လှကျော်ဇော - တရုတ်-ဂျပန် တင်းမာမှုရဲ့ နောက်ကွယ်မှာ
လှကျော်ဇော - တရုတ်-ဂျပန် တင်းမာမှုရဲ့ နောက်ကွယ်မှာ
မိုးမခ ၊ ဒီဇင်ဘာ ၃ ၊ ၂၀၂၅
ယူကရိန်း စစ်ပွဲကတော့ တဖြည်းဖြည်း အရှိန်ကျလာတော့မှာပါ။ အဓိကကြိုးဆွဲသူ အမေရိကန်(ထရန့်)က ဒီစစ်ပွဲကို အဆုံးသတ်ချင်လာပါပြီ။
ယူကရိန်းသမ္မတ ဇလန်စကီးလည်း လေသံမမာနိုင်တော့ပါဘူး။ (လာဘ်ယူ လာဘ်စားအမှုတွေက အိမ်ပေါက်ဝ ရောက်လာနေပြီ။) ထရန့်အတွက် ကတော့ အကျိုးအမြတ်တွေက များပါတယ်။
ဂါဇာမှာလည်း သေနတ်သံရပ်အောင် လုပ်ထားနိုင်ပြီး (အဲဒီမှာလည်း အစ္စရေးဝန်ကြီးချုပ် နာတာရာဟူးကို လာဘ်ယူလာဘ်စားအမှုနဲ့ပဲ အကျပ်ကိုင်ထားတာ) အခု ယူကရိန်းမှာ အပစ်အခတ်ရပ်စဲရေးလုပ်နိုင်လို့ကတော့ ထရန့်အတွက် ငြိမ်းချမ်းရေးနိုဗယ်ဆုရဖို့ တန်းနေတာပဲ။ တခြားအကျိုးကျေးဇူးတွေကလည်း ရှိသေးတယ်။ ဥပမာ-ဂါဇာတို့-ယူကရိန်းတို့ ပြန်လည်တည်ဆောက်ရေးတွေ လုပ်တဲ့အခါ ထရန့်သမက်က ကန်ထရိုက်လုပ်ငန်းတွေ အတော်ရနိုင်တယ်။
အမြတ်တကာ့အမြတ်ဆုံးကတော့ - အရှေ့အလယ်ပိုင်းနဲ့ ဥရောပစစ်မြေပြင်ကနေ အမေရိကန့်ရဲ့ အခြေခံအင်အားစုတွေ ထုတ်နုတ်နိုင်လိုက်တာပါပဲ။ ဒါမှ ပိုမိုအရေးကြီးတဲ့ စစ်မြေပြင်မှာသုံးဖို့ထိန်းသိမ်းထားနိုင်မယ်။
ဒါ့အပြင် ထရန့်အနေနဲ့ ရုရှားကို တရုတ်နဲ့ ခွဲထုတ်လိုက်နိုင်မယ်လို့လည်း မျှော်လင့်နိုင်ပါတယ်။
ထရန့်တို့က လူတန်းစားအမြင် သိပ်ရှင်းလင်းပြတ်သားပါတယ်။ သူတိုရဲ့ အဓိကရန်သူဟာ တရုတ်ဖြစ်ပြီး တရုတ်ကို သူတို့နဲ့ မယှဉ်လာနိုင်အောင် ချိုးထားရမယ်လို့ သတ်မှတ်ထားတာပါ။
အမေရိကန်သံအမတ်ဟောင်း နီကိုလပ်စ်ဘန်း ပြောဖူးတာရှိပါတယ်။
"တရုတ်ကို တို့က ဘယ်အသာပေးလို့ ဖြစ်မလဲ။ တရုတ်ကို အသာပေးလိုက်ရင် သူတို့ရဲ့ဆိုရှယ်လစ်စနစ်ဟာ တို့တတွေရဲ့ လစ်ဘရယ်ဒီမိုကရေစီစနစ်ထက် သာတယ် ဆိုတာ ဝန်ခံလိုက်သလို ဖြစ်သွားမှာပေါ့"တဲ့။
ဟုတ်ပါတယ်။ ဒါဟာ လူတန်းစားတိုက်ပွဲပါ။ လက်နက်များနဲ့တိုက်တာ မဟုတ်ပေမယ့် (နှစ်နိုင်ငံလုံးမှာ အဏုမြူလက်နက်တွေရှိနေလို့) တခြားစစ်မျက်နှာအမျိုးမျိုး (ဥပမာ-ကုန်သွယ်ရေး)မှာ တိုက်ပွဲသဏ္ဌာန်ပေါင်းစုံ ရှိနေတာပါ။ အချိန်တတ်နိုင်သမျှဆွဲပြီး ကိုယ့်အားကိုယ် စုဆောင်းနေကြတာပါ။
ဒါကြောင့် အမေရိကန်အနေနဲ့ တရုတ်ကို (ရုရှားကို ယူကရိန်းစစ်ပွဲမှာ နစ်သွားသလို) အထိမခံနိုင်တဲ့ ထိုင်ဝမ်ပြသာနာနဲ့ အနိမ့်ဆုံး အလုပ်ရှုပ်နေစေချင်တယ်။ ဒီမှာတင် အသစ်တက်လာတဲ့ လက်ယာစွန်းသမားဂျပန်ဝန်ကြီးချုပ် တကာချီရဲ့ တရုတ်ကို ရန်စတဲ့ စကားတွေ ထွက်လာတာ။
တရုတ်ကလဲ ဆတ်ဆတ်ထိမခံ - ဂျပန်ရဲ့ ကုန်သွယ်ရေးတွေ ထိခိုက်နိုင်တဲ့ လုပ်ဆောင်ချက်အမျိုးမျိုး ချမှတ်ရုံမက နောက်ဆုံး ဒီကိစ္စကို ကုလထိတင်လာပြီး ဒုတိယကမ္ဘာစစ်အပြီး ချုပ်ဆိုခဲ့တဲ့စာချုပ်တွေပါ တင်လာကာ အရေးယူပေးဖို့တောင်းဆိုလာပါတော့တယ်။
တရုတ်မှာ ရှေးစကားပုံရှိပါတယ်။ “ကြက်သတ်ပြီးမျောက်ပြတာ” တဲ့။ ဂျပန်ရဲ့နောက်မှာ ဘယ်သူရှိတယ်ဆိုတာ တရုတ်ကကောင်းကောင်းသိပါတယ်။
ဒီမှာတင် (နိုဝင်ဘာ၂၅ရက်နေ့မှာ) ရှီကျင့်ပင်နဲ့ ထရန့်။ထရန့်နဲ့ တကာချီ--တို့ သုံးဦးသုံးဖလှယ်-ဖုန်းပြောကြတဲ့သတင်းတွေ အစီအရီထွက်လာပါတယ်။ ပြီးတော့ သက်ဆိုင်ရာနိုင်ငံများအလိုက် ပေးချင်တဲ့ သတင်းစကားများကိုလည်း ကြားလိုက်ရပါတယ်။
တရုတ်ဘက်က "တရုတ်အနေနဲ့ ထိုင်ဝမ်ပြဿနာဟာ တရုတ် ပြည်တွင်းရေးကိစ္စ ဖြစ်လို့ ဘယ်သူမှ ဝင်စွက်ဖက်ခွင့်မရှိဘူး။ တရုတ်နဲ့ အမေရိကန်တို့ဟာ ဒုတိယကမ္ဘာစစ်ကြီးအတွင်းက ပူးပေါင်းပြီး ဖက်ဆစ်စနစ်ကို တိုက်ခဲ့သူများဖြစ်လို့ရရှိလာတဲ့ အောင်သီးအောင်ပွင့်တွေကို မထိခိုက်စေသင့်ဘူး"တဲ့။
ထရန့်ကတော့ "တရုတ်နဲ့ အမေရိကန် ဆက်ဆံရေး အလွန်ကောင်းကြောင်း။ သူက လာမယ့်နှစ် ဧပြီလမှာ တရုတ်ကို သွားလည်မှာဖြစ်ကြောင်း။ ရှီကိုလည်း နောင်နှစ် နှစ်ကုန်မှာ အမေရိကန် လာလည်ဖို့ ဖိတ်တာကို ရှီက လက်ခံကြောင်း"တဲ့။
တကာချီက "ထရန့်က ရှီနဲ့ ဖုန်းပြောပြီးတာနဲ့ သူကိုခေါ်ပြီး ဘာတွေဆွေးနွေးတယ် ဆိုတာတွေကို ပြောပြကြောင်း။ ဂျပန်နဲ့ အမေရိကန် ဆက်ဆံရေးတွေကလဲ အလွန်ကောင်းကြောင်း"တဲ့။
ကဲ-ဒီတော့ သူတို့တတွေ ကြည်စေ-အေးစေဖြစ်သွားပြီလား။
တိုင်းပြည်ကြီးများအကြား သံတမန်ဆက်ဆံရေးများ အရှုပ်အထွေး အတက်အကျများကို တိုင်းပြည်ငယ်များ အထူးသဖြင့် အင်အားချည့်နဲ့တဲ့ နိုင်ငံများ အနေနဲ့ အလွန်လိမ်မာပါးနပ်စွာ နေတတ်ဖို့လိုပါတယ်။ အခုပဲကြည့်၊ ဂျပန်လိုနိုင်ငံတောင် ကြားညှပ်သလို ဖြစ်နေပြီ။ ထရန့် ကယ်နိုင်၊ မကယ်နိုင် စောင့်ကြည့်ရမှာပါ။
ဒါ့ကြောင့် အားလုံး နိုးနိုးကြားကြားရှိကြပါ။
လှကျော်ဇော
၂၇-၁၁-၂၀၂၅။
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar