Breaking News

များပြားလာနေတဲ့ ရက်စက်စွာ သတ်ဖြတ်တဲ့ ရာဇဝတ်မှုတွေနဲ့ နေထိုင်အသက်ရှင်နေကြရတဲ့ မြန်မာလူထု

မြန်မာနွေဦးခရိုနီကယ် - ဇန်နဝါရီ ၂၇ မြင်ကွင်း

(မိုးမခ) ဇန်နဝါရီ ၂၈၊ ၂၀၂၆


များပြားလာနေတဲ့ ရက်စက်စွာ သတ်ဖြတ်တဲ့ ရာဇဝတ်မှုတွေနဲ့ နေထိုင်အသက်ရှင်နေကြရတဲ့ မြန်မာလူထု

စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် နှစ်ပိုင်းတွေမှာ ရာဇဝတ်မှုတွေ မကြုံဖူးလောက်အောင် မြင့်တက်လာနေပြီး အဆိုပါ ရာဇဝတ်မှုတွေရဲ့ ရက်စက်မှု အတိုင်းအတာကလည်း တသက်မှာ မကြားဖူး မကြုံဖူးခဲ့တဲ့ အနေအထားမျိုးတွေ အထိ ရောက်ရှိလာနေတဲ့ အပေါ် မြန်မာနိုင်ငံက လူထုအနေနဲ့ ကြောက်လန့်မှု စိုးရိမ်မှုတွေနဲ့ အသက်ရှင်နေထိုင်နေကြရတာလည်း ဖြစ်ပါတယ်။ 

ခုရက်ပိုင်း အတွင်း မှော်ဘီမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ရာဇဝတ်မှု တခုဆိုရင် ဇနီးဖြစ်သူကို ခေါင်းဖြတ်သတ်ပြီးနောက် အဆိုပါ ဦးခေါင်းကို လက်တဖက်က ကိုင်ပြီး အခြားလက်တဖက်မှာ သတ်ဖြတ်ရာမှာ အသုံးပြုခဲ့တဲ့ အသွားရှည်တဲ့ ဓါးကိုကိုင်ကာ ရန်ကုန်-ပြည်ကားလမ်းပေါ်ထိ ထွက်လာပြီးနောက် ကားတစီးကို ဓားပြခြိမ်းခြောက်တားစီးပြီး ရန်ကုန်-ပြည်ကားလမ်းပေါ်က မှော်ဘီတိုးဂိတ်ထိ ခေါင်းပြတ်ကို ယူဆောင်သွားရောက်ခဲ့တဲ့ အဖြစ် ဖြစ်ပွားခဲ့ပါတယ်။ 

ဇနီးဖြစ်သူကို သတ်ဖြတ်ပြီး ခေါင်းဖြတ်ကာ ယူဆောင်သွားတဲ့အထိ ရက်စက်စွာ လုပ်ဆောင်ခဲ့တာဟာ မူးယစ်ဆေးကြောင့်လား၊ စိတ်ပိုင်းဆိုင်ရာကြောင့်လား ဘာကြောင့်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရှိရသေးပေမယ့် မြန်မာ့လူမှုအသိုင်းအဝိုင်းမှာ အခုလို ရက်စက်စွာသတ်ဖြတ်မှုတွေ မကြာခဏဖြစ်ပွားလာနေတဲ့ အဖြစ်ကိုတော့ အားလုံးက သတိပြုမိနေကြပြီ ဖြစ်ပါတယ်။ 

ဇန်နဝါရီ ၂၈ ရက်နေ့ သတင်းတပုဒ်ထဲမှာလည်း လားရှိုးမြို့မှာ ဘုန်းတော်ကြီးတပါးကို ဓားနဲ့ထိုး၊ ဦးခေါင်းကို ထုရိုက်ပြီး သတ်ဖြတ်ထားတဲ့ အကြောင်း သတင်းတပုဒ်ဖော်ပြထားတာတွေ့ရပါတယ်။ 

ခု နှစ်ပိုင်း လပိုင်းတွေမှာ ကြားသိရတဲ့ နိုင်ငံရေး အကြောင်းနဲ့ ဆက်နွှယ်တဲ့ ရာဇဝတ်မှုတွေရော နိုင်ငံရေးနဲ့ ဆက်နွှယ်ခြင်း မရှိတဲ့ အငြှိုးနဲ့ သော်လည်းကောင်း ငွေကြေး၊ အဖိုးတန်ပစ္စည်းတွေ ရယူဖို့ လုယက်သတ်ဖြတ်မှုတွေမှာသော်လည်းကောင်း မိသားစုလိုက် သတ်ဖြတ်ခံကြရတဲ့အခါ လသား ကလေးငယ်၊ ၃/၄/၅ နှစ်အရွယ် ကလေးငယ်တွေပါ မိဘတွေနဲ့အတူ သတ်ဖြတ်ကြတဲ့ အဖြစ်အပျက်တွေ အများအပြား တွေ့လာကြရတာ ဖြစ်ပါတယ်။ သတ်ဖြတ်မှုတွေက အာဏာသိမ်းစစ်တပ်ရဲ့ ထိန်းချုပ်ထားတဲ့ မြို့ကြီးတွေ၊ နယ်မြို့တွေမှာ ဖြစ်ပွားသလို၊ တော်လှန်ရေး လက်နက်ကိုင် အင်အားစုတွေ ထိန်းချုပ်ထားတဲ့ လွတ်မြောက်နယ်မြေတွေ၊ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနေတဲ့ ကြားနယ်မြေတွေမှာလည်း ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ 

ဘာကြောင့် အခုလို ရာဇဝတ်မှုတွေ သိသာထင်ရှားစွာ မြင့်တက်လာရတာလဲ၊ ဘာကြောင့် ရက်စက်စွာ သတ်ဖြတ်တာ၊ လသား အရွယ်နဲ့ ကျောင်းမနေသေးတဲ့ အရွယ် ကလေးသူငယ်ပါမကျန် သတ်ဖြတ်ကြတာပါလဲ။ ဒီလိုသတ်ဖြတ်မှုတွေ၊ ရက်စက်မှုတွေရဲ့ အကြောင်းရင်းတွေကို ဆန်းစစ်ကြည့်ရာမှာ ကျူးလွန်သူတွေအနေနဲ့ ဖမ်းဆီး တရားစီရင်ခံရဖို့ ရာနှုန်းနည်းပါးလာတာ၊ တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းတွေ အလုပ်မလုပ်ကြတော့ သလောက် အနေအထားရောက်ရှိနေတာ၊ သတ်ဖြတ်မှု ကျူးလွန်ဖို့ လက်နက်တွေ လက်ဝယ်ရှိနေကြတာ၊ လွယ်လွယ်ကူကူ ရယူနိုင်ကြတဲ့ အခြေအနေ၊ မိမိတို့ ပတ်ဝန်းကျင်မှာ အလားတူ ရာဇဝတ်မှုတွေ မကြာခဏဖြစ်ပွားနေတာကို တွေ့မြင်ကြားသိနေကြရပြီး ဆင်တူယိုးမှား ဖြစ်ရပ်တွေ ကျူးလွန်လာကြတာ၊ ငွေကြေး ရှာဖွေဖို့ ခက်ခဲလာတဲ့ လူမှုစီးပွား အခြေအနေနဲ့ မူးယစ်ဆေးဝါး လွယ်လွယ်ကူကူ ဝယ်ယူသုံးစွဲနိုင်ကြတဲ့ အခြေအနေ စတဲ့အကြောင်းရင်းတွေက အခုလို ရာဇဝတ်မှုတွေ ကျူးလွန်ဖို့ စေ့ဆော်စေတဲ့ အကြောင်းရင်းနဲ့ အားပေးအားမြှောက်ပြုတဲ့ အချက်တွေ ဖြစ်ပါလိမ့်မယ်။ 

စစ်အာဏာသိမ်းမှု မဖြစ်ပွားခင် အနေအထား၊ ကာလတွေတုန်းက မိသားစုလိုက် သတ်ဖြတ်ခံရတဲ့ အဖြစ်အပျက်မျိုးတွေက နှစ်အတန်ကြာ မှ တမှုတလေ ဖြစ်ပွားတာမျိုး ရှိခဲ့ပေမယ့် အခုအခါမှာ မိသားစုလိုက် သတ်ဖြတ်ခံရတဲ့ ဖြစ်ရပ်တွေက မကြာခဏ ဖြစ်ပွားတဲ့ ဖြစ်ရပ်၊ ရာဇဝတ်မှုတွေ ဖြစ်လာနေပါတယ်။ 

မကြာသေးတဲ့ ဒီဇင်ဘာလလယ်က ကေအန်ယူ တပ်မဟာ ၄ နယ်မြေထဲမှာ CDM လုပ်ထားတဲ့ ကျောင်းဆရာမနဲ့ ခင်ပွန်းတို့ကို ၄င်းတို့နေအိမ်မှာပဲ သတ်ဖြတ်သွားတဲ့ အဖြစ်အပျက်ဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ KNU ဘက်က ကျူးလွန်သူတွေကို ဖမ်းဆီးရမိထားကြောင်း KNU/KNLA က ထုတ်ပြန်ကြေညာချက် တစောင်ထုတ်ပြန်ခဲ့ပါတယ်။ ဒေသခံတွေကတော့ ကေအန်ယူ ထုတ်ပြန်ကြေညာချက်ပါ အချက်အလက်တချို့ဟာ ၄င်းတို့ သိရှိထားတဲ့ အချက်အလက်တွေနဲ့ ကွဲလွဲမှုတွေ ရှိနေတဲ့အကြောင်း သတင်းဌာနအချို့က ရေးသားဖော်ပြထားကြတာပါ။ 

တနင်္သာရီတိုင်း က အဖြစ်အပျက်လို မိသားစုလိုက် သတ်ဖြတ်ခံရတဲ့ ရာဇဝတ်မှုတွေ စစ်ကိုင်းတိုင်းထဲမှာလည်း ဖြစ်ပွားခဲ့သလို အညာဒေသတွေမှာလည်း အများအပြားဖြစ်ပွားနေတာ ဖြစ်ပါတယ်။ 

စစ်ကောင်စီ ထိန်းချုပ်တဲ့ ဒေသတွေမှာ ဖြစ်ပွားတဲ့ ရာဇဝတ်မှုတွေကို ဖိဖိစီးစီး ဖော်ထုတ်ဖမ်းဆီးခြင်း မပြုနိုင်သလို တော်လှန်ရေးနယ်မြေတွေမှာ ဖြစ်ပွားတဲ့ အလားတူ ရာဇဝတ်မှုတွေကိုလည်း မဖော်ထုတ်နိုင်ကြတာ တွေ့ရပါတယ်။ အာဏာသိမ်းစစ်တပ် အနေနဲ့ နိုင်ငံရေး အာဏာကို ထိပါးတဲ့ ရာဇဝတ်မှုတွေကို အဓိက အာရုံစိုက် ဖော်ထုတ်ဖမ်းဆီးဖို့ ကြိုးစားကြပေမဲ့ ပြည်သူလူထုကို ခြိမ်းခြောက်နေတဲ့ မိသားစုလိုက် သတ်ဖြတ်တာ၊ ရက်စက်စွာ သတ်ဖြတ်တဲ့ အမှု၊ လုယက်သတ်ဖြတ်မှုတွေကို ဖိဖိစီးစီး ရှာဖွေ ဖော်ထုတ်ခြင်း မပြုပါဘူး။ 

ပြည်သူလူထု အနေနဲ့ စစ်ပွဲတွေအကြား ထိခိုက်သေဆုံးမှုတွေလည်း ခံစားကြရသလို စစ်ပွဲကြောင့် မဟုတ်ဘဲ တရားဥပဒေ မစိုးမိုးတာကြောင့် အရေအတွက် မြင့်တက်လာတဲ့ ရာဇဝတ်မှုတွေရဲ့ ဒဏ်ကိုလည်း ခံစားနေကြရတာ ဖြစ်ပါတယ်။ ငွေကြေးတတ်နိုင်တဲ့သူတွေက နှိုင်းယှဥ်ချက်အားဖြင့် အနည်းငယ်ပိုလုံခြုံတဲ့ မြို့ကြီးတွေမှာ ပြောင်းရွှေ့နေထိုင်နိုင်ကြသလို ပိုချမ်းသာသူတွေကတော့ မိသားစုကို အိမ်နီးချင်း ထိုင်းနိုင်ငံလိုမျိုး မှာ ခေတ္တနေထိုင်ဖို့ လုပ်ဆောင်နိုင်ကြပေမယ့် လူထုရဲ့ ၉၉ ရာနှုန်းက အဲဒီလို ပြောင်းရွှေ့နေထိုင်နိုင်ကြတာ မဟုတ်ပါဘူး။ 

အာဏာသိမ်းစစ်တပ်၊ လူသတ်စစ်တပ်၊ အကြမ်းဖက် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူလူထုတွေပါ အသက်ဆုံးရှုံးရတာ ရှိနေသလို စစ်ဖြစ်နေတဲ့ နေရာဒေသတွေကသူတွေ အဖို့ လက်နက်ကြီး လက်နက်ငယ်ထိမှန်နိုင်ခြေ၊ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခံရနိုင်ခြေ နဲ့ အတူ ရာဇဝတ်မှု၊ လုယက်သတ်ဖြတ်မှုတွေ၊ မုဒိမ်းကျင့် ခံရနိုင်ခြေ အစရှိတဲ့ အမျိုးမျိုးသော အန္တရာယ်တွေကြားမှာ အသက်ရှင်နေထိုင်နေကြရတာ ဖြစ်ပါတယ်။ 

တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ မိမိတို့ ထိန်းချုပ်စိုးမိုးထားတဲ့ နယ်မြေဒေသတွေမှာ တရားဥပဒေ စိုးမိုးရေး၊ ရာဇဝတ်မှု လျော့ကျရေးကိုလည်း တတ်စွမ်းသရွေ့ လုပ်ဆောင်ပေးဖို့ ကြိုးပမ်းသင့်ပါတယ်။ စစ်ပွဲကာလမို့လို့ တော်လှန်ရေး ကာလမို့လို့ တရားဥပဒေစိုးမိုးမှုအတွက် စွမ်းဆောင်နိုင်ခြင်း မရှိသေးဘူးဆိုတဲ့ ဆင်ခြေပေးတာမျိုး လျစ်လျူရှုတာမျိုး မဖြစ်သင့်ဘဲ အာဏာရှင်စစ်တပ်ရဲ့ အုပ်ချုပ်မှုနဲ့ တော်လှန်ရေး အင်အားစုတွေရဲ့ အုပ်ချုပ်မှုက ဆီနဲ့ ရေလို ကွာခြားကြောင်းကို လက်တွေ့ပြသနိုင်မှသာလျှင် တော်လှန်ရေးအပေါ် လူထုရဲ့ အားကိုးမှုက အဓိပ္ပာယ်ရှိမှာ ဖြစ်တယ်လို့ ဆိုချင်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar