ဝင်းမင်းခိုင် - လက်ဦးမှု
လက်ဦးမှု
ဝင်းမင်းခိုင်
(မိုးမခ) ဇန်နဝါရီ ၁၄၊ ၂၀၂၆
ဟင်းပန်းကန်ထဲကဇွန်းကို
လက်ဦးအောင်ကောက်ကိုင်လိုက်တာက
အသားကောင်းလေးတွေရွေးပြီး
မိတ်ဆွေတွေပန်းကန်ထဲထည့်ပေးချင်လို့ပါ
မချမ်းတတ်ဖူးလို့ငြင်းဆန်လိုက်တာက
အရေတွက်မပြည့်တဲ့အနွေးထည်ကို
တခြားတယောက်ယောက်ရစေဝတ်စေချင်လို့ပါ
ပိဿာချိန်များများထမ်းတောင်တက်တောင်ဆင်းလုပ်ရတာ
ကျနော်အကြိုက်ဆုံးလေ့ကျင့်ခန်းဆိုတာက
ကျနော့်သူငယ်ချင်းတွေပေါ့ပေါ့ပါးပါးတက်စေချင်လို့ပါ
နောက်ဆုံးမှာတန်းစီမိတာက
ဝေစုတွေမလောက်ငရင်
ကျနော့်ရှေ့ကလူတွေရစေချင်လို့ပါ
ရှေ့ဆုံးကိုပြေးထွက်ခဲ့တာက
ကျနော်လဲကျသွားခဲ့ရင်
ကျနော့်နောက်ကလူတွေဝပ်ချပစ်ခတ်နိုင်ဖို့ပါ
၁.၁.၂၆
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar