ရွေးကောက်ပွဲ နဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ
မြန်မာနွေဦးခရိုနီကယ် - ဇန်နဝါရီ ၁၁ မြင်ကွင်း
မိုးမခ ၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆
အာဏာသိမ်းစစ်တပ်က ရွေးကောက်ပွဲ ဒုတိယပိုင်း ကျင်းပချိန်မှာတော့ မဲရုံ၊ ရွေးကောက်ပွဲ ကော်မရှင်ဝန်ထမ်းနဲ့ ရွေးကောက်ပွဲကျင်းပရာ နယ်မြို့တချို့ကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့နဲ့ NUG လက်အောက်က PDF အဖွဲ့တွေက အလစ်အငိုက်ပစ်ခတ်တိုက်ခိုက်တာ၊ ဒရုန်းနဲ့ ဗုံးချတာ၊ မြို့တွေထဲဝင်ရောက် တိုက်ခိုက်တာတွေ တပြိုင်နက်ထည်း လုပ်ဆောင်လာတာတွေ့ရပါတယ်။
ဒုတိယပိုင်း ရွေးကောက်ပွဲနေ့မတိုင်ခင်ရက်ပိုင်းအလို နေပြည်တော်ကနေ မကွေးမြို့ဘက်ကို လုံခြုံ ရေးကားတန်းနဲ့ လာရောက်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်ပါဝင်တဲ့ကားတန်းကို မြို့သစ်-ကန်ပြားလမ်းမှာ နေပြည်တော် PDF က တိုက်ခိုက်ရာမှာ မြို့သစ် မြို့နယ်ရဲမှူးနဲ့ ရဲစခန်းမှူး၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်ရဲ့ ကိုယ်ရေးအရာရှိ ဖြစ်သူတို့ သေဆုံးခဲ့တဲ့ အဖြစ်အပျက် ဖြစ်ပွားခဲ့ပါတယ်။
ပဲခူးတိုင်းအရှေ့ခြမ်းမှာလည်း KNLA နဲ့ ပူးပေါင်းတပ်တွေက ရန်ကုန်-မန္တလေး ရထားလမ်းပေါ်က တောကျွဲအင်းမြို့ကို ရွေးကောက်ပွဲမတိုင်ခင်ရက်ပိုင်းအလိုမှာ ဝင်ရောက်တိုက်ခိုက်ပြီး ရွေးကောက်ပွဲကော်မရှင်ရုံး နဲ့အခြားအုပ်ချုပ်ရေးဆိုင်ရာ အဆောက်အဦတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သတင်းတွေမှာ ဖေါ်ြပထားကြပါတယ်။
ရွေးကောက်ပွဲ ဒုတိယပိုင်းကျင်းပတဲ့ ဇန်နဝါရီလ ၁၁ ရက်နေ့ မှာတော့ မကွေးတိုင်း ကံမမြို့နယ်ထဲမှာ ကျေးရွာတွေကို မဲရုံလိုက်လံစစ်ဆေးဖို့ သွားတဲ့ ကံမမြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့ကို PDF လက်နက် ကိုင်အဖွဲ့တခုက ကြားဖြတ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ အုပ်ချုပ်ရေးမှူးသေဆုံးသွားတယ်လို့ သတင်းတွေမှာ ဖေါ်ပြထားတာတွေ့ရပါတယ်။
ရွေးကောက်ပွဲကျင်းပတဲ့နေ့မှာပဲ ပဲခူးတိုင်း ထန်းတပင်မြို့နယ်က ထွေအုပ်ရုံးကို PDF တပ်တွေက ဒရော့ဗုံးချ တိုက်ခိုက်ခဲ့တာကြောင့် ထန်းတပင်မြို့ နယ် ထွေအုပ်ဦးစီးဌာနက လက်ထောက် ညွှန်ကြားရေးမှူး သေဆုံးခဲ့တယ်ဆိုတဲ့ သတင်းလည်း တွေ့ရပါတယ်။ အခြား ထွေအုပ်ဝန်ထမ်းအများအပြားလည်း ထိခိုက်ဒဏ်ရာရကြတဲ့အကြောင်း သတင်းထဲမှာ ပါရှိပါတယ်။
မကွေးတိုင်း စလင်းမြို့နယ်မှာလည်း ရွေးကောက်ပွဲ ဒုတိယပိုင်း ကျင်းပနေချိန်မှာ မြို့မှာ ပစ်ခတ်သံတွေ ကြားနေကြရတဲ့အကြောင်း ရွေးကောက်ပွဲကျင်းပနေတဲ့မြို့တွင်းကို PDF တပ်တွေက လက်နက်ကြီးတွေ နဲ့ ပစ်ခတ်ပြီး စစ်တပ်ဘက်ကလည်း တုံ့ပြန်ပစ်ခတ်နေတာတွေ ရှိကြောင်း သတင်းဖေါ်ပြထားကြပါတယ်။
အထက်ကအဖြစ်အပျက်တွေက ပဲခူးတိုင်း၊ မကွေးတိုင်းတို့မှာဖြစ်ပွားနေတဲ့ ရွေးကောက်ပွဲနဲ့ ဆက် စပ်တဲ့ ကြားဖြတ်တိုက်ခိုက်မှု၊ မြို့သိမ်းတိုက်ပွဲ၊ ဒရော့ဗုံးနဲ့ တိုက်ခိုက်မှု အစရှိတာတွေ ဖြစ်ပါတယ်။ NUG အစိုးရလက်အောက်က PDF တပ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်တဲ့ KNLA တို့က အတုအယောင်ရွေးကောက်ပွဲလို့ သတ်မှတ်ထားတဲ့ကျင်းပတာကို တားဆီးဖို့ နဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဥ်တွေမှာပါဝင်တဲ့သူတွေကို အရေးယူအပြစ်ပေးမယ်လို့ထုတ်ပြန်ပြောဆိုထားတာနဲ့ အညီ အခုလို ကြားဖြတ်တိုက်ခိုက်မှုနဲ့ မြို့သိမ်းတိုက်ပွဲတွေကို တပြိုင်နက်ထဲလုပ်ဆောင်လာကြတာလို့ ယူဆရပါတယ်။
NUG အနေနဲ့ ခုကျင်းပနေတဲ့ရွေးကောက်ပွဲနဲ့ပတ်သက်လို့သဘောထားရပ်တည်ချက်က ဒီရွေး ကောက်ပွဲဟာ အာဏာသိမ်းထားတဲ့စစ်တပ်အနေနဲ့ အာဏာဆက်လက်ထိန်းချုပ်ထားနိုင်ဖို့ တရားဝင်အောင် လုပ်ဆောင်တဲ့လုပ်ရပ်ဖြစ်တာကြောင့် ဒီရွေးကောက်ပွဲကျင်းပတာကို တတ်နိုင်သရွေ့ တားဆီးရမယ်ဆိုတဲ့ ရပ်တည်ချက် ဖြစ်ပါတယ်။ KNU/KNLA ကလည်း ၄င်းတို့ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့လုပ်ဆောင်မှုတွေမလုပ်ဖို့ တင်းတင်းကြပ်ကြပ် တားမြစ်ထားသလို ရွေးကောက်ပွဲဖြစ်စဥ်မှာမပါဝင်ကြဖို့ လူထုကိုလည်း သတိပေးထားပါတယ်။
အခု ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး တိုက်ခိုက်မှုတွေ၊ ပစ်ခတ်မှုတွေအများစုက NUG လက်အောက်က PDF တပ်တွေလှုပ်ရှားတဲ့နယ်မြေတွေနဲ့ KNLA တပ်ဖွဲ့တွေလှုပ်ရှားတဲ့နယ်မြေတွေမှာ ဖြစ်ပွားနေတာ တွေ့ရပါတယ်။
NUG နဲ့ KNU/KNLA တို့ရဲ့ ရွေးကောက်ပွဲကျင်းပမှုကို မအောင်မြင်အောင်တားဆီးမယ့်လုပ်ဆောင်မှုတွေက အတိုင်းအတာတခုထိသက်ရောက်မှုရှိတာတွေ့ရပါတယ်။ NUG လက်အောက်မှာရှိတဲ့ တပ်ဖွဲ့တချို့က သတင်းမီဒီယာကို ပြောကြားရာမှာ ပြည်သူလူထုကို တိုက်ခိုက်တာမဖြစ်အောင် သတိထားလုပ်ဆောင်နေကြောင်း ပြောဆိုထားတာ တွေ့ရပါတယ်။ တဖက်မှာတော့ ရွေးကောက်ပွဲ ဖြစ်စဥ်နဲ့ ပတ်သက်တဲ့ အရပ်ဘက်ဝန်ထမ်းတချို့ ထိခိုက်သေဆုံးမှုတွေရှိနေတာလည်း ဖြစ်ပါတယ်။ လက်နက်ကိုင် တပ်ဖွဲ့တွေ ဖြစ်တဲ့ ရဲတပ်ဖွဲ့ဝင်တွေ ထိခိုက်မှုတွေ ရှိနေသလို အထွေထွေ အုပ်ချုပ်ရေး ဝန်ထမ်း၊ ရွေးကောက်ပွဲ ကော်မရှင် ဝန်ထမ်း အချို့ ထိခိုက်သေဆုံးမှုတွေ ရှိနေတာလည်း တွေ့ရပါတယ်။
ရွေးကောက်ပွဲဒုတိယပိုင်းကျင်းပတဲ့ ဇန်နဝါရီ ၁၁ ရက်ဝန်းကျင်က ပထမပိုင်းကာလထက် မြို့နဲ့ စခန်းတွေကို တိုက်ခိုက်မှု၊ ကြားဖြတ်ပစ်ခတ်မှုနဲ့ ပစ်ခတ်လုပ်ကြံမှုတွေ ပိုများပြားတာတွေ့ရပါတယ်။ အာ ဏာသိမ်းစစ်တပ်ကတော့ ၄င်းတို့ ကြေညာထားတဲ့အတိုင်း ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်းကို သတ် မှတ်တဲ့ရက်အတိုင်း ကျင်းပသွားမယ့်အနေအထားရှိပါတယ်။ လုံခြုံရေး ဝန်ထမ်း မလုံလောက်မှုကို အကြောင်းပြုပြီး ရွေးကောက်ပွဲကို အပိုင်း ၃ ပိုင်းခွဲကျင်းပတာဖြစ်ပြီး ရွေးကောက်ပွဲမှာ မဲပေးသူ ရာနှုန်း နည်းတာ များတာထက် ၄င်းတို့ လိုချင်တဲ့ ရွေးကောက်ပွဲ ရလဒ်ရဖို့က အဓိက ဖြစ်တာတွေ့ရမှာပါ။ ကြံ့ခိုင်ရေးပါတီအနိုင်ရဖို့ အရေအတွက် မည်ရွေ့မည်မျှမှန်းမသိနိုင်တဲ့ ကြိုတင်မဲ၊ ဌာနဆိုင် ရာဝန်ထမ်းတွေကို မဲမပေးမနေရ ဖိအားပေးတာ၊ သာမန်ပြည်သူတွေကိုမဲမပေးရင် အချို့သော အခွင့်အရေးတွေ ဆုံးရှုံးမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေ နဲ့ ၄င်းတို့ လိုချင်တဲ့ ရလဒ်ထွက်အောင် လုပ်ဆောင်သွားမယ့် သဘောမျိုး မြင်နေရပြီ ဖြစ်ပါတယ်။
တော်လှန်ရေးအင်အားစုတွေအနေနဲ့ ရွေးကောက်ပွဲ ဆန့်ကျင်ရေးလမ်းစဥ်က မိမိတို့ရဲ့ အဓိကဗျူဟာ အနေနဲ့ ထားရှိတာထက် အာဏာရှင်စစ်တပ်ကို အပြီးတိုင်အနိုင်ရဖို့အတွက် စစ်ရေးအရ အောင်နိုင်မှုရရေး မဟာဗျူဟာကို ပိုအာရုံစိုက်သင့်တယ်လို့ ထင်မြင်မိပါတယ်။
ရွေးကောက်ပွဲရလဒ်ပေါ်ထွက်လာပြီးနောက် မကြာခင်ကမှ တပ်ကအငြိမ်းစားယူ အရပ်ဝတ်လဲခဲ့တဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့အစိုးရသစ်က ဒေသတွင်း နိုင်ငံတွေ၊ အိမ်နီးချင်း အင်အားကြီးနိုင်ငံတွေကို မျက်လှည့်ပြစည်းရုံးကြလိမ့်မှာ အသေအချာဖြစ်ပါတယ်။
NUG အပါအဝင် တော်လှန်ရေးအင်အားစုတွေအနေနဲ့ အဆိုပါအရပ်ဝတ်လဲထားတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေ ဦးဆောင်တဲ့အစိုးရနဲ့ ယှဥ်ပြိုင်နိုင်ဖို့ စစ်ရေး၊ နိုင်ငံရေး သံတမန်ရေး ပြတ်သားရှင်းလင်းတဲ့ လမ်းစဥ်တွေချမှတ်ထားဖို့ အရေးတကြီး လိုအပ်နေတာလည်း ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar