Breaking News

မောင်ဘိုး- ဗိုလ်ချုပ်မွေးနေ့ ဘယ်က စ၊ ဘယ်လိုကျင်းပခဲ့ကြသလဲ

ဗိုလ်ချုပ်မွေးနေ့ ဘယ်က စ၊ 

ဘယ်လိုကျင်းပခဲ့ကြသလဲ

မောင်ဘိုး 

(မိုးမခ)ဖေဖော်ဝါရီ ၁၃၊ ၂၀၂၆

လွတ်လပ်ရေးကို အရယူပေးခဲ့တဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့မွေးနေ့ကို ဗိုလ်ချုပ်ကျဆုံးပြီး သုံးနှစ်အကြာမှ စတင်ကျင်းပဖြစ်ခဲ့ပါတယ် ။ဗိုလ်ချုပ်မရှိတဲ့နောက် ပထမဆုံးကျင်းပဖြစ်တဲ့ မွေးနေ့ဟာ အသက် ၃၅ နှစ်ပြည့်မွေးနေ့ပါ။

၁၉၅၀

ဗိုလ်ချုပ်မွေးနေ့လုပ်ဖို့ စတင်ဆော်သြ သူကတော့ ပြည်သူ့ရဲဘော်ဟောင်း တစ်ဦးဖြစ်တဲ့ ဗိုလ်သိမ်းဆွေပါ။ သူဟာ စမ်းချောင်း နန္ဒဝန်လမ်းမှာ " ဗိုလ်ချုပ်စာကြည့်တ်ိုက်"ကို ထူထောင်ထားပြီး စာကြည့်တိုက်အဖွဲ့ရဲ့ ဥက္ကဋ္ဌလဲဖြစ်ပါတယ်။ ပထမဆုံးဗိုလ်ချုပ်မွေးနေ့ကို ဗိုလ်ချုပ်စာကြည့်တိုက်မှာပဲ ကျင်းပခဲ့ပါတယ်။ မနက်ပိုင်းမှာ သံဃာတော်တွေကို ဆွမ်းသက်စေ့လှူဒါန်းပြီး ညနေ၅ နာရီခွဲမှာတော့ လူထုဟောပြောပွဲ ပြုလုပ်ပါတယ်။

ဒီအခမ်းအနားကို ဆရာကြီးသခင်ကိုယ်တော်မှိုင်း ၊ ဒေါ်ခင်ကြည်၊ ဝန်ကြီးချုပ်ဦးနု၊ ဆမားဒူးဝါးဆင်ဝါးနောင်၊တို့ တက်ရောက်ခဲ့ပါတယ်။ ဦးနုက မိန့်ခွန်းပြောရမှာတော"ဗမာရာဇဝင်မှာ ဓားမိုးပြီးမှ ညီညွတ်မှုရခဲ့ပေမဲ့ ဗိုလ်ချုပ်လက်ထက်မှာတော့ ဓားမမိုးဘဲ ညီညွတ်ရေးရခဲ့ကြောင်း ထည့်ပြောခဲ့ပါတယ်။

ဒီအခမ်းအနားဟာ ပထမဆုံးဖြစ်တာကြောင့် လူထုစိတ်ဝင်စားမှုနည်းခဲ့ပြီး နိုင်ငံရေးသမားတွေနဲ့ ဒေသခံပြည်သူတွေလောက်ပဲ တက်ရောက်ခဲ့ပါတယ်။

၁၉၅၁

၁၉၅၁ခုနှစ် ဗိုလ်ချုပ်မွေးနေ့မှာတော့ ပြည်သူတွေစိတ်ဝင်စားမှု အတော်အသင့်ရှိလာကြပါပြီ။ အစိုးရဘက်ကလဲဗိုလ်ချုပ်မွေးနေ့ကို အလေးထားခဲ့ပြီး မြို့တော်ခန်းမမှာ ကျင်းပခွင့်ပေးခဲ့ပါတယ်။ ဝန်ကြီးတွေတက်ရောက်ကြတဲ့ ဒီအခမ်းအနားမှာ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုထားရှိဖို့ကို အသိပေးရှင်းလင်းခဲ့ပါတယ်။ 

ကြေးရုပ်ကို ဖဆပလ ရန်ပုံငွေ တစ်သောင်းမတည်ခဲ့ပြီး အိန္ဒိယဝန်ကြီးချုပ် နေရူးက ငွေငါးထောင်လှူဒါန်းထားတယ်လို့ ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီဝင် မြန်မာ့အလင်းဦးတင်က အသိပေးပါတယ်။ ဗိုလ်ချူပ်ကြေးရုပ်ကို ဗိုလ်ချုပ်လမ်းနဲ့ဆူးလေဘုရားလမ်းဆုံမှာ ထားမယ်လို့လဲ ပြောခဲ့ပါသေးတယ်။

၁၉၅၁ ဗိုလ်ချုပ်မွေးနေ့မှာ ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ စာစီစာကုံးပြိုင်ပွဲတွေကျင်းပပြီး ဆုချီးမြှင့်ခဲ့ပါတယ်။ ကွယ်လွန်သူ ကာတွန်းဆရာကြီးဦးဖေသိန်းက အသက် ၂၇နှစ်အရွယ်မှာ ဒီပြိုင်ပွဲရဲ့ ကာတွန်း ပထမဆုကိုရခဲ့ပြီး စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ အဖေ ပန်းချီနည်းပြဆရာ ဦးခင်

လှိုင်က ပုံတူပြိုင်ပွဲမှာ ဒုတိယဆုရခဲ့ပါတယ်။

၁၉၅၂

အထင်ကရ ဂျူဗလီဟော အဆောက်အအုံကြီးမှာ ကျင်းပခဲ့တဲ့နှစ်ပါ။ ဒါပေမဲ့ တက်ရောက်သူ ၂၀၀ခန့်သာရှိပါတယ်။ ဝန်ကြီးချုပ်ဦးနု မိန့်ခွန်းပြောရာမှာတော့ တက်ရောက်သူနည်းလို့ ကျေနပ်အားရမှုမရှိဘူးလို့ ထည့်ပြောသွားပါတယ်။ သတင်းထောက်တွေက တက်ရောက်သူနည်းတဲ့အကြောင်းကို စုံစမ်းရာမှာတော့ အချိန်မသိတာ၊ နောက်ကျတာတွေနဲ့ မြူနီစပယ်ရွေးကောက်ပွဲနီးလို့ နိုင်ငံရေးသမားတွေရွေးကောက်ပွဲအတွက် လုံးပန်းနေတာတွေကြောင့်လို့ သတင်းစာထဲမှာ ထည့်ရေးကြပါတယ်။

၁၉၅၃

ဖဆပလအဖွဲ့ချုပ်က ကမကထ လုပ်တဲ့ ဗိုလ်ချူပ်မွေးနေ့ကို မြို့တော်ခန်းမမှာကျင်းပခဲ့ပါတယ်။ ဖဆပလဥက္ကဋ္ဌ ဦးဘဆွေ၊ ဝန်ကြီးတွေနဲ့ ပြည်သူတွေတက်ရောက်ခဲ့ပြီး စည်ကားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂နှစ်ကတည်းကစီစဉ်ခဲ့တဲ့ ဗိုလ်ချုပ်ကြေးရုပ်သွန်းလုပ်တဲ့ ကိစ္စဟာ အသံမကြားရတာကြောင့် သတင်းစာတွေက ဝေဖန်၊ပြောဆိုနေချိန်လည်း ဖြစ်ပါတယ်။

ဒါ့ကြောင့် ဖြစ်မြောက်ရေးအဖွဲ့ဝင် မြန်မာအလင်းဦးတင်ကပဲ ကြေးရုပ်ကိစ္စကို ထပ်ပြီးရှင်းပြခဲ့ရပါတယ်။ ကြေးရုပ်ပုံတူအတွက် ပြည်တွင်းက ပန်းချီဆရာတွေကို ပြိုင်ပွဲလုပ်ပြီးဖိတ်ခေါ်ခဲ့ပေမဲ့ အဆင့်မမီတာကြောင့် အားလုံးပယ်ချခဲ့ရတယ်လို့ဆိုပါတယ်။ နောက် ရှမ်းပြည်က ပန်းပုဆရာဦးစံဖေကို ဖိတ်ခေါ်ပြီး ပုံကြမ်းထုလုပ်စေခဲ့ပေမဲ့လည်း သဘာဝမကျဘူးလို့ဆိုကာ ကော်မတီဝင်တွေက ငြင်းပယ်ခဲ့ပြန်ပါတယ်။ နောက်ဆုံးမှာတော့ အင်္ဂလန်က ကြေးသွန်းအကျော်အမော် မစ္စတာကော်တနဲလ်ကို ထုလုပ်ဖို့ တာဝန်ပေးထားတယ်လို့ မြန်မာ့အလင်းဦးတင်က ရှင်းပြခဲ့ပါတယ်။ 

၁၉၅၄

၁၉၅၄ ခုနှစ် ဗိုလ်ချုပ်မွေးနေ့ကျင်းပပုံကိုတော့ သတင်းစာတွေထဲမှာ ဖော်ပြထားခြင်းမရှိပါဘူး။

၁၉၅၅

ထုလုပ်ပြီးစီးသွားတဲ့ ဗိုလ်ချူပ်ကြေးရုပ်ကို ၁၉၅၅ ခုနှစ် ၊ နှစ်(၄၀)ပြည့် ဗိုလ်ချုပ်မွေးနေ့မှာ ဖွင့်လှစ်ခဲ့ပါတယ်။ အစက ရန်ကုန်မြို့ထဲ ဆူးလေဘုရားလမ်းနဲ့ ဗိုလ်ချုပ်လမ်းဆုံရာမှာ ထားရှိဖို့စီစဉ်ခဲ့ပေမဲ့ ယခင်ဒါလဟိုဇီပန်းခြံလို့ခေါ်တဲ့ ကန်တော်ကြီးနံဘေးက ပန်းခြံမှာပဲ ထားရှိဖြစ်ခဲ့တာပါ။

ဗိုလ်ချုပ်ကြေးရုပ်ဖွင့်ပွဲ နိုင်ငံတော်သမ္မတ ဒေါက်တာဘဦးကိုယ်တိုင်တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။ ဗိုလ်ချုပ်ဇနီးဒေါ်ခင်ကြည်၊ သား အောင်ဆန်းဦး၊ သမီးအောင်ဆန်းစုကြည်၊ ဝန်ကြီးချုပ်ဦးနုနဲ့ဇနီးတို့လည်းတက်ရောက်ခဲ့ပါတယ်။ အဲလ်လိဇဘက် ဘုရင်မနဲ့ ဗြိတိန်ရေတပ်ဗိုလ်ချုပ်ဟောင်း လော့ဒ်မောင့်ဘက်တန်တို့ကလည်း သဝဏ်လွှာတွေပေးပို့ခဲ့ပါတယ်။ ကြေးရုပ်ဖွင့်ပွဲ အခမ်းအနားဟာ စည်စည်ကားကားရှိခဲ့ပြီး ကြေးရုပ်အပေါ်လွှမ်းထားတဲ့ ကြက်သွေးရောင်ခြုံထည်ကို ဖွင့်လိုက်တဲ့အချိန် ရေတပ်စစ်တီးဝိုင်းက နိုင်ငံတော်သီချင်းတီးမှုတ်ခဲ့ပါတယ်။

အမြင့် ၈ ပေ ၄လက်မရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ်ကို ပန်းပုဦးစံဖေရဲ့ လက်ရာကို အခြေခံထားပြီး ကြေးသွန်းပညာရှင် မစ္စတာကော်တနဲလ်က သွန်းလုပ်ခဲ့ကာ လက်ခအဖြစ် စတာလင်ပေါင် ၂၀၀၀ ပေးခဲ့ရပါတယ်။ ကြေးရုပ်အုတ်ခုံမှာထားမယ့် စာသားတွေကိုတော့ ဆရာဇော်ဂျီ၊ဆရာမင်းသုဝဏ်၊ ဗိုလ်မှူးဘရှင် ၊ဦးသန့်စတဲ့ ပညာရှင်အဖွဲ့က ရွေးချယ်ခဲ့ပြီး ဗိုလ်ချုပ်ရဲ့ မွေးနေ့၊ ကျဆုံးတဲ့ နေ့တွေအပြင် ညီညွတ်ရေးအတွက် မှာကြားခဲ့တဲ့ မိန့်ခွန်းကိုလည်း ရေးထွင်းခဲ့ပါတယ်။

၁၉၅၆ 

ဗိုလ်ချုပ်မွေးနေ့ကို မြန်မာ့ကလေးများနေ့အဖြစ် စတင်သတ်မှတ်ခဲ့တဲ့ နှစ်ပါ။ ကုလသမဂ္ဂအဖွဲ့ကြီးက နိုင်ငံအလိုက် ကလေးများနေ့တွေသတ်မှတ်ကျင်းပဖို့ နှိုးဆော်ခဲ့တာကြောင့် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကို မြန်မာ့ကလေးများနေ့အဖြစ် သတ်မှတ်ခဲ့တာဟာ အလွန်လျော်ကန်တယ်လို့ အဲဒီအခမ်းအနားကို ပေးပို့ခဲ့တဲ သမ္မတဒေါက်တာဘဦးရဲ့ သဝဏ်လွှာမှာ ဖော်ပြခဲ့ပါတယ်။

ကန်တော်ကြီး ဗိုလ်ချုပ်ပန်းခြံမှာကျင်းပခဲ့တဲ့ ပထမဆုံးအကြိမ် မြန်မာ့ကလေးများနေ့ကို လူမျိုးစုလွှတ်တော်နာယက စဝ်ရွှေသိုက်၊ ဗိုလ်ချူပ်ကတော်ဒေါ်ခင်ကြည်၊ လူမှုဝန်ထမ်းဝန်ကြီးနဲ့ ရန်ကုန်မြို့တော်ဝန်တို့ တက်ရောက်ခဲ့ပါတယ်။ ဒီအခမ်းအနားမှာ အသက် (၁၆)နှစ်အောက် ကလေးတွေရဲ့ ပညာကြိုးစားမှု၊ အကျင့်စာရိတ္တကောင်းမွန်

မှု၊ ပရဟိတလုပ်ငန်း စိတ်ဓာတ်ရှိမှုတို့အပေါ်  ဗိုလ်ချုပ်အောင်ဆန်းအထိမ်းအမှတ် ဆုတံဆိပ် ရွေးချယ်ချီးမြှင့်မယ့် အစီအစဉ်ကိုကြေညာခဲ့ပါတယ်။ 

ကလေးတွေတွေကို ထူးချွန်ဆုချီးမြှင့်တာ၊ ပျော်ပွဲရွှင်ပွဲ တွေ၊ အငြိမ့်၊ မျက်လှည့်၊ တီးဝိုင်း နဲ့ အားကစားပြိုင်ပွဲတွေ ထည့်သွင်းကျင်းပခဲ့တဲ့အတွက် လာရောက်သူတွေနဲ့ အလွန်စည်းကားခဲ့တယ်လို့ သတင်းစာတွေက ရေးကြပါတယ်။ 

၁၉၆၂ နောက်ပိုင်း

ပါလီမန်ဒီမိုကရေစီခေတ်မှာ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကို စတင်ကျင်းပပြီး တစ်နှစ်ထက် တစ်နှစ် ပြည်သူလူထု စိတ်ဝင်တစား စည်ကားခဲ့ပေမဲ့ ၁၉၆၂ တော်လှန်ရေးကောင်စီ စစ်အစိုးရ တက်လာချိန်မှာတော့ ဗိုလ်ချုပ်မွေးနေ့အခမ်းအနားတွေ မှေးမှိန်ပျောက်ကွယ်ခဲ့ပါတယ်။ နဝတ၊နအဖ အစိုးရလက်ထက်တွေမှာ ဗိုလ်ချုပ်မွေးနေ့ ကျင်းပရင် ဖမ်းဆီးခံရတာတွေရှိနိုင်တာမို့ လူနည်းစုနဲ့ တိတ်တဆိတ်ကျင်းပခဲ့တာတွေလောက်ပဲ ရှိခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်နောက်ပိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အခမ်းအနားတွေ

ပြန်အသက်ဝင်ခဲ့ပြီး ပြည်သူတွေကလည်း တစ်နှစ်ထက်တစ်နှစ် စည်စည်ကားကားဆင်နွှဲခဲ့ကြပါတယ်။

၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းပြီးနောက်မှာတော့ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ပွဲတွေ ပြန်လည်မှေးမှိန်လာခဲ့ပြီး လူထုတရပ်လုံး စိတ်ဝင်တစားမဆင်နွှဲနိုင်တော့တာ ယနေ့အထိဖြစ်ပါတယ်။

စစ်အာဏာရှင်အဆက်ဆက်က ဗိုလ်ချုပ်အောင်ဆန်းရဲ့ အထိမ်းအမှတ်တွေကို ဖျောက်ဖျက်ခဲ့ကြပေမဲ့ မြန်မာပြည်သူတွေရဲ့ ရင်ထဲမှာတော့ ဗိုလ်ချုပ်အောင်ဆန်း ဂုဏ်ဒြပ်၊ ဗိုလ်ချုပ်အောင်

ဆန်း စိတ်ဓာတ်၊ ဗိုလ်ချုပ်အောင်ဆန်း စံနမူနာတွေကတော့ လက်ဆက်ရှင်သန်နေဆဲပါပဲ။

* ကိုးကား။   ။ ပါလီမန်ဒီမိုကရေစီခေတ်ထုတ် သတင်းစာများ

-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar