Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - One Belt One Road One Scam

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - One Belt One Road One Scam

မိုးမခ ၊ ဒီဇင်ဘာ ၁၄ ၊ ၂၀၂၅


ကဲ ပြောစမ်း အဘွားကြီး၊ ဓားပြက ဘယ်လိုပုံစံရှိလဲ ဆိုတော့ ညက ဓားပြတိုက်သွားတာလည်း နင်၊ ခု မနက် ဓားပြဖမ်းပေးမယ် ပြောတာလည်း နင် ဆိုတော့ ဘယ်လိုပြောရမလဲ စဉ်းစားနေတာဆိုတာလို စစ်ဗိုလ်ချုပ်တွေက ကျားဖြန့်တိုက်ဖျက်ရေးကြီးကြပ်မှု ဗဟိုကော်မတီ ဖွဲ့စည်းလိုက်တယ်ဆိုတော့ ဘယ်လိုပြောရမလဲပေါ့။ 

သူ့ဆရာကြီး တရုတ်ကို အားကျပုံဘဲ။ တရုတ်ကလည်း သူ့ပြည်သူကိုလိမ်တဲ့ ရှမ်းမြောက်ကျားဖြန့်သာ နှိမ်နင်းတယ် လုပ်သာ၊ ကရင်ဘက်က အမေရိကန်ပြည်သူကို လိမ်တဲ့ ကျားဖြန့်တွေကျ လာမခေါ်ဘူး။ သူ့မာလီစစ်တပ်ကို BGF နဲ့ပေါင်းပြီး ဆက်လိမ်ဖို့များ ကူပေးနေသလားဘဲ။ 

စကစရဲ့ ကျားဖြန့်ရုံတွေကို ဝင်စီးတယ်ဆိုတာက အမေရိကန်ကိုကြောက်ပြီး သက်သေပစ္စည်းဖျောက်တာလေ။ ဟန်ပြဖြိုပြီး လူတွေကိုတော့ နေရာသစ်ပို့၊ အဆောက်အဦတွေ အားချင်းဆောက်၊ ငွေလိမ်လုပ်ငန်းပြန်စ၊ မအလရဲ့ မိုင်တဲလ်ဆင်းကဒ်တွေ အလုပ်ဖြစ်နေကြပြီပေါ့။

သူတို့ ကျားဖြန့်နှိမ်နင်းပုံက လူလိမ်တွေကို အစုလိုက် အပြုံလိုက် တနိုင်ငံလုံးကို ဖြန့်ပို့ပြီး တဖက်လှည့်နဲ့ ကျားဖြန့်လုပ်ငန်း တိုးချဲ့တာ။

ဖဒိုစောတောနီးတို့ KNU လုပ်ပုံနဲ့ ယှဉ်ကြည့်ပေါ့။

“ဖုန်းတွေ၊ အင်တာနက်ဆက်သွယ်ရေးကိရိယာတွေ၊ စာရွက်စာတမ်းရသမျှ အကုန်သိမ်းဆည်းပြီးတော့ သက်ဆိုင်ရာကို ကျွန်တော်တို့ လွှဲတန်လွှဲတယ်။ ကျွန်တော်တို့ သိမ်းဆည်းတန် သိမ်းဆည်းတယ်။ အဲဒါက လိမ်လည်တဲ့သူတွေကို ခြေရာခံရာမှာ အရမ်းကို အကျိုးရှိတယ်။ သူတို့လုပ်တာက အဲဒီလိုမှမဟုတ်ဘဲ။ ဖုန်းအလုံးပေါင်းသောင်းနဲ့ချီ၊ Laptop တွေကို ဘူဒိုဇာနဲ့ ကြိတ်ပစ်လိုက်တာ။ အဲဒါက အစဖျောက်တာပဲ” လို့ သူက ပြောထားတယ်။

KNU က မင်းလက်ပံရွာဆိုက်ကို ထိန်းချုပ်ထားပြီး လူပေါင်း ၃၀၀၀ ကျော်ကို ထိန်းသိမ်းကာ နေရပ်ပြန်လိုတဲ့ လူ ၂၀၀၀ ထောင်ကျော်ကို နေရပ်ပြန်နိုင်ဖို့ ထိုင်းအာဏာပိုင်တွေနဲ့ ချိတ်ဆက်လုပ်နေတယ်။ စစ်အုပ်စုကတော့ ပစ္စည်းသက်သေဖျောက်ရုံတင်မက အကုန်မောင်းထုတ်ဟန်ဆောင်ပြီး ကရင်ပြည်နယ်က နေရာသစ်တွေ၊ ပြည်မထဲတွေ ပို့ပြီး တရားခံတွေကိုပါ ဖျောက်ပစ်လိုက်တယ်။ အဆောက်အအုံတွေကလည်း အဖျက်ပြတဲ့ဟာပြ၊ ဆက်လုပ်တဲ့ဟာလုပ်၊ စစ်စခန်းချတဲ့ဟာချနဲ့ အကုန်ရောသမထားတဲ့ ကျားဖြန့်တိုက်ဖျက်ရေးပုဲစံထူးကြီးပေါ့။

ခုတိုက်ပွဲဖြစ်ပွားနေတဲ့ မင်းလက်ပံနားက Dongmei Park မှာ စစ်တပ်က အခြေစိုက် စစ်စခန်းလုပ်ထားတယ်။ အဲဒီမှာဆို မြန်မာအလုပ်သမားတွေကို ထွက်ခွင့်ပေးတယ်။ ဒါပေမဲ့ အလကားတော့ မရဘူး၊ အဲဒီမှာရှိတဲ့ စစ်တပ်နဲ့ BGF ကို ပိုက်ပိုက်ပေးရတယ်။ မြန်မာမှတ်ပုံတင်ကိုင်ထားတဲ့ တရုတ်တွေနဲ့ တခြားနိုင်ငံခြားသားတွေကတော့ ငွေဆက်လိမ်နေရစ်ကြတယ်။

“ဘယ်သူ့မှကို မဖမ်းဘူး။ မြန်မာတွေက ပြန်မယ်ဆိုတာတောင် အတော်လေး ပြောယူရတယ်။ ပြည်မကလူတွေ မပြောနဲ့ ဘေးရွာက အင်းကြင်းမြိုင်တို့ မယ်ထော်သလေးတို့က လူတွေကိုတောင် ပေးမပြန်ခိုင်းဘူးလေ။ နောက်တော့ ညှိပြီး ပိုက်ဆံပေး ပြန်ရတာပဲ။ တရုတ်တွေကိုတော့ မရွှေ့သေးဘူး။ အထဲမှာ စစ်တပ်ကကောင်တွေ KTVတို့ HI ခန်းတို့မှာ သောက်စားနေကြတာပဲ” လို့ အသက် ၃၀ အရွယ် ဒေသခံအမျိုးသမီးတဦးက မဇ္ဈိမကို ပြောသတဲ့။

အဖျက်ပြထားတဲ့ KK-Park ခြံဝင်းကိုလဲ နောက်တန်း စစ်ဆေးရုံလုပ်ထားတယ်။ သူတို့ တိုက်ဖျက်ပုံက စစ်စခန်း၊ ကျားဖြန့်၊ KTV သရီးအင်ဝမ်းနော်။

ဒီကောင်တွေ ဘယ်လောက် ကျားဖြန့်ကြသလဲဆို စီးပွားရေး ပညာရှင် ရှောင်တားနားကတောင် "အလွန်တော်တဲ့ မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေပါ။ ခင်ဗျားတို့ကအခုဆိုရင် မြန်မာနိုင်ငံကို ငွေကြေးခဝါချမှုနဲ့ ငွေကြေးဆိုင်ရာ ရာဇဝတ်မှုတွေအတွက် ကမ္ဘာပေါ်မှာ အန္တရာယ်အများဆုံး နံပါတ် ၁ နိုင်ငံ ဖြစ်အောင် လုပ်လိုက်ကြပြီ" လို့ ဖေ့စ်ဘွခ်မှာ ဂုဏ်ပြုထားပါတယ်။

စစ်တပ်နဲ့ BGFဟာ ကျားဖြန့်ကို အကြောင်းပြုပြီး ဘယ်နှသီးစားနေတယ် မသိ။ ဆေးပြားလည်း တွဲထုတ်တယ်။ ဘိန်းစိုက် ဘိန်းချက်တယ်။ နောက် ငွေတုပါ ထုတ်တယ်။ ဒီကောင်တွေ ငွေတုထုတ်တာ ပေါ်တာကလည်း တကယ့်ဟာသ။

ကျားဖြန့်ရုံတွေကို ဝင်စီးတော့ ဘတ်ငွေတွေ အများကြီးတွေ့တယ်။ အဲဒါတွေကို သူတို့ ထုတ်ထားတဲ့အတုတွေနဲ့ လဲထည့်ကြတာ။ တကယ်တော့ ကျားဖြန့်တွေသုံးတဲ့ ငွေတွေကလည်း အချင်းချင်းလှည့်သုံးဖို့ လုပ်ထားတဲ့ ဘတ်ငွေအတုတွေ။ ဖဲဝိုင်းသုံး ဂျပ်တွေလိုပေါ့။ အဲဒီမှာ စစ်တပ်က ငွေတုလုပ်တာ ပေါ်ကရော။ အရက်မူး ကျွဲခိုးပေါ်တာမျိုးလည်း မဟုတ်၊ မတော်လောဘနဲ့ ဟော ပွပဟဆိုပြီးဟပ်လိုက်တာ။ လောဘကြီး ရီးလောက်ရ ဆိုတဲ့အတိုင်း ဖြစ်တာပေါ့။ အဲဒါကို ကျားဖျက်တိုက်ဖျက်ရေးခေါင်းဆောင် ထွန်းထွန်းနောင် ကိုယ်တိုင်လုပ်တာ။ အာ့ကြောင့် ပြောတာ၊ ညက ဓားပြတိုက်တာလည်း နင်၊ ခု မနက် ဓားပြဖမ်းပေးမယ် ပြောတာလည်း နင်ဆိုတာ။

"ဒီဇင်ဘာ ၇ ရက်နေ့က ကျားဖြန့်တွေဆီက ဖမ်းဆီး သိမ်းဆည်းထားတဲ့ သက်သေခံ ပစ္စည်းတွေ ထားတဲ့ နေရာကို၊ မနေ့က ဖွဲ့စည်းလိုက်တဲ့ ' အွန်လိုင်းလိမ်လည်မှု နှင့် အွန်လိုင်းလောင်းကစားများ တိုက်ဖျက်ရေး ကြီးကြပ်မှုဗဟိုကော်မတီ ' ရဲ့ ကော်မတီဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ဦးဆောင်ရောက်လာပြီး ဖမ်းမိထားတဲ့ ထိုင်း ဘတ်ငွေအတုနဲ့ သူတို့ ရိုက်နှိတ်ထားတဲ့ ထိုင်း ဘတ်ငွေ အတုတွေကို လဲသွားတာ။ သိရသလောက်တော့ ဘီလျံနဲ့ ချီပြီးတော့ကို ရိုက်ထားတယ် ကြားတယ် " တဲ့။ ဂုရုကြီးရီသလို ငှဲလျောင်း ငှဲလျောင်း၊ ကောင်းလှောင့်တေး၊ ကောင်းလှောင့်တေး။ ဘယ်အတုက ကုန်ကျစရိတ် ပိုများမလဲ တွက်သာကြည့်။ ခုဆို ဒီကောင့်ကို သရေကြိုးက ခေါ်ရိုးနေလောက်ပြီ။

ခုသောင်ရင်းမြစ်ဘေးမှာ ခွေးလိုလို လူလိုလို လုပ်နေတဲ့ တရုတ်တွေ ရှိတယ်။ ဒီကောင်တွေက လူမဟုတ်တဲ့ အဆင့်တွေ။ သူတို့လုပ်ထားတာထဲက နမူနာတခုဘဲကြည့်။

ထိုင်းက အမျိုးသမီးတယောက်ရဲ့ တရုတ်ငရဲခန်းတခု။ Hong Long (Tha Pa Lu Le 2) ဆိုတဲ့ တိုက်တန်းလျားတွေမှာ အမျိုးသမီးတွေ အများကြီးရှိတယ်။ သူ ရောက်ရောက်ချင်းပဲ တရုတ်သူဌေးက ဆိုင်မှာ အကြွေးတင်နေတယ်ပြောပြီး အတင်းအဓမ္မ ပြည့်တန်ဆာလုပ်ခိုင်းခဲ့တယ်။

ဆိုင်တည်နေရာကို ဓာတ်ပုံရိုက်ပြီး အကူအညီတောင်းဖို့ပြင်နေတုန်း ဖုန်းစစ်ဆေးခံရပြီး တရုတ် ၅ ယောက်က အခန်းပိတ်လှောင်ကာ တုတ်နဲ့ ရိုက်၊ လျှပ်စစ်နဲ့ တို့၊ နည်းမျိုးစုံနဲ့ သေလုမျောပါး နှိပ်စက်တယ်။ ဒဏ်ရာပြင်းထန်ပေမယ့် ထွက်ပြေးချင်တဲ့အတွက် ဒဏ်ကြေးပေးရမယ်ဆိုပြီး ဧည့်သည် လက်ခံဖို့ အဓမ္မခိုင်းခဲ့တယ်တဲ့။

အဲဒီလိုကောင်တွေ ဖျင်ယားခွင့် ပေးမနေနဲ့ ဗိုလ်ဒါဘောရေ။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar