Breaking News

နေသွင်ညိဏ်း - ကမ္ဘာကြီးကြီးထဲက ကမ္ဘာသေးသေးများကို ရှာဖွေသူဒေါက်တာ ဇေဘယ်

 

 Photo- Credit

ကမ္ဘာကြီးကြီးထဲက ကမ္ဘာသေးသေးများကို ရှာဖွေသူဒေါက်တာ ဇေဘယ်

နေသွင်ညိဏ်း

(မိုးမခ) ဒီဇင်ဘာ ၂၃၊ ၂၀၂၅ 

မနေ့က ဘွဲ့နှင်းသဘင်မှာ ကျနော် စိတ်အဝင်စားဆုံးက ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ချီးမြှင့်ခံရတဲ့ Dr Arnold Zabel ပါပဲဲဲဲ။ ဆရာကြီးရဲ့ နာမည် ပထမစာလုံး Arnold ဆိုတာ မင်းသားကြီး အာနိုးရဲ့ နာမည်စာလုံးပေါင်းအတူတူပါပဲ။ ၁၉၄၇ မှာ မွေးဖွားကြတာချင်းလည်း တူကြပါတယ်။ မူလနိုင်ငံက​နေ ပြောင်း​ရွှေ့ခဲ့ရတာချင်းလည်း တူကြပါတယ်။ ဒေါက်တာ ဇေဘယ်မိသားစုက ပိုလန်က​နေ ဩစ​တြေးလျကို ပြောင်း​ရွှေ့ရသူ ဖြစ်ပြီး၊ မင်းသားကြီး အာနိုး မိသားစုက ဩစတြီးယားဆိုတဲ့ နိုင်ငံ​က​နေ အ​မေရိကားကို ပြောင်းရွှေ့ခဲ့ရသူ ဖြစ်ပါတယ်။
ဒေါက်တာ ဇေဘယ်အ​ကြောင်းကို စမိတ်ဆက်တဲ့ အခါ ဂျူးလူမျိုးဖြစ်တာ၊ ထင်ရှားတဲ့စာ​ရေးဆရာ၊ ဝတ္ထု​ရေးဆရာ၊ လူ့အခွင့်အ​ရေးလှုပ်ရှားသူ၊ လူသားဆန်မှုကို အ​လေးထား​တဲ့ စာ​ပေများစွာဖန်တီးသူ ဆိုတာ​ကြောင့် ကျ​နော် စိတ်ဝင်စားပါတယ်။ ဘာ​ကြောင့်လဲဆိုရင် အရင်ရက်ကပဲ ဆစ်ဒနီက ဂျူးပွဲ​တော်တခုကို သေနတ်သမားနှစ်​ယောက် ဝင်ပစ်ခဲ့တဲ့ ထိန့်လန့်စရာ သတင်းဟာ ပူပူ​နွေး​နွေးရှိပါ​သေးတယ်။ 
နောက်တချက်က​တော့ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း ကျ​နော် ကျောင်းတက်​နေတဲ့ ကာလမှာ မယ်ဘုန်းတက္ကသိုလ်ဝင်းထဲမှာ နိုင်ငံ​ရေး လေ​ပွေ ဝဲဂယက်​တွေရှိပါတယ်။ ဂါဇာမှာ ဖြစ်​နေတဲ့ နိုင်ငံ​ရေး မုန်တိုင်းရဲ့ အဆက်ပါ။ အထူးသဖြင့် အစ္စ​ရေးဘက်က ပစ်ခတ်တဲ့ အ​မြောက်ဆံ​ကြောင့် ပါလက်စတိုင်းဘက်မှာ အရပ်သား​သေဆုံးမှုကို မ​ကျေနပ်တဲ့ ဆန္ဒပြပွဲ​တွေ ဖြစ်ပါတယ်​။ တခါတရံ အတန်း​တွေ ရပ်ပစ်ရတဲ့အထိ၊ လုံခြုံ​ရေး​တွေ ပိတ်ဆို့ရတဲ့ အထိ ပြင်းထန်ပါတယ်။ 
ဒါ​ပေမယ့် ဒီတက္ကသိုလ်က​နေ ဂျူးနွယ်ဖွား ထင်ရှားတဲ့ စာ​ရေးဆရာ တ​ယောက်ကို ဂုဏ်ထူး​ဆောင် ပါရဂူ ဘွဲ့​ပေးတယ်ဆို​တော့ ကျ​နော်အတွက် ပိုစိတ်ဝင်စားစရာ ဖြစ်​နေပါတယ်။ တကယ်က ဆရာက နဂိုကတည်းက မယ်ဘုန်းတက္ကသိုလ်မှာပဲ BA နဲ့ PhD ဘွဲ့​တွေရပြီးသားဖြစ်လို့ ဒီတက္ကသိုလ်ဟာ သူ့ရဲ့ မိခင်ဌာနပါပဲ။ 
အတိုချုပ်ရရင် ဒေါက်တာ ဇေဘယ်ရဲ့ မိန့်ခွန်းကို ကျ​နော် ဂရုစိုက်နား​ထောင်ပါတယ်။ ဆရာက သူ့မိခင်ဟာ ပိုလန်မှာ ပဋိပက္ခနဲ့ စစ်ပွဲ​တွေ​ကြားထဲ က​လေးဘဝကို ဖြတ်သန်းခဲ့ရလို့၊ ညည ‘ မေ​မေ၊ မေ​မေ’ လို့ အော်​ခေါ်ရင်း လန့်လန့်နိုးတတ်တဲ့ အ​ကြောင်း ပြောပါတယ်။ တကယ်​တော့ သူ့ မိခင်ဘက်က သွေးသားအရင်းအခြာ​တွေ မကပါဘူး။ ဖခင်ဘက်က ညီအကို​တွေ၊ ဝမ်းကွဲများဟာ ဂျူး ဖြစ်လို့ အသတ်ခံခဲ့ရ၊ ပျောက်ဆုံးခဲ့ရပါတယ်။ 
ဒါ​ပေမယ့် ဒေါက်တာ ဇေဘယ်က သူ့ မေ​မေ ပြောပြတဲ့ စကားတခွန်းကို မှတ်သားထားပါတယ်။ 
‘ ကမ္ဘာကြီးထဲမှာ ကမ္ဘာငယ်က​လေး​တွေ အများကြီးရှိတယ်။ အ​မေတို့​တွေဟာ တူတူပုန်းတမ်း ကစား​နေကြတာကွဲ့’ 
ဒေါက်တာ ဇေဘယ်ရဲ့ မိခင်ဟာ ပိုလန်က ယီဒစ် - Yiddish ဘာသာစကား​ပြောတဲ့ လူမျိုးဖြစ်ပြီး၊ ရိုးရာ အဆို​တော်ပါ။ အ​ဖေကလည်း ယီဒစ် လူမျိုးကဗျာဆရာပါ။ နယူးဇီလန်မှာ မွေးတဲ့ ဇေဘယ်က​လေး အရွယ်​ရောက်​တော့ ပိုလန်ကို ပထမဆုံးသွားတဲ့အခါ သူ့အ​ဖေ ကဗျာဆရာက ပိုလန်က နာရီစင်ကြီးကို သတိရ​ကြောင်း ပြော​ပေးပါလို့ သူ့သားကို မှာပါတယ်။ ဒီလို အ​ဖေနဲ့ အ​မေက မွေးတဲ့သားဟာ ဒေါက်တာ​ဇေဘယ်ဖြစ်လာပါတယ်။ 
ဒေါက်တာ ဇေဘယ်ရဲ့ ဘဝဇာတ်လမ်းဟာ ပဋိပက္ခ၊ ခွဲခြားဆက်ဆံမှု​တွေက​နေ လွတ်​မြောက်ခဲ့တဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ဒါပေမယ့် ဇာတ်လမ်းက ဒီအချိန်မှ စတယ်။ ဒေါက်တာ ဇေဘယ်ဟာ သူ့မေမေ ပြောတဲ့ ကမ္ဘာကြီးထဲက ကမ္ဘာငယ်များစွာကို  ရှာပုံ​တော် ဖွင့်ပါတယ်။ ကမ္ဘာအနှံ့ ဖိနှိပ်မှု၊ ခွဲခြားဆက်ဆံမှု​တွေ ရှိတဲ့ အရပ်​တွေဆီ မ​နေမနား ခရီးထွက်ပြီး စာအုပ်​တွေ ရေးပါတယ်။ အမှတ်ရချက်​တွေ၊ အက်​ဆေး​တွေက ဒုက္ခသည်​တွေ၊ ရွှေ့​ပြောင်း အ​ခြေချသူ​တွေရဲ့ အသံ​တွေကို ပဲ့တင်ထပ်​ပေးပါတယ်​။ 
‘ဇာတ်လမ်းတပုဒ်ဆိုတာ လူသားတယောက်အ​ကြောင်းကို အ​သေးစိတ်ခြယ်မှုန်းပြတဲ့ အနုပညာဆို​ပေမယ့် တချိန်တည်းမှာ လူသားအားလုံးနဲ့ သက်ဆိုင်ပါတယ်’ လို့ ပြောတယ်။ 
ဆရာကြီးဟာ ဆင်စွယ်နန်းတော်ထဲက ပါရဂူ၊ စာရေးဆရာမဟုတ်ပါဘူး။ တက္ကသိုလ်ဆိုရာမှာ အခုလို ဘွဲ့တွေပေးတဲ့ တက္ကသိုလ်သာမက လမ်းဘေးတက္ကသိုလ်များစွာ ရှိတယ်ဆို မမေ့ပါနဲ့ လို့ ဆရာက ပြောတဲ့အခါ ကျ​နော်က ဆရာ​ဇော်ဂျီရေးတဲ့ ‘ပုဂံ​စျေး’ ဝတ္ထုကို သတိရပါတယ်။ အထူးသဖြင့် အခုလို သတင်းအမှား​တွေ၊ သတင်းလိမ်​တွေဖောင်းပွတဲ့ ကာလပျက်ကြီး၊ လူ့တ​ယောက်ရဲ့ အတ္တအစွဲနဲ့ တယူသန်မှုကို ပိုပြီးမီးထိုး​ပေးတဲ့ အယ်ဂရစ်သမ်​တွေ​ခေတ်မှာ သာမန်လူ​တွေကြားထဲ အမှန်တရားရှာဖို့ ပိုလိုအပ်လာတယ်လို့ ဆရာက သတိ​ပေးပါတယ်။ သူ့​မေ​မေရဲ့ စကားအတိုင်း ‘ကမ္ဘာကြီးကြီးထဲ ကမ္ဘာငယ်များစွာရှိနေတာကို တွေ့​အောင်ရှာကြပါ’ ဆိုတဲ့ ဆရာ့ စကားကိုလည်း မှတ်သားထားလိုက်ပါတယ်။ 
ဘွဲ့နှင်းသဘင်က အပြန် ကျနော့်မှာ အတွေးများစွာ ပါလာပါတယ်။ 
ပဋိပက္ခ၊ ခွဲခြားဆက်ဆံမှု၊
လူသားဆန်မှု၊ လွတ်မြောက်ခြင်း၊
လိုက်တမ်း ပြေးတမ်း၊
လမ်းဘေးတက္ကသိုလ်။
ကျေးဇူးတင်ပါတယ် ဒေါက်တာ ဇေဘယ် ခင်ဗျား။
နေသွင်ညိဏ်း
၂၀ ဒီဇင်ဘာ ၂၀၂၅

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar