Friday, February 6, 2026

မောင်နွေထက် - ငြိမ်းချမ်းရေး မဟာလမင်း

Photo- Credit 
ငြိမ်းချမ်းရေး မဟာလမင်း
မောင်နွေထက်
(မိုးမခ) ဖေဖော်ဝါရီ ၆၊ ၂၀၂၆


တကယ်က
ကမ္ဘာကြီးတခုလုံးဟာ
ငြိမ်းချမ်းရေးငတ်နေကြရှာ

တကယ်က
ငြိမ်းချမ်းရေးအစစ်က
ကိုယ့်နှလုံးသားထဲမှာ
အတုမဲ့
မဟာမြတ်ဗုဒ္ဓတရား
မေတ္တာဘာဝနာ အလင်းစကားနဲ့
ကမ္ဘာတုန်အောင်
မိုင်ထောင်ချီ
ဒေသစာရီကြွလာပြီ

ခြေတလှမ်းနဲ့
ငြိမ်းချမ်းရေးခရီးသစ်စတင်
ခြေလှမ်းတွေက စကားမဲ့
အေးချမ်းတဲ့အလင်းတွေသယ်ဆောင်ခဲ့
အမှောင်ထဲက
အလင်းရှိရာ
မေတ္တာလှိုင်းနဲ့
စေတနာ
ကရုဏာ
အကြင်နာလမ်းခင်း
ဟောဒီ
မငြိမ်းချမ်းတဲ့
ကမ္ဘာမြေ‌ပေါ်မှာ
မေတ္တာလမင်း သာနေပြီ

နှင်းမုန်တိုင်းကိုဆန်
မေတ္တာ သစ္စာနဲ့
ငြိမ်းချမ်းရေးအောင်လံတလူလူလွှင့်
အမုန်းစိတ်တွေကြွေလွင့်
အချစ်ပွင့်တွေဝေ
နယ်စည်းမခြားတဲ့ငြိမ်းချမ်းရေး
လူသားအားလုဲး
ပီတိမျက်ရည်တွေကျ
ဒုက္ခတွေ တဒင်္ဂဖယ်ရှား
ပြုံးနေကြပါရောလား

ကြည့်စမ်း
နှလုံးသားပီတိအဟုန်ထဲက
မုဒိတာအပြုံးနဲ့ မျက်ရည်
လူသားအားလုံးရဲ့မျက်နှာပေါ်မှာ
အလင်းတွေဖြာ
မငြိမ်းချမ်းတဲ့ ဘဝတွေထဲက
တကယ့်ငြိမ်းချမ်းရေးအစစ်ကိုသာတမ်းတနေကြရဲ့

အနှိုင်းမဲ့မြတ်
ဗုဒ္ဓခင်းခဲ့တဲ့
အလယ်လမ်းမြတ်ဆီ
လာပြီ

မေတ္တာလမင်းနဲ့
အဇ္ဈတအမှောင်ခွင်း
စကြာဝဠာပြတင်းဝမှာ
ငြိမ်းချမ်းရေးမဟာလမင်း သာနေပြီ။ ။ 

၀၁-၀၂-၂၀၂၆
* တနဂ်နွေနေ့ မနက်ခင်းက ရေးပြီးပါတယ်