Friday, December 5, 2025

ဘိန်းအများဆုံး စိုက်ပျိုးထုတ်လုပ်တဲ့ နိုင်ငံအဖြစ် မြန်မာ ရှိနေဆဲ

မြန်မာနွေဦးခရိုနီကယ် - ဒီဇင်ဘာ ၄ မြင်ကွင်း

(မိုးမခ) ဒီဇင်ဘာ ၅ ၊ ၂၀၂၅


ဘိန်းအများဆုံး စိုက်ပျိုးထုတ်လုပ်တဲ့ နိုင်ငံအဖြစ် မြန်မာ ရှိနေဆဲ

လက်နက်ကိုင် တိုက်ပွဲတွေ နိုင်ငံရေးပြဿနာတွေနဲ့ မတည်မငြိမ်ဖြစ်နေတဲ့ မြန်မာနိုင်ငံဟာ ကမ္ဘာမှာ မူးယစ်ဆေးဝါးအဖြစ် အသုံးပြုဖို့ ဘိန်းစိုက်ပျိုးမှုအများဆုံး နိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေဆဲ ဖြစ်တယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး UNODC ရဲ့ နှစ်စဥ် အစီရင်ခံစာက ဖေါ်ပြလိုက်ပါတယ်။ 

အာဖဂန်နစ္စတန် နိုင်ငံဟာ ကမ္ဘာမှာ ဘိန်းစိုက်ပျိုးမှု အများဆုံး၊ ထုတ်လုပ်မှုအများဆုံး နိုင်ငံအဖြစ် ဆယ်စုနှစ်များစွာ ရှိခဲ့ရာက မကြာသေးခင်နှစ်တွေမှာတော့ အာဖဂန်နစ္စတန် တာလီဘန်အစိုးရက ဘိန်းစိုက်ပျိုးမှုကို နှိမ်နှင်းလျှက်ရှိတာကြောင့် ကမ္ဘာ့ဘိန်းစိုက်ပျိုးမှုအများဆုံး နိုင်ငံ၊ ထုတ်လုပ်မှုအများဆုံးနိုင်ငံအဖြစ် မြန်မာနိုင်ငံက အာဖဂန်နစ္စတန်ကို ကျော်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံအနေနဲ့ ၂၀၂၅ ခုနှစ် အစီရင်ခံစာအရ ဟက်တာ ၅ သောင်းကျော်အထိ ဘိန်းစိုက်ပျိုးလျက်ရှိနေပြီး ယမန်နှစ်ကထက် ၁၇ ရာနှုန်းတိုးမြှင့်လာတယ်လို့ အစီရင်ခံစာမှာ ဖေါ်ပြထားတာတွေ့ရပါတယ်။ ဘိန်းစိမ်း တပိသာကို ဒေါ်လာ ၃၀၀ ကျော်ထိ ရရှိလာတာကြောင့် ငွေကြေးကလည်း စိုက်ပျိုးတဲ့သူတွေကို ဆွဲဆောင်စေသလို ပြည်တွင်းစစ်ဖြစ်ပွားနေတာကြောင့် လမ်းပန်းဆက်သွယ်ရေးတွေ ခက်ခဲတာ၊ အခြားစိုက်ပျိုးသီးနှံတွေ ပို့ဆောင်ရောင်းချရဖို့ မသေချာတဲ့အနေအထားမှာ ဘိန်း စိုက်ပျိုးပြီး ရရှိလာတဲ့ ဘိန်းစိမ်းကို သယ်ဆောင်ရောင်းဝယ်ရတာက လက်ရှိ အနေအထားနဲ့ လိုက်ဖက်တာကြောင့်လည်း အချို့ တောင်သူတွေက ဘိန်းကို စိုက်ပျိုးကြတာလို့ ဆိုကြပါတယ်။ 

ဘိန်းစိုက်ပျိုးတဲ့ဒေသတွေက စစ်ပွဲဖြစ်ပွားနေတဲ့ နယ်မြေတွေမဟုတ်ကြပေမယ့် အမျိုးမျိုးသော လက်နက်ကိုင် အဖွဲ့အစည်းတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေ ဖြစ်နေကြတာ တွေ့ရပါတယ်။ အာဏာသိမ်းစစ်တပ် နဲ့ အပစ်ရပ်ထားတဲ့ အဖွဲ့၊ နယ်ခြားစောင့်တပ်၊ စစ်တပ်နဲ့ တိုက်ခိုက်နေတဲ့ အဖွဲ့ စသဖြင့် အမျိုးမျိုးသော လက်နက်ကိုင် အဖွဲ့တွေ ထိန်းချုပ်နယ်မြေတွေ ဖြစ်ပါတယ်။ ရှမ်းအရှေ့၊ ရှမ်းမြောက်၊ ရှမ်းတောင်၊ ကရင်နီ၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း အထက်ပိုင်း အိန္ဒိယနယ်စပ် အနီး၊ ချင်းပြည်နယ် နဲ့ အိန္ဒိယနယ်စပ်အနီး တို့ဖြစ်ပါတယ်။ ရှမ်းပြည်နယ် အရှေ့ နဲ့ ရှမ်းပြည်နယ် တောင်ပိုင်း မြောက်ပိုင်းတွေမှာ ဆယ်စုနှစ်များစွာကတည်းက အစဥ်အဆက် ဘိန်းစိုက်ပျိုးမှု ရှိခဲ့တဲ့ ဒေသတွေဖြစ်ပြီး ရှမ်းပြည်နယ်ရဲ့ လက်နက်ကိုင် စစ်ပွဲတွေ၊ ပြည်သူ့စစ်၊ လွတ်မြောက်ရေး တပ်အမည်ခံထားပြီး ဘိန်းကုန်ကူးတဲ့ လက်နက်ကိုင် တပ်တွေနဲ့ ၁၉၆၀၊ ၇၀၊ ၈၀ ခုနှစ်တွေမှာ ကမ္ဘာ့သတင်းတွေအထိ ထင်ရှားခဲ့တဲ့ ဒေသတွေဖြစ်ပါတယ်။ 

နိုင်ငံတကာရော မြန်မာနိုင်ငံမှာပါ တရားမဝင် ဘိန်းစိုက်ပျိုးမှုကို ဥပဒေအရ ခွင့်မပြုထားတဲ့ အနေအထားမှာ ဘိန်းစိုက်ပျိုးသူတွေ အနေနဲ့ အခွန်ကောက်ခံပြီး အကာအကွယ်ပေးမယ့် လက်နက်ကိုင် အဖွဲ့အစည်းရှိဖို့လိုအပ်သလို ထွက်ရှိလာတဲ့ ဘိန်းကို ဝယ်ယူကာ နယ်စပ်ဖြတ်ကျော် ရောင်းချနေကြတဲ့ ဘိန်းကုန်ကူးသူတွေကိုလည်း လက်နက်ကိုင် အဖွဲ့တွေကပဲ လုံခြုံရေးအကာအကွယ်ပေးကြရတာ ဖြစ်ပါတယ်။ ဘိန်းစိုက်တဲ့ တောင်သူတွေ အနေနဲ့ ဘိန်းတပိသာက ရရှိတဲ့ငွေကြေးက အခြားစိုက်ပျိုးသီးနှံက ရတာထက် ပိုတာမှန်ပေမယ့် ချောင်ချောင်လည်လည်နဲ့ စုမိဆောင်းမိလောက်တဲ့ ငွေကြေးမျိုး ရရှိခံစားကြရတာ မဟုတ်ပါဘူး။ အခြားစိုက်ပျိုးထွက်ရှိတဲ့ ကုန်တွေရောင်းချဖို့ စျေးကွက် မသေချာတာ လက်ရှိ ပြည်တွင်းစစ်ကာလမှာ နယ်စပ်ကုန်သွယ်ရေးတွေ ပိတ်နေသလို စိုက်ပျိုးထွက်ကုန် သယ်ဆောင်ရတဲ့ စရိတ်စကတွေလည်း ကြီးမြင့်လာတာကြောင့် အခြားသီးနှံတွေကနေ ငွေရဖို့ မရေရာတဲ့အနေအထားမှာ ဘိန်းစိုက်ပျိုးပြီး အသက်ရှင်သန်ဖို့ ရွေးချယ်ကြရတာလည်း ဖြစ်ပါတယ်။ ယခင် လက်နက်ကိုင် ပဋိပက္ခတွေ မဖြစ်ပွားခင်က ပြောင်းတွေ စိုက်ပျိုးပြီး နယ်စပ်ကတဆင့် ထိုင်း၊ တရုတ်နိုင်ငံတို့ကို ရောင်းချနိုင်ခဲ့တဲ့ အခြေအနေတွေက အခုအခါမှာ မရှိတော့တဲ့ သဘောလည်း ဖြစ်ပါတယ်။ အဆိုပါ စိုက်ပျိုးသီးနှံတွေက ထွက်ရှိချိန်မှာ အချိန်မှီတင်ပို့နိုင်ဖို့လည်း အရေးကြီးပြီး ကားလမ်းပိတ်နေတာ၊ နယ်စပ်ဂိတ်တွေ ပိတ်နေတဲ့အခြေအနေမျိုးမှာ ဆုံးရှုံးမှုနဲ့ ရင်ဆိုင်ကြရမယ့် အန္တရာယ်လည်း ရှိနေတာဖြစ်ပါတယ်။ ဘိန်းစိုက်ပျိုးရာက ထွက်ရှိလာတဲ့ ဘိန်းစိမ်း၊ဘိန်းမဲကိုတော့ စိုက်ပျိုးသီးနှံလိုမဟုတ်ပဲ ဝန်ကျဥ်းကျဥ်းနဲ့ သိုလှောင်ထားနိုင် ကာလအတိုင်းအတာတခုထိလည်း စောင့်ပြီးရောင်းနိုင်တဲ့ အနေအထားတွေက ဘိန်းစိုက်ပျိုးမှုကို ရွေးချယ်ရတဲ့ အကြောင်းအချက်တွေ ဖြစ်လာစေပါတယ်။ 

စစ်ပွဲတွေ မဖြစ်ပွားနေတဲ့ကာလတွေမှာ ဒေသဖွံ့ဖြိုးရေး၊ ဒေသခံတောင်သူတွေ အတွက် အစားထိုးသီးနှံစိုက်ပျိုး ရောင်းချနိုင်ဖို့ နိုင်ငံတကာ အကူအညီ၊ အစိုးရ အကူအညီတွေနဲ့ အစီအစဥ်တွေ လုပ်ဆောင်ခဲ့ကြတာတွေ ရှိပေမယ့် အခုလို စစ်မီးပြန်တောက်လောင်လာချိန် စစ်ပွဲအတွက် ကုန်ကျစရိတ်တွေ အရေးတကြီးလိုအပ်လာတဲ့ အခြေအနေမျိုးမှာ ဘိန်းစိုက်ပျိုးမှုနဲ့ မူးယစ်ဆေးဝါး ကုန်ကူးမှုတွေကနေ အခွန်ကောက်ခံတာတွေက လက်နက်ကိုင် အဖွဲ့တွေရဲ့ အဓိကကျတဲ့ ဝင်ငွေ လမ်းကြောင်းတွေ ဖြစ်လာတာပါ။ 

ဘိန်းစိုက်ပျိုးမှုလို့ဆိုရင် ရှမ်းပြည်လို့ တန်းပြီးမြင်ကြပေမယ့် ခုနောက်ပိုင်းကာလတွေမှာ ရှမ်းပြည်တခုထည်း မဟုတ်တော့ပါဘူး။ တောင်တန်းတွေပေါများပြီး ရာသီဥတုကလည်း ဘိန်းစိုက်ပျိုးဖို့ အခြေအနေပေးတဲ့ ချင်းပြည်နယ်၊ စစ်ကိုင်း၊ ကချင်ပြည်နယ်တို့လို ဒေသတွေမှာပါ စိုက်ပျိုးလာကြတာ တွေ့ရပါလိမ့်မယ်။ တရားဥပဒေ စိုးမိုးမှု လျော့ကျလာတာကြောင့် ဘိန်းစိုက်တဲ့ ဧရိယာ ကျယ်ပြန့်လာသလို ယခင်က စိုက်လေ့စိုက်ထ မရှိတဲ့ဒေသတွေအထိ ပျံ့နှံ့လာတာ ဖြစ်ပါတယ်။ 

ချင်းပြည်နယ်ရဲ့ မြောက်ဘက်အကျဆုံး ကျီခါး တွန်းဇံစတဲ့ မြို့နယ်တွေမှာ ဘိန်းစိုက်ပျိုးလာတာက ဆယ်စုနှစ်တခုသာသာ ပဲရှိသေးတာ ဖြစ်ပါတယ်။ အခုနောက်ပိုင်း စစ်ကိုင်းတိုင်း မြောက်ဘက် အကျဆုံး အိန္ဒိယနယ်စပ်ဒေသတွေမှာလည်း ဟက်တာ ရာဂဏန်းရှိတဲ့ဘိန်းစိုက်ပျိုးမှုတွေ အစီရင်ခံစာမှာ ဖေါ်ပြထားတာ တွေ့လာကြရတာ ဖြစ်ပါတယ်။ 

ဘိန်းစိုက်ပျိုးတာ အပြင် မူးယစ်ဆေးဝါး ထုတ်လုပ်တဲ့ လုပ်ငန်းတွေလည်း ရှမ်းပြည်နယ်က ပြည်သူ့စစ် အဖွဲ့တွေ နဲ့ လက်နက်ကိုင် အဖွဲ့တွေမကတော့ဘဲ မြန်မာနိုင်ငံရဲ့ အခြားသောဒေသတွေကိုပါ ပျံ့နှံ့လာနေတာလည်း ထွက်ပေါ်လာတဲ့ သတင်းတွေအရ သိရှိရပါတယ်။ ယခုရက်ပိုင်း မဇ္စျိမဌာနရဲ့ သတင်းတပုဒ်မှာ မြဝတီမြို့နယ်ထဲက DKBA ထိန်းချုပ်နယ်မြေထဲမှာ စိတ်ကြွဆေးပြားထုတ်လုပ်တဲ့ စက်ရုံတရုံ အကြောင်းစုံစမ်း ဖေါ်ထုတ်ရေးသားထားတာ တွေ့ရပါတယ်။ 

စိတ်ကြွမူးယစ်ဆေးပြားတွေကအများဆုံး ရှမ်းပြည်နယ်မှာ ထုတ်လုပ်ကြတာ ဖြစ်ပြီး မြန်မာနိုင်ငံကို ဖြတ်သန်းပြီး အနောက်ဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အိန္ဒိယနိုင်ငံတွေက တဆင့် နိုင်ငံတကာ ဆီ ထွက်နေကြသလို အရှေ့ဘက် ထိုင်း နိုင်ငံကို ဖြတ်ပြီးတော့လည်း နိုင်ငံတကာဆီ ထွက်ရှိနေကြတာပါ။ 

မြန်မာနိုင်ငံရဲ့ ဂုဏ်သတင်းကို ဘိန်းဖြူ၊ စိတ်ကြွမူးယစ်ဆေးပြားတို့လို ထွက်ကုန်တွေနဲ့ တွဲလျှက်သိရှိနေကြတာ ဆယ်စုနှစ် အတော်များများ ရှိနေပြီဖြစ်ပါတယ်။ ကမ္ဘာမှာ ကျော်ကြားတဲ့ ရွှေတြိဂံဒေသ နဲ့ ဘိန်းထုတ်လုပ် ကုန်ကူးမှုတွေ က အရင် ဆယ်စုနှစ်များစွာကတည်းက သိရှိခဲ့ကြသလို အခုအချိန်ထိတိုင် ဘိန်းနဲ့ စိတ်ကြွမူးယစ်ဆေးတွေ စိုက်ပျိုးထုတ်လုပ်ရာ ထွက်ရှိရာ နိုင်ငံအဖြစ်နဲ့ သိရှိနေကြဆဲလည်း ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar