Breaking News

ကမ္ဘာ့ကြီးရဲ့ အာဏာ ပါဝါ အပြောင်းအလဲတွေနဲ့ မြန်မာ့အရေး

မြန်မာနွေဦးခရိုနီကယ် - ဇန်နဝါရီ ၉ မြင်ကွင်း

မိုးမခ ၊ ဇန်နဝါရီ ၁၀၊ ၂၀၂၆

ကမ္ဘာ့ကြီးရဲ့ အာဏာ ပါဝါ အပြောင်းအလဲတွေနဲ့ မြန်မာ့အရေး 

မြန်မာနိုင်ငံရဲ့ ဆယ်စုနှစ်များစွာ အဆုံးမသတ်နိုင်ခဲ့တဲ့ ပြည်တွင်းစစ် ပြဿနာဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု အပြီး လူထုက အာဏာသိမ်းခဲ့တဲ့ စစ်တပ်အပေါ် ဆန့်ကျင်မှု အမြင့်ဆုံးရောက်ရှိချိန်ကိုရှိပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ နယ်မြေသိမ်းယူနိုင်ရေးအတွက် အခွင့်အလမ်း သာစေခဲ့ပါတယ်။ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်မှ အသစ်အသစ်သော ဖွဲ့စည်းခဲ့တဲ့ လက်နက်ကိုင် အဖွဲ့ပေါင်းများစွာလည်း ပေါ်ထွက်လာခဲ့ပြီး အဖွဲ့အများအပြားထဲမှာ အာဏာသိမ်းစစ်တပ်နဲ့ စင်ပြိုင်ဖွဲ့စည်းခဲ့တဲ့ အမျိုးသားညီညွတ်ရေး အစိုးရ NUG ရဲ့ လက်အောက်က People Defense Force တပ်ဖွဲက ကြီးမားတဲ့ လက်နက်ကိုင်အင်အားရှိတယ်လို့ ဆိုနိုင်ပါတယ်။ NUGရဲ့ PDF တပ်ဖွဲ့ဟာ လူအင်အား ငွေအင်အား အများဆုံးလို့ဆိုနိုင်ပေမယ့် စစ်တပ်တခုလို စုစည်းအမိန့်နာခံမှု၊ စစ်ရေးအတွေ့အကြုံ၊ လက်နက်ခဲယမ်း (လက်ဖြစ်မဟုတ်တဲ့)ကို ကိုယ်တိုင် ထုတ်လုပ်နိုင်စွမ်းတွေမှာတော့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ နှိုင်းယှဥ်လို့ မရတဲ့ အနေအထားက အခု ၅ နှစ် အချိန်ရောက်လာတဲ့အထိ ရှိနေဆဲလို့ဆိုရမှာ ဖြစ်ပါတယ်။ 

ခုရက်ပိုင်းအတွင်း အာဏာသိမ်းစစ်တပ်ထိန်းချုပ်ထားတဲ့ မြို့၊ စစ်စခန်းတွေကို တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့တွေ ဖြစ်တဲ့ AA, KNLA, KIA တို့က စစ်ဆင်တိုက်ခိုက်နေတဲ့ သတင်းတွေလည်း တွေ့နေရပါတယ်။ ရခိုင်ပြည်နယ်မှာ စစ်တွေနဲ့ ကျောက်ဖြူက စစ်တပ်ရဲ့ ကာကင်းစခန်းတွေ၊ ရေတပ် အခြေစိုက်စခန်းတွေကို ဦးတည်တိုက်ခိုက်နေသလို ပဲခူးတိုင်းအရှေ့ဘက်ခြမ်းက ရထားလမ်းပေါ်က တောကျွဲအင်းမြို့ ကို မြို့သိမ်းတိုက်ပွဲ အဖြစ်နဲ့ တိုက်ခိုက်နေတာ တွေ့ကြရမှာ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းအထက်ပိုင်းမှာတော့ ဗန်းမော်နဲ့ကသာမှာ KIA တပ်ဖွဲ့တွေကိုယ်တိုင်နဲ့ KIA နဲ့ NUG အစိုးရ လက်အောက်က PDF တပ်ဖွဲ့တွေ ပါဝင်ပြီးတိုက်ခိုက်နေကြတာ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ၅ နှစ်တာ ကာလအတွင်းမှာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ၊ NUG လက်အောက်က PDF တပ်ဖွဲ့တွေ၊ အခြားသော ဒေသန္တရကာကွယ်ရေးတပ်ဖွဲ့တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ထောက်အပံ့ရယူပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ လက်တွဲတိုက်ခိုက်နေတဲ့အဖွဲ့တွေကနယ်မြေတွေအများ အပြားသိမ်းယူနိုင်ခဲ့သလို နယ်မြေအချို့ကိုလည်း ပြီးခဲ့တဲ့ ၁ နှစ်ကျော်ကာလ အတွင်း ပြန်လက်လွှတ်ခဲ့ရတာ ရှိပါတယ်။ 

၅ နှစ်တာအခြေအနေကို အနှစ်ချုပ်သုံးသပ်ရရင် ပြည်တွင်းစစ်ရဲ့အနိုင်အရှုံးရလဒ်က ထင်ထင်ရှားရှားမရှိသေးတဲ့ အခြေအနေလို့ဆိုရမှာ ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်ရဲ့ နှစ်စပိုင်းနဲ့ နှစ်လယ်ပိုင်းမှာ အနိုင်အရှုံးရလဒ်ကပေါ်လုနီးမှာ တရုတ်နိုင်ငံက ၄င်းနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ဒေသက တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အချို့ကို ဖိအားပေးစွက်ဖက်လို့ ရလဒ်ကပြောင်းလဲသွားတာလို့လည်း အချို့က ရှုမြင်သုံးသပ်ကြပါတယ်။ 

အချို့ကတော့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ နိုင်ငံရေး စစ်ရေးရည်မှန်းချက်နဲ့ NUG ၊ မြန်မာ(ဗမာ)လူမျိုးလက်နက်ကိုင်တပ်တွေရဲ့ နိုင်ငံရေးစစ်ရေးရည်မှန်းချက်က မတူညီကြတာကြောင့် တနည်းအားဖြင့်ဆိုရရင် ပန်းတိုင်မတူကြတာကြောင့် အဆင့်တခုမှာ ကွဲပြားမှုက ထင်ရှားပြီး အကျိုး စီးပွားကွဲပြားမှု ပေါ်ပေါက်လာရတာလို့ သုံးသပ်ကြပါတယ်။ 

အဆိုပါသုံးသပ်ချက်တွေ ချဥ်းကပ်မှုတွေကိုလေ့လာကြည့်ရင် မြန်မာပြည်တွင်းမှာဖြစ်ပွားနေတဲ့ ပြည် တွင်းစစ်ရဲ့ အရှုံးအနိုင်ရလဒ်ထွက်ဖို့ ယှဥ်ပြိုင်တိုက်ခိုက်ကြရာမှာ ပြည်ပရဲ့ သြဇာသက်ရောက်မှုက အတိုင်းအတာတခုထိရှိနေတယ်ဆိုတာကို သက်သေခံသလို ဖြစ်စေပါတယ်။ 

မြန်မာနိုင်ငံက အာဏာသိမ်းစစ်တပ်ဟာ အိမ်နီးချင်းတရုတ်နိုင်ငံ၊ ဥရောပနဲ့ အာရှတိုက် ၂ တိုက်ကိုဖြန့်ကျက်တည်ရှိတဲ့ရုရှားနိုင်ငံတို့နဲ့ ခိုင်မာတဲ့မဟာမိတ်ဆက်ဆံရေးကိုအခြေပြုပြီး သံတမန်ရေး ထောက် ခံမှုနဲ့ စစ်လက်နက် နည်းပညာတွေဝယ်ယူရရှိနိုင်တဲ့အနေအထားမှာ ပြည်တွင်းက ဆန့်ကျင်တိုက်ခိုက်နေတဲ့ လက်နက်ကိုင်အင်အားစုတွေကို အသာစီးရရှိစေတာ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နဲ့ ၂၀၂၆ ခုနှစ်သစ်ထဲ သီတင်းတပတ်ကျော်မျှဝင်ရောက်ချိန်အတွင်း ကမ္ဘာ့အင် အားကြီး နိုင်ငံတွေရဲ့အခင်းအကျင်း၊ ချဥ်းကပ်မှု၊ ရပ်တည်ချက်၊ အကျိုးစီးပွားတွေ ကြီးကြီးမားမား အပြောင်းအလဲ ဖြစ်လာတာတွေ့ကြရမှာ ဖြစ်ပါတယ်။ 

အဓိကကစားနေတဲ့ အမေရိကန်နိုင်ငံက ထရန့် ခေါင်းဆောင်တဲ့အစိုးရအဖွဲ့ရဲ့ မူဝါဒအရွေ့က ဥရောပ၊ လက်တင်အမေရိက၊ အရှေ့အာရှ၊ အရှေ့အလယ်ပိုင်း စတဲ့နိုင်ငံတွေအပေါ်မှာ သက်ရောက်မှုတွေ ရှိလာမှာ ထင်ရှားနေပါတယ်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၀ ရက်နေ့ မှာ အမေရိကန်သမ္မတ အာဏာစတင်လွှဲပြောင်းပြီးနောက် ကုန်သွယ်ရေးမူဝါဒ၊ နိုင်ငံခြားရေး မူဝါဒ၊ နိုင်ငံတကာဖွံဖြိုးရေးအကူအညီ ဆိုင်ရာမူဝါဒတွေမှာ ပြောင်းပြန်လှန်တယ်လို့ဆိုရလောက်အောင် အပြောင်းအလဲများစွာ၊ မျှော်လင့်မထားတဲ့ရလဒ်များစွာ ကြုံတွေ့ခဲ့ကြရပြီ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံအပေါ် မြန်မာ နိုင်ငံသားတွေ အပေါ် သက်ရောက်မှုဖြစ်စေတဲ့ အမေရိကန်အစိုးရ၏မူဝါဒတွေ အမိန့်ကြေညာချက်တွေ အများအပြားထွက်ရှိခဲ့ပြီး ဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ် တနှစ်တာကာလ အတွင်း နိုင်ငံတကာဖွံ့ဖြိုးရေး အကူအညီ ဖြတ်တောက်မှု၊ ဗီဇာကန့်သတ်မှု၊ ဒုက္ခသည်ဆိုင်ရာမူဝါဒ၊ ကုန်သွယ်ခွန် စတဲ့ မူဝါဒအပြောင်းအလဲတွေထက် ၂၀၂၆ ခုနှစ် နှစ်သစ်ဝင်ပြီး ၁ ပတ်ကျော်အကြာကာလအတွင်း ပြောင်းလဲလိုက်တဲ့မူဝါဒအရွေ့က မြန်မာနိုင်ငံ အပေါ် သက်ရောက်မှုတွေ ပိုကြီးမားနိုင်တာလည်း တွေ့ကြရမှာပါ။ 

ဗင်နီဇွဲလားကို အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင်ရောက်ပြီး သမ္မတကို ဖမ်းဆီးတဲ့ ဖြစ်ရပ်၊ ဂရင်းလန်းကို အမေရိကန်အနေနဲ့ရယူဖို့ စစ်ရေးနည်းလမ်းအထိ ထည့်သွင်းစဥ်းစားမယ်ဆိုတဲ့ မူဝါဒတွေ၊ မက္ကစီကို နိုင်ငံက မူးယစ်ဆေးဝါး ဂိုဏ်းတွေကို ၄င်းတို့အစိုးရမကိုင်တွယ်နိုင်တာကြောင့် အမေရိကန်အနေနဲ့ လိုအပ်ရင် ဝင်ရောက်နှိမ်နှင်းမယ်ဆိုတဲ့ပြောဆိုမှုတွေက ဆယ်စုနှစ်များစွာ ကမ္ဘာမှာလက်ခံထားခဲ့တဲ့ (အချုပ်အခြာအာဏာကို မကျူးကျော်ရ ဆိုတဲ့) နိုင်ငံတကာဥပဒေကိုအရေးမစိုက်တော့တဲ့သဘောလည်း ဖြစ်ပါတယ်။ အရှေ့အလယ်ပိုင်းမှာ အီရန်နိုင်ငံမှာ ဆန္ဒပြမှုတွေပေါ်ထွက်လာအောင် CIA က အားပေးလှုံ့ဆော်ပြီး အီရန်ကိုလည်း လိုအပ်ရင်ဝင်ရောက်တိုက်ခိုက်ဖို့ စကားဦးသန်းတဲ့အဖြစ်အပျက်တွေက အမေရိကန်မူဝါဒ အပြောင်းအလဲက ကမ္ဘာရဲ့ ဒေသအသီးသီးကို သက်ရောက်မှုရှိနေတာတွေ့နေကြရတဲ့ သဘောဖြစ်ပါတယ်။ 

ဒီအဖြစ်အပျက်တွေ၊ ကြီးမားတဲ့ မူဝါဒအရွေ့တွေက လက်တင်အမေရိက၊ ဥရောပ၊ အတ္တလန်တိတ် မြောက်ပိုင်းဒေသနဲ့ အရှေ့အလယ်ပိုင်းတွေမှာပဲ ဖြစ်ပျက်နေမှာတော့ မဟုတ်ပါဘူး။ 

အမေရိကန်က ဗင်နီဇွဲလားနိုင်ငံရဲ့သမ္မတကိုဖမ်းဆီးနိုင်တဲ့သာဓကက အခြားသောအင်အားကြီးနိုင်ငံ အနေနဲ့လည်း အလားတူလုပ်ရပ်မျိုး လုပ်ခွင့်ရှိတယ်ဆိုတဲ့အစဥ်အလာကို လမ်းခင်းပေးလိုက်တာ ဖြစ်ပါတယ်။ ၄ နှစ်နီးပါးဖြစ်ပွားလာတဲ့ ယူကရိန်း-ရုရှားစစ်ရဲ့ ရပ်တည်ချက်တွေကိုလည်း ပြောင်းပြန်ဖြစ်စေနိုင်တာပါ။ အရှေ့အာရှမှာ ထိုင်ဝမ်အရေး၊ တောင်တရုတ်ပင်လယ်က အငြင်းပွားနေတဲ့ ရေပိုင်နက်ပြဿနာ၊ တရုတ်-ဂျပန် ဆက်ဆံရေး ဆိုးရွားလာတာတွေက အမေရိကန် မူဝါဒအရွေ့ရဲ့ ဂယက်နဲ့ ပေါင်းလိုက်ရင် ကမ္ဘာ့ဘယ်နေရာဘယ်ဒေသမဆို ဒေသဆိုင်ရာ စစ်ပွဲ၊ အကန့်အသတ်နဲ့ ဖြစ်တဲ့စစ်ပွဲတွေဖြစ်လာနိုင်သလို အင်အားကြီးနိုင်ငံတွေက မိမိတို့လုံခြုံရေးအတွက်၊ မိမိတို့အမျိုးသားအကျိုးစီး ပွားအတွက်ဆိုကာ ဝင်ရောက်စွက်ဖက်တာ ကျူးကျော်တာတွေဖြစ်လာနိုင်တဲ့အခင်းအကျင်းမျိုးဆီ ဦးတည်နေတာ ဖြစ်ပါတယ်။ 

ဒီအမြင်အယူအဆတွေဟာ အဆိုးမြင်လွန်းတဲ့ အမြင်၊ ဖြစ်နိုင်ခြေမရှိတာကိုစိုးရိမ်မှုတွေလို့ဆိုကောင်းဆိုပါလိမ့်မယ်။ 

လက်တွေ့မှာတော့ ကမ္ဘာ့အခြေအနေဟာ ၁၉၃၀ ပြည့်လွန်နှစ်၊ ဒုတိယကမ္ဘာစစ်ကြီး မဖြစ်မီ အခြေ အနေမျိုးနဲ့ နှိုင်းယှဥ်လို့ရလုနီးပါးအနေအထားရောက်လာနေတာ ဖြစ်ပါတယ်။ 

ကမ္ဘာစစ်ဖြစ်ဖို့ အခင်းအကျင်းလို့မဆိုနိုင်သည့်တိုင် အဲဒီကာလလိုအနေအထားမျိုး နဲ့ နှိုင်းယှဥ်လို့ ရတဲ့ အခြေအနေဖြစ်ပြီး အင်အားကြီးနိုင်ငံတွေအနေနဲ့ မိမိတို့အကျိုးစီးပွားက ပထမဦးစားပေးစဥ်းစား ဆုံးဖြတ်ကာ တနိုင်ငံကလုပ်လို့ရရင် အခြားတနိုင်ငံမှာလည်း လုပ်ဖို့အခွင့်အရေးရှိတယ်ဆိုတဲ့ အကြောင်းပြချက်တွေ အားကောင်းလာနေတာပါ။ 

၁၉၃၀ ခုနှစ်တွေလို ကမ္ဘာ့နိုင်ငံတွေအချင်းချင်းအကြားဖြစ်ပွားတဲ့ပြဿနာတွေကို ကြားဝင်ဖြေရှင်းမယ့် နိုင်ငံပေါင်းချုပ်အသင်းကြီးရဲ့ သြဇာမရှိတော့တဲ့အခြေအနေနဲ့ အခုလက်ရှိ ကမ္ဘာ့ကုလသမဂ္ဂရဲ့ အနေအထားက တူညီနေတာဖြစ်ပါတယ်။ ခုရက်ပိုင်းအတွင်း ကုလသမဂ္ဂရဲ့အောက်က အချို့သော အဖွဲ့အစည်းတွေကနေ အမေရိကန် နိုင်ငံကနုတ်ထွက်တာတွေလုပ်ဆောင်လာပြီး ကမ္ဘာ့အရေးမှာ ငါ့မြင်းငါစိုင်းတဲ့အနေအထားတွေ ဖြစ်ပါတယ်။ 

ဒီအခင်းအကျင်းတွေကို မြန်မာနိုင်ငံက နိုင်ငံရေးအဖွဲ့အစည်း၊ လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ သဘောပေါက်နားလည်ပြီး မိမိတို့ရဲ့ လမ်းစဥ်၊ ရပ်တည်မှု၊ လက်တွေ့ဖော်ဆောင်မယ့် လုပ်ငန်းစဥ်တွေအပေါ်  ပြန်လည်သုံးသပ်ကြည့်ကြဖို့ အချိန်ရောက်နေပြီလို့ ဆိုချင်ပါတယ်။ 

ဒုတိယကမ္ဘာစစ်ဖြစ်ခါနီးကာလ မြန်မာလွတ်လပ်ရေးကြိုးပမ်းသူတွေ တရုတ်ကွန်မြူနစ်ပါတီနဲ့ ဆက်သွယ်ဖို့ကြိုးစားရင်း ဂျပန်အဆက်အသွယ်နဲ့ချိတ်ဆက်မိကာ ဂျပန်ပြည်ရောက်ကာ စစ်ပညာသင်ပြီး ဖက်ဆစ်ဂျပန်အစိုးရရဲ့ အရှေ့အာရှကြီးစိုးရေး မဟာဗျူဟာအောက်မှာအသုံးချခံခဲ့ရတဲ့ သမိုင်းသင်ခန်းစာလည်း အတိတ်မှာ ရှိခဲ့ပြီးဖြစ်ပါတယ်။

-

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar