မောင်လူမွှေး - လူအိပ်တန်းပစ်လာကြတယ်
မောင်လူမွှေး - လူအိပ်တန်းပစ်လာကြတယ်
မိုးမခ ၊ ဒီဇင်ဘာ ၄ ၊ ၂၀၂၅
လျှပ်စစ်မီးတွေ မရှိတဲ့ မောင်လူမွှေးတို့ရဲ့ တော်လှန်နယ်မြေရ ဆောင်းညတွေဟာ စောစောစီးစီးပဲ အသံတွေ တိတ်လေ့ရှိပါတယ်။ ညအချိန်မှာ အော်မြည်တတ်ကြတဲ့ အကောင်ပလောင်လေးတွေလည်း ဆောင်းရာသီမှာ သိပ်မအော်ကြဘူး။ သူတို့လည်း အအေးဓာတ်ကို လူတွေလိုပဲ ပုန်းရှောင်နေကြမယ် ထင်ရဲ့။ မောင်လူမွှေးတို့ဆီမှာ နိုဝင်ဘာလကုန်ပိုင်းကစပြီး သိသိသာသာကြီး အေးလာတာကို သတိထားမိတယ်။
နိုဝင်ဘာ ဆောင်းညတညမှာတော့ အသံကျယ်ကြီး ကြားလိုက်ရတယ်။ မောင်လူမွှေး မိတ်ဆွေ နေတဲ့ရွာကို စစ်တပ်က ဗုံးကြဲသွားတယ်။ လူနှစ်ယောက် သေသွားတယ်။ တယောက်က ဒဏ်ရာပြင်းထန်ရပြီး ကုသရင်း သေရတယ်။ နောက်တယောက်ကိုတော့ အိမ်နောက်ဖေးမှာ ဒဏ်ရာနဲ့ သေနေတာကို မနက်လင်းမှ တွေ့ကြရသတဲ့။ ညမှောင်မှောင်ထဲ အထိတ်တလန့်နဲ့ ပြေးကြလွှားကြရတော့ ချက်ချင်းမသိနိုင်ကြတာ ဖြစ်တယ်။
ဆောင်းရာသီ စဝင်ကတည်းက အာဏာသိမ်းစစ်တပ်ရဲ့ လေယာဥ်တွေဟာ မကြာမကြာ လာတော့တာ ဖြစ်တယ်။ တိတ်ဆိတ်တဲ့ ဆောင်းည ကောင်းကင်က ကြယ်တွေရဲ့အလှကို ခံစားဖို့ထက် ကောင်းကင်ကနေ ရိုက်ခတ်လာမယ့် လူသတ်လေယာဥ်သံကိုပဲ နားစွင့်နေရတယ်။ တိုက်ပွဲဖြစ်နေတာ မဟုတ်ရင် သူတို့ကလည်း ညအချိန်တွေမှာပဲ လာကြတယ်။
ညအချိန်တွေ လာတယ်ဆိုတာက တကယ့်အိပ်ကောင်းမယ့် အချိန်တွေကို ရွေးပြီး လာကြတာပါ။ မောင်လူမွှေးတို့ ညီငယ် ကဗျာဆရာနဲ့ စာပေမိတ်ဆွေတွေရှိတဲ့ ချင်းတောင်ကိုဆို ည ကိုးနာရီကျော်၊ ဆယ်နာရီကျော်လောက် လာပြီး ဗုံးကြဲလေ့ရှိတယ်။ ဒေသခံတွေခမျာ တောင်ပေါ်ဆောင်းရာသီ ချမ်းချမ်းကြီးထဲ ထပြေးကြရ၊ လွှားကြရနဲ့။ တရက်၊ နှစ်ရက် မဟုတ်တော့ ဘယ်လွယ်ပါ့မလဲ။
ဒီတပတ်ထဲ ဟားခါးမြို့နယ်ထဲက ရွာတရွာနားကို ညသန်းခေါင်ကျော်ပြီး မနက် ၁ နာရီမှာ ဂျက်ဖိုက်တာနဲ့ လာကြဲသွားတယ်။ တိတ်ဆိတ်တဲ့ညတွေမှာ ဗုံးပေါက်ကွဲသံဆိုတာ အဝေးကြီးကနေ ကြားရတယ်။ ဒီလို ညအိပ်ကောင်းချိန်မှာ အပစ်ခံရရင် ကြိုတင်ရှောင်ရှားဖို့ အခွင့်အရေး အင်မတန်နည်းပါတယ်။ လူသတ်စစ်တပ်ကလည်း ဒါကို အခွင့်အရေးတရပ်အဖြစ် အသုံးချပြီး သတ်ဖြတ်ဖို့၊ ခြိမ်းခြောက်ဖို့ ကြိုးစားနေတာ ဖြစ်တယ်။
မောင်လူမွှေးတို့ ငယ်ငယ်က တောအရပ်မှာ အိပ်တန်းပစ်တယ်ဆိုတာ ရှိတယ်။ ရွာစပ်က တောထဲသွားပြီး သစ်ပင်ပေါ်မှာ အိပ်နေတဲ့ တောကြက်နဲ့ ငှက်တွေကို အောက်ကနေ ဓာတ်မီးနဲ့ထိုးပြီး လေးခွနဲ့ပစ်ကြတယ်။ ဘာသာတရားအရ ဖြစ်စေ၊ ကျင့်ဝတ်အရ ဖြစ်စေ သူများ အိပ်နေချိန်မှာ တိတ်တဆိတ် သတ်ဖြတ်တာမို့ ဆိုးရွားပါတယ်။ ဒါကြောင့် သိတတ်တဲ့ လူကြီးမိဘတွေက အိပ်တန်းပစ်တာကို ပြင်းပြင်းထန်ထန် တားမြစ်ကြပါတယ်။
ခုတော့ မောင်လူမွှေးတို့ ပြည်သူတွေဟာ အာဏာသိမ်းစစ်တပ်ရဲ့ လူလူချင်း "လူအိပ်တန်းပစ်" တာကို ခံနေကြရတယ်။ လူတွေ ဖြောင့်ဖြောင့်မအိပ်ကြရဘူး။ ညမှောင်မှောင်မှာ ဘာမှမမြင်ရတဲ့ ကောင်းကင်ကနေ မြည်ဟည်းနေတဲ့ သေမင်းတမန် ဂျက်ဖိုက်တာရဲ့ အသံကို ကြုံဖူးတဲ့သူတွေမှသာ ခံစားနားလည်နိုင်ကြမယ် ထင်ပါရဲ့။ စစ်အာဏာရှင် စစ်တပ် မပြုတ်သ၍တော့ မောင်လူမွှေးတို့ဟာ ဖက်ဒရယ်အိပ်မက်၊ ဒီမိုကရေစီအိပ်မက်တွေကိုတောင် ဖြောင့်ဖြောင့်မက်လို့ ရမှာမဟုတ်ပါဘူးခင်ဗျာ။
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar