Breaking News

မောင်လူမွှေး - ဒုက္ခတောလယ်က တော်လှန်ရေး ဝိညာဉ်

မောင်လူမွှေး - ဒုက္ခတောလယ်က တော်လှန်ရေး ဝိညာဉ်

မိုးမခ ၊ ဒီဇင်ဘာ ၁၄ ၊ ၂၀၂၅

ခုရက်ပိုင်းအတွင်း မောင်လူမွှေး စစ်ရှောင်မိသားစုဝင်တွေထဲက နာရေးနှစ်ခုကို ဆက်တိုက်ကြုံရတယ်။ ပထမနာရေးက စစ်ရှောင်မိသားစုတစ်စုရဲ့ မိခင်ဖြစ်သူ နာရေး ဖြစ်တယ်။ ဒုတိယ နာရေးကတော့ စစ်ရှောင်မိသားစုတစ်စုရဲ့ အိမ်ထောင်ဦးစီး၊ တော်လှန်ရေးရဲဘော်တစ်ဦးရဲ့ဖခင် ဖြစ်ပြီး မောင်လူမွှေးနဲ့လည်း ညတွေမှာ ရေနွေးကြမ်းအတူသောက်လေ့ရှိခဲ့တဲ့သူ ဖြစ်ပါတယ်။

သူနဲ့ ရေနွေးအတူသောက်လေ့ရှိတဲ့ ညဦးပိုင်းခဏမှာ သူဟာ စကားဝိုင်းမှာ နားထောင်သူသက်သက်ဖြစ်တယ်။ အသက်ငါးဆယ်နားကိုကပ်နေပေမယ့် သူ့ရဲ့ ရိုးရှင်းဖြူစင်မှုကြောင့် သူ့မျက်နှာက ကလေးတစ်ယောက်ရဲ့ မျက်နှာနဲ့ တူပါတယ်။ သူဟာ ပျူစောထီးအဖြစ် ခံယူကြတဲ့သူတွေများတဲ့ သူ့ရွာကို မိသားစုလိုက် စွန့်ခွာခဲ့သူ ဖြစ်တယ်။ တစ်ဦးတည်းသော သူ့သားကို တော်လှန်ရေးအတွက် ရက်ရက်ရောရော ပေးထားတဲ့ ဖခင်လည်း ဖြစ်တယ်။ စကားနည်းတဲ့ သူဟာ "ငါသေရင်တောင် တော်လှန်ရေးထဲက မထွက်နဲ့" ဆိုတဲ့စကားကိုတော့ သူ့သားကို ပြောဖြစ်အောင် ပြောခဲ့သေးတယ်။

သူ့ရဲ့တစ်ဦးတည်းသော သားက တော်လှန်ရေးအတွက် ရှေ့တန်းမှာ တိုက်ပွဲဝင်နေချိန် သူဟာ ဇနီး၊ သမီးနှစ်ယောက်နဲ့အတူ စစ်ရှောင်မိသားစုအဖြစ် လောကဓံကို ရင်ဆိုင်ခဲ့တယ်။ သူတို့ နေထိုင်တဲ့နေရာမှာ လုပ်ငန်းကိုင်ငန်း အဆင်မပြေလွန်းလို့ မောင်လူမွှေးရဲ့ ရဲဘော်ရဲဘက်ညီအစ်ကိုတွေရဲ့ ဖေးမမှုနဲ့ သူဟာ မောင်လူမွှေး နေတဲ့ နေရာကို ရောက်လာခဲ့သူ ဖြစ်တယ်။ 

"အရင်နေရာတုန်းကတော့ အလုပ်ကို မရှိတာ။ လိုက်ရှာရတာ။ ဒီမှာကျတော့ ပေါလိုက်တဲ့အလုပ်။ နားရတယ်ကို မရှိဘူး။ တော်လှန်ရေးမပြီးမချင်း ဒီမှာပဲ နေတော့မယ်" တဲ့။ အခုတော့ သူဟာ ဒီနေရာမှာပဲ ထာဝရအိပ်စက်သွားခဲ့ပြီ ဖြစ်တယ်။

ဆောင်းရာသီညဦးပိုင်းလေး တခဏ စိတ်တူကိုယ်တူ မိတ်ဆွေညီအစ်ကိုတွေနဲ့ ရေနွေးကြမ်းအတူသောက်ရင်း စကားစမြည်ပြောရတာဟာ ခုလိုကာလမှာ မောင်လူမွှေးအဖို့ ထွက်ပေါက်တစ်ခုဖြစ်တယ်။ အားဆေးတစ်ခွက် ဖြစ်တယ်။ အပန်းဖြေမူတစ်ခုလည်း  ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ စစ်ရှောင်စခန်းကနေအပြန် ပဲသီးသုပ်၊ ဂျင်းနဲ့ ပဲလွန်းစေ့သုပ်တွေကို မောင်လူမွှေး အပြန်မှာ ထည့်ပေးလိုက်ကြတယ်။ မောင်လူမွှေးလည်း စစ်ရှောင်စခန်းက ပေးလိုက်တဲ့ အသုပ်တွေကို သီးသန့်ထားပြီး ညဦးပိုင်းမှာ အသုပ်ပန်းကန်တွေကို ကိုင်ပြီး အတူတွေ့ဆုံရေနွေးသောက်နေကျ နေအိမ်ကို အားတက်သရော ချီတက်သွားပါတယ်။ 

"ဒီနေ့ညအဖို့ ရေနွေးအမြည်း ငါ တာဝန်ယူတယ်ဟေ့" ဆိုတဲ့စကား ပြောမလို့ ရှိသေးတယ်၊ မောင်လူမွှေး ညီတော်မောင်က "အစောက ထိုင်စကားပြောနေရင်း လေဖြတ်သွားတာ။ သွားကြရအောင်" ဆိုလို့ သူ လေဖြတ်သွားတဲ့ နေရာကို လိုက်သွားခဲ့ရတယ်။

သူ့အနားမှာ လူတွေဟာ ဝိုင်းအုံလို့။ ဆယ်ကျော်သက်အရွယ် သူ့သမီးအပါအဝင် လူ သုံး လေးယောက် သူ့ကို ဝိုင်းနှိပ်နေကြတယ်။ လူငယ်တစ်ယောက်က နောက်ကနေ သူ့ကို ပွေ့ထားတယ်။ သွေးတိုးတာ။ နှစ်ရာထိ ရှိတယ်။ သွေးတိုးလွန်းလို့ လက်မောင်းကနေ သွေးတွေကို အပ်နဲ့ စုပ်ထုတ်ဖောက်ထားတယ်။  မျက်စိကို မမှိတ်စေနဲ့။ လျှာကို ဆွဲစမ်း။ လက်က လှုပ်တယ်။ ညာခြေက မလှုပ်တော့ဘူး။ အသားကုန်နင်းကြည့်စမ်း။ တတ်သမျှ၊ မှတ်သမျှ ကုထုံးတွေနဲ့ ကုသနေတဲ့ ရွာသူရွာသားတွေအလယ်မှာ သူဟာ စကားတစ်လုံးမှ မပြောနိုင်ဘဲ ငြိမ်ခံနေရရှာတယ်။

ခဏနေတော့ အတင်းခေါ်ခဲ့ရတဲ့ ကားရောက်လာတယ်။ ကားပေါ်ကို ဝိုင်းတင်ကြ။ လူဆယ်ယောက်လောက် အတူလိုက်သွားကြ။ အနှိပ်သည်ကောင်းကောင်းရှိတဲ့ ရွာကို ချီတက်သွားကြတယ်။ အနှိပ်သမားက ကားပေါ်တင်ပဲ နှိပ်ပေးလိုက်ပြီး ညပြန်လာကြ။ အိမ်ကိုပြန်ရောက်ပြီး ညသန်းခေါင် တစ်နာရီဝန်းကျင်မှာ သူ့နှလုံးခုန်သံ မရှိတော့ကြောင်း မနက်မိုးလင်းမှ မောင်လူမွှေး သိရတယ်။ "သားအဖေ လေဖြန်းသွားလို့။ ခုကောင်းပါပြီ ။ ဆေးခန်းသွားကြတော့မလို့" ဆိုတဲ့ ညဆေးခန်းသွားခါနီး သူ့ဇနီးရဲ့ ရှေ့တန်းက သားဆီကို ဖုန်းဆက်တဲ့အသံ မောင်လူမွှေး နားထဲ ပဲ့တင်ထပ်လာတယ်။

"ဘဝကို ဘယ်လောက်ရုန်းကန်ရသလဲ ဆိုရင် သူ လေဖြတ်သွားတော့ လက်ဖဝါးတွေကို နှိပ်ပေးတာ။ အသားမာတွေကြီးပဲဗျာ" လို့ သူ လည်ပတ်နေရင်း သွေးတိုး လေဖြတ်သွားတဲ့ အိမ်က မောင်လူမွှေး မိတ်ဆွေရဲဘော်က စိတ်မကောင်းစွာ ပြောပြတယ်။ သူ့အိမ်မှာ လည်ပတ်ရင်း ဖြစ်သွားတာမို့ သူလည်း တော်တော် စိတ်ထိခိုက်သွားရှာတယ်။

သူတစ်ပါးရပ်ရွာမှာ တာဝန်ကျေပွန်လိုတဲ့စိတ်၊ လူမှုရေးဝတ္တရား ကျေပွန်လိုတဲ့ စိတ်။ ရိုးသားမြင့်မြတ်တဲ့ စိတ်အခံ။  မိသားစုရဲ့ ထမင်းအိုး။ ဆောင်းရာသီ အအေးဓာတ်။ သွေးတိုးရောဂါ။ သတိလက်လွတ်မှု။ စတဲ့ အချက်အလက်တွေက သူ့ကို ထာဝရအိပ်စက်စေခဲ့ပြီ။ သူ့အသုဘကို စစ်ရှောင်တစ်ယောက်နဲ့ မတူအောင်လည်း စည်ကားစေခဲ့ပြီ။ ရှေ့တန်းကနေ ရုတ်တရက် အမြန်ပြန်ခဲ့တဲ့ သူ့သားဟာ အဖေအလောင်းကို ရောက်ရောက်ချင်း ကန်တော၊ ပြီးတော့ မျက်နှာကို မော့ပစ်လိုက်တယ်။ မျက်ရည်ဟာ မျက်လုံးအိမ်ထဲ ပြန်များဝင်သွားသလား။ အမေဖြစ်သူနဲ့ ဆယ်ကျော်သက်အရွယ် ညီမဖြစ်သူက ဒီမြင်ကွင်းကို တွေတွေကြည့်လို့။ ခုနစ်နှစ်အရွယ် အငယ်ဆုံးညီမလေးကတော့ အစ်ကိုကြီးနားကို ကပ်လာတယ်။

အိမ်ထောင်ဦးစီးဖြစ်တဲ့ သူမရှိတော့ သားအဖ လေးယောက် ကျန်ခဲ့တယ်။ အရွယ်ရောက်နေတဲ့ သားကြီးက တော်လှန်ရေးထဲ ပြန်သွားရမယ်။ ဆယ်ကျော်သက် သမီးက ခတ်လက်စ ရက်ကန်းကို ခတ်ရမယ်။ သမီးအငယ်ဆုံးလေးက ကျောင်းတက်ရမယ်။ သူ့ဇနီးက သမီးငယ်နှစ်ယောက်နဲ့ အတူနေထိုင် အုပ်ထိန်းရမယ်။ လောကဓံနဲ့ သူတို့မိသားစု လွန်ပွဲဟာ တစ်ဖက်သတ်ဆန်လွန်းလှတယ်။ မောင်လူမွှေးတို့ ကူဆွဲကြရမှာ ဖြစ်တယ်။

တကယ်တော့ တော်လှန်ရေးရဲဘော်ရှိတဲ့ မိသားစုက အိမ်ထောင်ဦးစီးတစ်ယောက် သေဆုံးရတာဟာ တော်လှန်ရေးမိသားစုတစ်စုရဲ့ တပ်မှူးတစ်ဦး ကျဆုံးရတာပဲ ဖြစ်ပါတယ်။ 

"ငါ သေရင်တောင် တော်လှန်ရေးက မထွက်နဲ့" 

"မင်းခွင့်ရဖို့တော့ ငါ နေမကောင်းမဖြစ်ပေးနိုင်ပါဘူးကွာ" 

သူ့သားကို ပြောခဲ့တဲ့စကားတွေ။ အခု တော်လှန်မိသားစုဟာ ကျဆုံးသွားတဲ့ သူတို့တပ်မှူးရဲ့ အမိန့်အတိုင်း တော်လှန်ရေးမှာ မမှိတ်မသုံ ဆက်လက်ပါဝင်နေမှာ ဖြစ်တယ်။

ပျူစောထီးတွေအဖြစ် ခံယူကြတဲ့ သူ့ရွာကို စွန့်ခွာခဲ့သူ။ သူ့လို စွန့်ခွာချင်တဲ့သူတွေကို အန္တရာယ်ကြားကနေ ကယ်ထုတ်တဲ့အခါတိုင်း ပါဝင်ခဲ့သူ။ ပြည်သူတွေရဲ့ ဘဝကို စစ်ကျွန်ဘဝက ကယ်ထုတ်နိုင်ဖို့ သူ့ရဲ့ တစ်ဦးတည်းသောသားကို ထားပြီး ထွက်သွားခဲ့ပြီ။ သူ့ရဲ့ ရှေ့နာမည်နှစ်လုံးက "အောင်ဆန်း"။ အခက်အခဲ ဆင်းရဲပင်ပန်းမှု ဒုက္ခတောလယ်မှာတောင် တော်လှန်ရေးကို မျိုးရိုးစဥ်ဆက် မစွန့်ခွာလိုတဲ့ သူ့ဝိညာဉ်ကို မောင်လူမွှေးတစ်ယောက် ထာဝရ အလေးအမြတ်ထားနေမှာ ဖြစ်ပါတယ်ခင်ဗျာ။

-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar