Breaking News

အနောက်အုပ်စု ပြိုကွဲနိုင်ခြေနဲ့ မြန်မာ့အရေးအပေါ် အကျိုးသက်ရောက်မှု

မြန်မာနွေဦးခရိုနီကယ် - ဇန်နဝါရီ ၂၃ မြင်ကွင်း

မိုးမခ ၊ ဇန်နဝါရီ ၂၄၊ ၂၀၂၆


အနောက်အုပ်စု ပြိုကွဲနိုင်ခြေနဲ့ မြန်မာ့အရေးအပေါ် အကျိုးသက်ရောက်မှု

ဒုတိယကမ္ဘာစစ်ပြီးတဲ့နောက် နှစ်ပေါင်း ၈၀ အကြာမှာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့ အကြားဆက်ဆံရေးပုံစံ၊ အကျိုးစီးပွား၊ ဖွဲ့ထားပြီးသား စစ်ရေးအုပ်စုတွေ ပြိုကွဲနိုင်ခြေ၊ အင်အားကြီးသူတွေရဲ့ အနိုင်ကျင့်ဗိုလ်ကျမှု၊ သယံဇာတနဲ့ နယ်မြေလိုချင်တဲ့ ဆန္ဒတွေကို ပေါ်ပေါ်ထင်ထင် ထုတ်ဖေါ်ပြောဆိုလာမှုတွေက နှစ် ၈၀ နီးပါး တည်ရှိလာတဲ့ အနေအထားတွေကို ပြောင်းပြန်လှန်လိုက်သလို ဖြစ်မယ့် အရိပ်အယောင်တွေ၊ လက္ခဏာတွေတွေ့လာနေကြရတာ ဖြစ်ပါတယ်။ ဒီအခြေအနေတွေ အပြောင်းအလဲတွေက မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှု၊ ဒီမိုကရေစီ ကြိုးပမ်းမှုတွေအပေါ်  ဘယ်လို သက်ရောက်မှုတွေ ရှိလာနိုင်သလဲဆိုတာလည်း တွေးစရာတွေ ပေါ်လာနေပြီ ဖြစ်ပါတယ်။ 

တနည်းအားဖြင့်ပြောရရင် မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်၊ ဖက်ဒရယ် ဒီမိုကရေစီအရေးကြိုးပမ်းမှုတွေ၊ လက်နက်ကိုင် တော်လှန်ရေး၊ ပြည်ပစွက်ဖက်မှု စတာတွေအပေါ် ကမ္ဘာမှာ ဖြစ်နေတဲ့ အပြောင်းအလဲ၊ အရွေ့တွေ၊ မျှော်လင့်မထားတဲ့ အုပ်စုဖွဲ့မှု အပြောင်းအလဲတွေက သက်ရောက်မှု အတိုင်းအတာတခုထိ ရှိလာနိုင်တာ အသေအချာဖြစ်ပါတယ်။ မြန်မာ့အရေးမှာ ကမ္ဘာ့အခြေအနေတွေက အဆုံးအဖြတ်မဟုတ်သည့်တိုင် သံတမန်ရေး ထောက်ခံအားပေးမှုနဲ့ စိတ်ဓါတ်ရေးအရ ထောက်ခံမှု၊ ရန်သူအနေနဲ့ ၄င်းတို့မဟာမိတ်လုပ်ထားတဲ့ နိုင်ငံတွေရဲ့ သြဇာ၊ စစ်ရေး၊ စီးပွားရေး အင်အားနဲ့ အနေအထားအပြောင်းအလဲတွေက ပြည်တွင်းမှာ ဖြစ်ပွားနေတဲ့ တော်လှန်ရေးကို အတိုင်းအတာတခုထိ သက်ရောက်လာမှာ အသေအချာဖြစ်ပါတယ်။ 

အဲဒီလိုဆိုတော့ ကမ္ဘာကြီးမှာ ဘာတွေဖြစ်နေသလဲလို့ မေးရင် ဒုတိယကမ္ဘာစစ်ပြီးကတည်းက အင်အားကြီး နှစ်နိုင်ငံ ဖြစ်တဲ့ အမေရိကန်နဲ့ ရုရှားတို့ရဲ့ အားပြိုင်မှု bi polar power က ပြီးဆုံးသွားပြီလို့ ဆိုရမယ့်ကာလ၊ အင်အားကြီးနိုင်ငံ အများအပြား ပေါ်ထွက်လာတဲ့ အခင်းအကျင်း၊ စစ်ရေး၊ စီးပွားရေး၊ နည်းပညာ ပါဝါတွေက ယခင်ကလို ၂ နိုင်ငံလက်ထဲမှာသာ မဟုတ်တော့ဘဲ နိုင်ငံအများအပြားလက်ဝယ် ရှိလာကြတာတွေက တကမ္ဘာလုံးကို အင်အားကြီး ၂ နိုင်ငံကသာ ကြီးစိုး ချယ်လှယ်တဲ့ခေတ် ကုန်ဆုံးသွားပြီး စစ်ရေး၊ စီးပွားရေးနဲ့ နည်းပညာ အားကြီးတဲ့နိုင်ငံတွေက ဒေသအလိုက် စိုးမိုးချယ်လှယ်လာနိုင်တဲ့ ကမ္ဘာအဖြစ် ပြောင်းလဲလာနေတာပါ။ ဒီအခြေအနေမျိုးအထိက မဆိုးဝါးသေးဘူးလို့ ဆိုနိုင်ပေမယ့် အခုအချိန်ကာလဟာ ကိုလိုနီနယ်မြေရဖို့ အသည်းအသန် ဖြစ်ပြီး မဟာမိတ်နိုင်ငံတွေအချင်းချင်းကို ချနင်းမယ့် အဖြစ်တွေ၊ နိုင်ငံတကာ သဘောတူညီမှုတွေကို လွှတ်ချပြီး နိုင်ငံတနိုင်ငံရဲ့ သမ္မတကို ဝင်ဖမ်းဆီးခေါ်ဆောင်တာ၊ သယံဇာတ ရယူလိုမှုအတွက် အကျိုးအကြောင်း မဆီလျော်တဲ့ ဆင်ခြေတွေနဲ့ ဝင်ရောက်တိုက်ခိုက်ဖို့ ဝန်မလေးတော့တဲ့ ဖြစ်ရပ်တွေ ဖြစ်ပွားလာနေတာက ဒုတိယကမ္ဘာစစ်မတိုင်မီ အခြေအနေမျိုးနဲ့ နှိုင်းယှဥ်စရာ ဖြစ်လာနေပါတယ်။ 

လတ်တလော အမေရိကန်ပြည်ထောင်စုရဲ့ ပြောဆိုမှုတွေ လုပ်ရပ်တွေဖြစ်တဲ့ ဗင်နီဇွဲလား သမ္မတကို ဖမ်းဆီးခေါ်ဆောင်တာ၊ ဂရင်းလန်းကို ရမှ ဖြစ်မယ်ဆိုတာ၊ အီရန်ကို တိုက်ခိုက်မယ်ဆိုတဲ့ ပြောဆိုမှုတွေက သယံဇာတ၊ နယ်မြေ၊ နိုင်ငံရေး ပထဝီအရေ အရေးပါတဲ့ နယ်မြေကို ထိန်းချုပ်ရယူလိုတဲ့ ရည်ရွယ်ချက်တွေဆိုတာ ရှင်းရှင်းလင်းလင်း ပေါ်ထွက်နေရုံမျှ မက နုတ်ကလည်း ထုတ်ပြောလာတာကြောင့် ကမ္ဘာကြီးအနေနဲ့ နိုင်ငံရေး၊ သံတမန်ရေး ကစားပွဲ စည်းမျဥ်းစည်းကမ်းတွေ အားလုံး ပျက်စီးသွားပြီ ဆိုတဲ့ သဘောမျိုးအထိ အဓိပ္ပါယ် သက်ရောက်လာနေတာ ဖြစ်ပါတယ်။ 

ဒီအဖြစ်အပျက်တွေကို ထရန့်ရဲ့ အရူးထမှု သက်သက်လို့တော့ ပြောဆိုဖို့ ခက်ခဲပါလိမ့်မယ်။ စက်မှုတော်လှန်ရေး ပေါ်ထွန်းပြီးနောက် အရင်းရှင်စနစ်က နယ်ချဲ့စနစ်ကို ကူးပြောင်းလာတဲ့ ကာလတွေလို နိုင်ငံရေးသမားတွေရဲ့ နောက်မှာ တွန်းအားပေးမဲ့ နယ်ချဲ့မှုကို အရင်းအနှီးစိုက်ထုတ်ပေးမယ် နိုင်ငံတကာ ကုမ္ပဏီကြီးတွေ၊ Oligarch တွေ ရှိနေကြတာ ဖြစ်ပါတယ်။ အရှေ့တောင် အာရှ၊ အိန္ဒိယတိုက်က နိုင်ငံတွေနဲ့  မြန်မာနိုင်ငံတို့လို နိုင်ငံတွေကို ကိုလိုနီအဖြစ် သိမ်းယူခဲ့စဥ်က အဲဒီနယ်ချဲ့နိုင်ငံ အစိုးရတွေရဲ့ နောက်မှာ အရှေ့အိန္ဒိယကုမ္ပဏီတို့လို နိုင်ငံတကာကုမ္ပဏီကြီးတွေ ရှိနေခဲ့ကြသလို အခု လက်ရှိကာလမှာလည်း ရေနံသယံဇာတ အတွက် ရေနံကုမ္ပဏီကြီးတွေက နိုင်ငံရေးသမားတွေ ရဲ့ နောက်မှာ ရှိနေကြတာ သဘောသဘာဝ အတူတူပဲ ဖြစ်ပါတယ်။ 

အရင်းရှင်စနစ်ရဲ့ ဆိုးယုတ်တဲ့ အပိုင်း၊ လက်ရဲဇက်ရဲ နယ်မြေ သိမ်းယူဖို့ မခိုင်လုံတဲ့ အကြောင်းပြချက်တွေ၊ စစ်အင်အားတိုးချဲ့မှုတွေ၊ စစ်အသုံးစရိတ် တိုးချဲ့လာကြတာတွေက ၁၉၃၀ ခုနှစ်ကာလတွေနဲ့ နှိုင်းယှဥ်စရာ အနေအထားတွေ ဖြစ်ပါတယ်။ 

ဒုတိယကမ္ဘာစစ်အပြီး ကွန်မြူနစ်နိုင်ငံတွေကို အားပြိုင်ဖို့ ဖွဲ့စည်းခဲ့တဲ့ NATO လို စစ်ရေး မဟာမိတ် အဖွဲ့ ပြိုကွဲနိုင်တဲ့ အခြေအနေထိရောက်အောင် အနောက်အုပ်စု မဟာမိတ်နိုင်ငံတွေအကြား ပြဿနာတွေ ပေါ်ထွက်လာနေတာပါ။ အမေရိကန်က ဂရင်းလန်းကျွန်းကို ဘယ်နည်းလမ်းသုံးရသုံးရ ရမှ ဖြစ်မယ်ဆိုတဲ့ ပြောဆိုမှုတွေက နေတိုး စာချုပ်အဖွဲ့ဝင် အနောက်ဥရောပ နိုင်ငံတွေ ဖြစ်တဲ့ ဒိန်းမတ်၊ ဂျာမနီ၊ ပြင်သစ် နဲ့ ယူကေတို့ကို အမေရိကန် အပေါ် စိတ်ပျက်စေခဲ့ပါတယ်။ အလားတူ အီရန်နဲ့ ဗင်နီဇွဲလားနိုင်ငံအရေးကိစ္စတွေမှာ ပြောင်ပြောင်းတင်းတင်း ဝင်ရောက်စွက်ဖက်မှုတွေက အမေရိကန်ပြည်ထောင်စုအနေနဲ့ ရေနံ သယံဇာတအတွက် ဘယ်လောက်ထိ အသည်းအသန်ဖြစ်နေသလဲဆိုတာ ပေါ်လွင်ထင်ရှားပါတယ်။ 

ဒုတိယ ကမ္ဘာစစ်အပြီး ဖွဲ့စည်းခဲ့တဲ့ ကုလသမဂ္ဂ အဖွဲ့ကို ပစ်ပယ်ပြီး အမေရိကန် သမ္မတထရန့်က ဘုတ်အဖွဲ့ ဥက္ကဌ လုပ်မယ့် ငြိမ်းချမ်းရေး ဘုတ်အဖွဲ့ ဆိုတဲ့အမည်နဲ့ အဖွဲ့ကြီးဖွဲ့ပြီး နိုင်ငံတကာအရေးတွေမှာ သြဇာ အာဏာရှိအောင် လုပ်မယ့် စင်ပြိုင်အဖွဲ့ဖွဲ့စည်းဖို့ ကြိုးပမ်းနေခြင်းကလည်း ကမ္ဘာ့နိုင်ငံတွေအကြား တန်းတူဆက်ဆံရေး၊ စည်းမျဥ်းစည်းကမ်းကို အခြေခံတဲ့ ဆက်ဆံရေး စနစ်တရပ်ကို သြဇာခံ အသုံးချခံ အဖွဲ့အစည်းတခုနဲ့ အစားထိုးတာ ဖြစ်လို့ နိုင်ငံများအကြား က အခြေကျတည်ငြိမ်နေတဲ့ အဖွဲ့အစည်းတခုကို အဆုံးသတ်မယ့် ကြိုးပမ်းမှုလို့ ယူဆနေကြတာ ဖြစ်ပါတယ်။ 

ကုလသမဂ္ဂရဲ့ အာဏာ၊ လုပ်ပိုင်ခွင့်ကို အမေရိကန်ပြည်ထောင်စုက အလေးမထား၊ လိုရင် လိုသလိုသုံးပေမယ့် အမေရိကန်အစိုးရ သဘောထားနဲ့ မကိုက်ရင် ရှိတယ်လို့တောင် မမှတ်ယူဘဲ လုပ်ချင်ရာလုပ်ခဲ့တာ ကာလအတော်ကြာပြီ ဖြစ်ပါတယ်။ သို့ပေမဲ့ အခုလို ကုလသမဂ္ဂနဲ့ စင်ပြိုင် အဖွဲ့အစည်းမျိုး ဖွဲ့လိမ့်မယ်၊ ကုလသမဂ္ဂအဖွဲ့အောက်က WHO လို အဖွဲ့မျိုးက နုတ်ထွက်တဲ့ လုပ်ရပ်တွေမျိုးထိ မျှော်လင့်မထားခဲ့ကြတာပါ။ 

အခုတော့ မျှော်လင့်မထားတဲ့ အခြေအနေတွေအားလုံး ဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။ ဒီလို အနေအထားမှာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ အနောက်နိုင်ငံတွေ တက်တက်ကြွကြွ ထောက်ခံမှုရဖို့အရေး၊ ကုလသမဂ္ဂ အနေနဲ့ မြန်မာ့အရေးအတွက် ဖိအားပေးဖို့ ဆိုတာမျိုးတွေက မျှော်လင့်လို့မရတော့တဲ့ အခြေအနေ ဖြစ်သွားပါပြီ။ 

မြန်မာ့အရေးက မိမိတို့ အိမ်နီးချင်းနိုင်ငံတွေရဲ့ မဟာဗျူဟာ၊ အင်အား၊ ရည်မှန်းချက်၊ မူဝါဒတွေကို နားလည် သုံးသပ်ပြီး မိမိတို့နိုင်ငံအနေနဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေအကြား အသုံးချခံအဖြစ်အပျက်တရပ်မဖြစ်ဖို့က အရေးကြီးပါတယ်။ မိမိတို့ ပြည်တွင်းအရေးကိစ္စကို ပြည်တွင်းမှာ အဖြေရှာနိုင်ခြင်းက အကောင်းဆုံး အနေအထား ဆိုတာကို နားလည်ကြဖို့လည်း အရေးကြီးပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း အရှေ့တောင်အာရှကို ကျူးကျော်လာဖို့ အစီအစဥ်ရှိတဲ့ ဖက်ဆစ်ဂျပန်နဲ့ ပူးပေါင်းပြီး နယ်ချဲ့ ဗြိတိသျှနယ်ချဲ့ကို တော်လှန်တိုက်ခိုက်ခဲ့ခြင်းက ယူသင့်တဲ့ သမိုင်းသင်ခန်းစာတွေလည်း မဖြစ်မနေ ရယူကြရမှာဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar