Breaking News

အမှုပွေလာနေတဲ့ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားတွေ

မြန်မာနွေဦးခရိုနီကယ် - ဇန်နဝါရီ ၂၀ မြင်ကွင်း

မိုးမခ ၊ ဇန်နဝါရီ ၂၁၊ ၂၀၂၆

အမှုပွေလာနေတဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ 

မြန်မာနိုင်ငံတွင်းက စီးပွားရေး အကျပ်အတည်း၊ စစ်မှုမထမ်းမနေရ ဥပဒေ၊ အာဏာသိမ်းစစ်တပ်နဲ့ နိုင်ငံရေး အတိုက်အခံဖြစ်တာကြောင့် ဖမ်းဆီးပြစ်ဒဏ်ချမဲ့ဘေးကနေ ထိုင်းနိုင်ငံဆီ တိမ်းရှောင်လာကြသူ အရေအတွက်ဟာ ခုနှစ်ပိုင်းမှာ များသထက်များလာနေပြီး မြန်မာနိုင်ငံသား ၄ သန်းကနေ ၆ သန်းဝန်းကျင် ရှိနိုင်တယ်လို့ ထိုင်းနိုင်ငံ အဖွဲ့အစည်းတချို့က ခန့်မှန်းထားကြတာပါ။ 

ခုတကြိမ် စစ်အာဏာသိမ်းမှု မတိုင်ခင် နှစ် ၃၀ ကျော်အလွန် ၁၉၈၈ ခုနှစ်စစ်အာဏာသိမ်းမှု နောက်ပိုင်းကာလတွေ ကတည်းက အလုပ်အကိုင်အခွင့်အလမ်းနဲ့ စီးပွားရေးအကြောင်းတွေကြောင့် ထိုင်းနိုင်ငံမှာ အလုပ်သွားရောက် လုပ်ကိုင်သူတွေ သိန်းဂဏန်းကနေ သန်းဂဏန်းတွေ အထိရှိလာခဲ့ပြီး လွန်ခဲ့တဲ့ ၅ နှစ် ဒုတိယအကြိမ် စစ်အာဏာသိမ်းမှုအပြီးမှာတော့ တရှိန်ထိုးမြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်နောက်ပိုင်း ပြည်တွင်းမှာ အလုပ်အကိုင်အခွင့်အလမ်းတချို့ ပွင့်လာချိန်မှာ ပမာဏတခုထိ လျော့နည်းကောင်း လျော့နည်းခဲ့ပေမယ့် အခုနေအခါမှာတော့ အလုပ်အကိုင် အခွင့်အလမ်းနဲ့ စစ်ထဲ ဆွဲသွင်းခံရမယ့် အန္တရာယ်ကနေ လွတ်အောင် တိမ်းရှောင်ကြတဲ့အခါ ထိုင်းနိုင်ငံက ဝင်ရောက်ဖို့ အလွယ်ကူဆုံးနိုင်ငံ ဖြစ်နေတာပါ။ 

ထိုင်းနိုင်ငံရောက် မြန်မာလူမျိုးတွေ အချင်းချင်းအကြား၊ မြန်မာလူမျိုးနဲ့ အိမ်ရှင် ထိုင်းလူမျိုးအကြား ပြဿနာဖြစ်တာ၊ ရာဇဝတ်မှုတွေမှာ ပါဝင်ပတ်သက်တာ၊ မြန်မာအချင်းချင်း လုယက်သတ်ဖြတ်မှုတွေက မကြာသေးခင် သီတင်းပတ်တွေက စလို့ ဆက်တိုက်ဆိုသလို ဖြစ်ပွားလာနေတာကို ကြားသိနေကြရပါတယ်။ 

ပထမဆုံးအဖြစ်အပျက်က ဘန်ကောက်မြို့တော်ဧရိယာထဲက ဆမွတ်ပရာခန်ခရိုင်မှာ မြန်မာအစား အစာ စားသောက်ဆိုင်ပိုင်ရှင်နဲ့ ဆိုင်ဝန်ထမ်းအချို့က ဟွန်းတီးရာက စကားများတဲ့ ထိုင်းဆိုင်ကယ် ဒီလစ်ဗာရီသမားကို မြန်မာနိုင်ငံသားတွေက ထိုးကြိတ်ရိုက်နှက်ကြတဲ့ အဖြစ်အပျက်ဖြစ်ပါတယ်။ အဆိုပါ ဖြစ်ရပ်ဖြစ်ပွားပြီးနောက် ထိုင်းအမျိုးသားရေးအစွန်းရောက်သူ တချို့ပါအဖြစ်အပျက်ထဲ ပါဝင်လာပြီး ပြဿနာဖြစ်ပွားရာ မြန်မာစားသောက်ဆိုင်ကိုလာရောက်ကာ ဆိုင်ကယ် ဒီလစ်ဗာရီသမားကို ရိုက်နှက်တဲ့ မြန်မာနိုင်ငံသားတွေကို ရှာဖွေတာတွေ ရှိခဲ့ပါတယ်။ နာရီအနည်းငယ်ကြာပြီး နောက်ရက် အနည်းငယ်အကြာမှာ ရိုက်နှက်သူတွေက ထိုင်းရဲစခန်းမှာသွားရောက်အဖမ်းခံခဲ့ပြီး ရဲတွေက ပြဿနာကို ဖြေရှင်းပေးနိုင်ခဲ့ပါတယ်။ 

အဲဒီအဖြစ်အပျက်ပြီးနောက် ရက်အနည်းငယ်အကြာ ဇန်နဝါရီ ၁၃ ရက်နေ့မှာ ဘန်ကောက်မြို့ ချွန်ဘူရီ ခရိုင်ထဲမှာ မြန်မာနိုင်ငံသား ၁၀၀ ခန့် အုပ်စုဖွဲ့ ခိုက်ရန်ဖြစ်ပွားတဲ့သတင်းလည်း ပေါ်ထွက်လာခဲ့ပါတယ်။ အဆိုပါရက်ပိုင်းအတွင်းမှာ နောက်ဖြစ်ရပ်တခုကတော့ ထိုင်းနိုင်ငံတောင်ပိုင်းက ဆတွန်းဆိုတဲ့မြို့မှာ မူးယစ်ဆေးဝါးသုံးစွဲထားတဲ့ မြန်မာနိုင်ငံသားတဦးက ပေါက်ချွန်းတခုနဲ့ လမ်းမှာရပ်ထားတဲ့ ကားအစီး ၂၀ ဝန်းကျင်ရဲ့ မှန်တွေကိုဖျက်ဆီးခဲ့တဲ့အဖြစ်အပျက်ဖြစ်ပွားခဲ့ပါသေးတယ်။ 

ဒီဖြစ်ရပ်တွေ သတင်းတွေပေါ်ထွက်လာပြီးနောက် ထိုင်းနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေကြသူတွေ၊ အဖွဲ့အစည်းတွေက မြန်မာနိုင်ငံသားတွေ သတိပြုနေထိုင်ကြဖို့ နှိုးဆော်တိုက်တွန်းတာတွေ ပေါ်ထွက်လာခဲ့ပါတယ်။ 

ဇန်နဝါရီ ၂၀ ရက်နေ့မှာတော့ မဲဆောက်မြို့မှာ လက်နက်အရောင်းအဝယ်လုပ်ဖို့ ချိန်းဆိုထားတယ်လို့ သံသယရှိတဲ့မြန်မာနိုင်ငံသားတွေကို ရဲကစစ်ဆေးနေစဥ် အဆိုပါလက်နက်အရောင်းအဝယ်ကိစ္စမှာပါဝင်ပတ်သက်တဲ့ မြန်မာနိုင်ငံသားတဦးက ရဲကိုသေနတ်နဲ့ ပစ်ခတ်ပြီးထွက်ပြေးတိမ်းရှောင်နေတဲ့ သတင်းပေါ်ထွက်လာပါတယ်။ ထိုင်းနိုင်ငံ မဲဆောက်မြို့ဟာ လက်နက်ကိုင်ပဋိပက္ခတွေဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံ ကရင်ပြည်နယ်နဲ့ထိစပ်နေပြီး ကုန်သွယ်ရေး၊ လက်နက်မှောင်ခို အရောင်းအဝယ်၊ တရား မဝင် လူကုန်ကူးမှု၊ လူမှောင်ခို၊ မူးယစ်ဆေး အစရှိတဲ့ တရားဝင်/ တရားမဝင် လုပ်ငန်းတွေနဲ့ စည်ကားနေတဲ့ မြို့တမြို့ဖြစ်ပါတယ်။ 

ရဲကိုပစ်ခတ်ထွက်ပြေးသွားတဲ့ မြန်မာနိုင်ငံသားကိုဖမ်းဆီးရမိဖို့ မဲဆောက်မြို့က ရဲတွေက ရပ်ကွက်အချို့ကို တင်းကြပ်စွာစောင့်ကြည့်ပြီး ရှာဖွေနေကြတယ်လို့ သတင်းတွေထဲပါရှိပါတယ်။ 

ဒီအဖြစ်အပျက်ဖြစ်ပွားတဲ့နေ့မှာပဲ မြန်မာနိုင်ငံသား အချင်းချင်းလုယက်သတ်ဖြတ်မှုတခုလည်း ဖြစ် ပွားခဲ့ပါတယ်။ မြန်မာ Tiktok သုံးစွဲသူတွေအကြား ဧရာဝတီမ လို့ လူသိများတဲ့ LGBT တဦးကို မြန်မာနိုင်ငံသားတဦးက ချိန်းဆိုပြီး ပစ္စည်းလုယက်ကာ သတ်ဖြတ်ထားခဲ့တဲ့ အဖြစ်အပျက်လည်း ပေါ်ထွက်လာခဲ့ပါတယ်။ 

အခုလိုရာဇဝတ်မှုတွေ၊ မှောင်ခိုလက်နက်ရောင်းဝယ်တာတွေ နဲ့ ထိုင်းနိုင်ငံသားတွေနဲ့ ခိုက်ရန်ဖြစ်ပွားတာတွေ၊ မူးယစ်ဆေးဝါးသုံးစွဲပြီး စိတ်အခြေအနေပုံမှန်မဟုတ်ဖြစ်ပြီး ကားတွေ ဖျက်ဆီးမှုတွေက အထောက်အထားမရှိနေထိုင်နေကြရတဲ့ မြန်မာနိုင်ငံသားတွေ အဖို့ စစ်ဆေးဖမ်းဆီးမှုတွေ ပိုမိုများပြားလာနိုင်တာကြောင့် ထိုင်းရောက်မြန်မာနိုင်ငံသား အားလုံးက စိုးရိမ်နေကြတာ တွေ့ရပါတယ်။ 

အချို့သူတွေကတော့ အခုလို မြန်မာနိုင်ငံသားတွေ ခိုက်ရန်ဖြစ်ပွားတာ၊ ရာဇဝတ်မှုကျူးလွန်တာတွေ ရုတ်တရက်များပြားလာရတဲ့အပေါ်  မြန်မာနိုင်ငံက စစ်တပ်ထောက်ခံတဲ့ ပေါက်ကိုယ်တော်လို့ မိမိကိုယ်အမည်ပေးထားတဲ့ ဘုန်းတော်ကြီးရဲ့ စနက်တွေပါဝင်နိုင်တယ်ဆိုတဲ့ သံသယရှိနေကြတာပါ။ မကြာသေးတဲ့လအနည်းငယ်က ပေါက်ကိုယ်တော် ထိုင်းနိုင်ငံကိုလာရောက်ခဲ့ပြီး ထိုင်းနိုင်ငံက အစွန်း ရောက်မျိုးချစ်အနေနဲ့ လူသိများသူ နှုတ်ခမ်းမွေးနဲ့တွေ့ဆုံခဲ့တဲ့အကြောင်း လူမှုကွန်ရက်မှာ ဓာတ်ပုံတွေ ပေါ်ထွက်ခဲ့ပါတယ်။ မြန်မာအစွန်းရောက်မျိုးချစ်ဘုန်းကြီး ထိုင်းနိုင်ငံကို လာရောက်စဥ် ထိုင်း အစွန်းရောက်မျိုးချစ်အဖွဲ့တွေနဲ့တွေ့ဆုံတာဟာ ပြည်ပရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေနဲ့ အာ ဏာသိမ်းစစ်တပ်ကိုဆန့်ကျင်ကြတဲ့မြန်မာအသိုင်းအဝိုင်းကို ထိုင်းနိုင်ငံဘက်က ဖိအားပေးစေဖို့ လှုံ့ ဆော်တာလားလို့ အချို့ကလည်း သံသယရှိနေကြတာဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေကိုအုပ်စုခွဲကြည့်ရင် အများစုက အလုပ်အကိုင် အခွင့်အလမ်းရှိတဲ့ဆီမှာ အလုပ်လုပ်ချွေတာခြိုးခြံနေထိုင်ပြီး မြန်မာနိုင်ငံက မိသားစုကိုငွေထောက်ပံ့နေကြတဲ့ရွှေ့ပြောင်းလုပ်သားကရာခိုင်နှုန်းအများဆုံးရှိပြီး စစ်အာဏာသိမ်းပြီးနောက် တရားဥပဒေစိုးမိုးမှုပျက်ပြားလာတဲ့မြန်မာနိုင်ငံကနေ ခေတ္တခဏရှောင်တိမ်းနေထိုင်တဲ့ ငွေကြေးအထိုက်အလျောက် တတ်နိုင်သူတွေက ဒုတိယအများဆုံး ရှိကြပါလိမ့်မယ်။ တတိယအုပ်စုကတော့ အာဏာသိမ်းစစ်တပ်ကို နိုင်ငံရေးအရ ဆန့်ကျင်သူတွေ၊ NGO, CSO အဖွဲ့အစည်းတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ ပြည် တွင်းက လက်နက်ကိုင် တော်လှန်ရေးကို အထောက်အကူဖြစ်စေတဲ့ အလုပ်တွေ လုပ်ကိုင်နေသူတွေ ဖြစ်ပါတယ်။ ၂၀၂၃ နှစ်စပိုင်းမှာ စတင်လိုက်တဲ့ စစ်မှုမထမ်းမနေရ ဥပဒေကြောင့် တိမ်းရှောင်လာတဲ့ လူငယ်တွေ၊ ၄င်းတို့နဲ့ မိသားစုတွေလည်း အတိုင်းအတာတခုထိ ရှိနေတာပါ။ စစ်အာဏာရှင်ကို အတိုက်အခံလုပ်နေကြတဲ့အင်အားစုတွေ အပြင် စစ်တပ်ထောက်ခံသူတွေထဲကလည်း တာဝန်နဲ့ ဖြစ်စေ၊ ပုဂ္ဂိုလ်ရေးအရ ဖြစ်စေလာရောက်နေထိုင်ကြသူ အရေအတွက် တချို့လည်း ရှိနိုင်ပါသေးတယ်။ 

ထိုင်းရောက် မြန်မာအများစုက စစ်တပ်ကိုဆန့်ကျင်သူ၊ မထောက်ခံသူတွေများပြားတာကြောင့် အခုလို ထိုင်းနိုင်ငံရောက် မြန်မာတွေအနေကြပ်တာ၊ သတိကြီးစွာနေထိုင်ကြရတဲ့အခြေအနေမျိုးကို အာ ဏာသိမ်းစစ်တပ်က သဘောကျ နှစ်သက်လိမ့်မယ်လို့ ယူဆနိုင်ပါတယ်။ အတိုက်အခံတွေ စစ်တပ် ဆန့်ကျင်သူတွေကို ထိုင်းနိုင်ငံကဖမ်းဆီးပြီးပြန်ပို့ဖို့အထိမစွမ်းနိုင်ပေမယ့် ထိုင်းနိုင်ငံထဲ အထောက် အထားမရှိဝင်ရောက်လာသူတွေကို ထိုင်းအာဏာပိုင်တွေကဖမ်းဆီး ပြစ်ဒဏ်ပေးပြီးနောက် မိခင် မြန်မာနိုင်ငံ ပြန်ပို့တဲ့အခါ စစ်မှုထမ်းနိုင်တဲ့အသက်အရွယ်လူငယ်တွေကို မြန်မာနိုင်ငံဘက်က စစ်မှုထမ်းစုဆောင်းတဲ့အထဲ ထည့်သွင်းနေတာလည်း ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံနဲ့ အိမ်နီးချင်း ၅ နိုင်ငံရှိတဲ့အနက် မြန်မာနိုင်ငံသားအများဆုံး ခေတ္တ၊ ယာယီအားဖြင့် တိမ်းရှောင်နေထိုင်ကြတာ၊ အလုပ်လုပ်ကိုင်နေကြတာက ထိုင်းနိုင်ငံပဲ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံက လူသားချင်းစာနာလို့ဖြစ်စေ ၄င်းတို့ရဲ့ စီးပွားရေး အကျိုးအမြတ်ရှိလို့ပဲ ဖြစ်စေ လက်ခံထားတဲ့ အဖြစ်ကိုက မြန်မာနိုင်ငံသားတွေအဖို့ ထွက်ပေါက်တခုရှိနေတဲ့သဘောလည်း ဖြစ်ပါတယ်။ သို့ပေမယ့် မကြာခဏ ရာဇဝတ်မှုတွေ၊ တရားမဝင် ဝင်ရောက်လာစဥ် ယာဥ်မတော်တဆဖြစ်မှုကြောင့် သေဆုံးရတာတွေ၊ ဖမ်းဆီးခံရပြီး မြန်မာနိုင်ငံဘက် ပြန်ရောက်တဲ့အခါ စစ်မှုထမ်းထဲထည့်ခံရတဲ့အဖြစ်အပျက်တွေက လည်း မကြာခဏ သတင်းတွေထဲဖတ်ရှုနေရပြီး မြန်မာနိုင်ငံသားတွေ ကြုံတွေ့နေရတဲ့ ဒုက္ခတွေက တမျိုးပြီး တမျိုး မရိုးနိုင်အောင် ဖြစ်ရတယ်လို့လည်း ဆိုရမယ့် အနေအထားဖြစ်ပါတယ်။

-

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar