အရေး ခံယူချက် ရည်ရွယ်ချက်ဆိုတာ စံနှုန်းမဟုတ်ပါဘူး။

မိမိက မိမိအလုပ်ကို ‌လေးစားစရာကောင်းသည်အထိ စိတ်၏ ပျော်ဝင်မှုကြောင့်ပါ။

မနက်မိုးလင်းလို့ မိမိအသက်ရှင်နေသေးရင် မိမိအလုပ်တခုကို လုပ်နိုင်ဖို့ မတူညီသည့် မိမိသတ်မှတ်ထားသည့် စံနှုန်းတစ်ခုရောက်အောင်‌တော့ သွားကြရပါတယ်။

စာရေးသူသည် စာရေးနိုင်ဖို့ မိမိရဲ့အသိ အတွေးအမြင်တွေထက် မိမိထက် ပညာရဲရင့်ပွဲလယ်တင့်သူတွေစကား စာတွေကို ဖတ်မှတ်ကြရပါတယ်။

ထိုနည်းတူပါပဲ။ ပန်းချီ ဂီတ ကစလို့ မိမိတို့ကိုယ်ပိုင် အုံးကျူးတွေကို ဖန်တီးနေသူများမှာလည်း အများနဲ့မတူတာသည့် ဖန်တီးမှုတွေကို ဖန်တီးကြရတယ်။

အနုပညာ ဆိုသည်မှာ နူးညံ့သိမ်မွေ့ခြင်းနဲ့အတူ အလိမ်အညာကင်းမှသာ ပြည်သူအတွက်အဆိပ်အတောက် မဖြစ်န်ုင်မှာပါ။

ကျွန်မအတွက်တော့ ဘဝမှတ်တိုင်များစွာမှ ရေဒီယိုကဏ္ဍလေးကလည်း အစလည်းမဆုံးသလို အဆုံးလည်းမရှ်ပါဘူး။

ပြည်သူရဲ့ နာကျင်မှုက ကျွန်မရဲ့ စာတလုံးက သက်သေပါ။

ကျွန်မရဲ့ ခံယူချက်နဲ့ အသက်ရှူသံက အမှန်တရားပါ။

ဒီအတွက် လဲကျသွားလည်း သဲတဆုပ် ကိုင်ပြီး ပြန်ထပါမယ်။ တွန်းတိုက်ခဲ့လည်း ခံနိုင်ရည်ရှိဖို့ မိမိတတ်သည့်ပညာကို ဝမ်းစာဖြည့်ထားပါမယ်။

ဘဝမှာ နေဝင်ည ဆိုတာ လူတယောက်အတွက် အိပ်စက်အနားယူခြင်း ဖြစ်သလို နိုးထခြင်းက စိတ်ရဲ့ နှိုးဆော်ရာမှာ ဦးနှောက်က အလုပ်တွေလုပ်ဖို့ တိုက်တွန်းနေသည့် အင်ဂျင်ကြီးပါ။

ကျွန်မရဲ့ အင်ဂျင်ကို မချွတ်ယွင်းရအောင် အမြဲတမ်း စစ်ဆေးခြင်း မပြုနိုင်ခဲ့ပေမဲ့ ကျွန်မကိုကျွန်မ လက်ရှိ အရှိတရားကို ခံဝန်ကတိ မရှိဘဲ လျှောက်လှမ်းခြင်းဖြင့် အမျိုးသမီးများကိုယ်စား လွတ်လပ်စွာ ပျံသန်းပါဦးမယ်။




Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar