PDF တပ်ရဲ့ တပ်မှူးကြီးများအစည်းအဝေးနဲ့ ၂၀၂၆ ခုနှစ်မှာ စစ်ရေးအနေအထား တကယ်ပြောင်းလဲမှာလား
မြန်မာနွေဦးခရိုနီကယ် - ဖေဖော်ဝါရီ ၈ မြင်ကွင်း
(မိုးမခ) ဖေဖော်ဝါရီ ၉၊ ၂၀၂၆
PDF တပ်ရဲ့ တပ်မှူးကြီးများအစည်းအဝေးနဲ့ ၂၀၂၆ ခုနှစ်မှာ စစ်ရေးအနေအထား တကယ်ပြောင်းလဲမှာလား
အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ရဲ့ တပ်မှူးညီလာခံကို ၅ ရက်တာကျင်းပခဲ့ကြောင်း နဲ့ ကုန်ဆုံးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွက် စစ်ရေးသုံးသပ်ချက်တွေနဲ့ ၂၀၂၆ ခုနှစ်အတွက် စစ်ရေးရည်မှန်းချက်တွေ ဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်ကို ဖေဖော်ဝါရီ ၈ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
ဒီအစည်းအဝေးကို PDF တပ်ဖွဲ့ရဲ့ စစ်ဦးစီးချုပ်၊ ဒုစစ်ဦးစီးချုပ်နဲ့ စစ်ရုံးချုပ်တာဝန်ရှိသူတွေ၊ စစ်ဒေသမှူးတွေနဲ့ အခြားအထူးလှုပ်ရှားမှုတပ်တွေက တပ်မှူးတွေ နဲ့ ပကဖ ရုံးချုပ်က တာဝန်ရှိသူတွေ စုစုပေါင်း ၁၀၀ ကျော် တက်ရောက်ခဲ့ကြတယ်လို့ ဖော်ပြထားတာ ဖြစ်ပါတယ်။
ဒီအစည်းအဝေးမှာ ဆွေးနွေးခဲ့ကြတဲ့ အကြောင်းအရာတွေ နဲ့ ပတ်သက်လို့ ဖော်ပြထားရာမှာ စစ်အခြေခံသဘောတရား၊ ပကဖ ရဲ့ သမိုင်းပေးတာဝန် (၃) ရပ်၊ စစ်ပွဲဆိုင်ရာ အခြေခံနိယာမ (၁၅) ချက်၊ ပြည်သူ့စစ်မဟာဗျူဟာ ကျင့်သုံးမှု၊ ကွပ်ကဲမှုနဲ့ စစ်ဦးစီးစနစ်၊ စစ်ဘက်ခေါင်းဆောင်မှု၊ တပ်တည်ဆောက်ရေး လုပ်ငန်းကြီးများ၊ အခြေခံစွမ်းရည် (၅) ရပ် နဲ့ ညီညွတ်မှု (၃) ရပ် စတဲ့ ခေါင်းစဥ်တွေကို အဓိကထားဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
ဒီအစည်းအဝေးမှာ ၂၀၂၅ ခုနှစ် အတွက်စစ်ရေး သုံးသပ်ချက်ကိုလည်း သုံးသပ် ဆွေးနွေးခဲ့ကြတယ်လို့ ဖေါ်ပြထားပေမယ့် အသေးစိတ်တော့ ပြောဆိုထားခြင်း မရှိပါဘူး။ အဆုံးအဖြတ် ထိုးစစ်ကို တက်လှမ်းနိုင်ဖို့ ဆွေးနွေးကြတယ်လို့ သတင်းမီဒီယာ တချို့က ဖော်ပြထားကြတာလည်း တွေ့ရပါတယ်။ ပထမအကြိမ် တပ်မှူးကြီးများ အစည်းအဝေးကို ယမန်နှစ် သြဂုတ်လက ကျင်းပခဲ့ပြီး အဆိုပါ အစည်းအဝေးရဲ့ အကျိုးဆက်ရလဒ် အဖြစ် ၂၀၂၅ ခုနှစ်နှောင်းပိုင်း ပဲခူးတိုင်းက ထိုးစစ်တွေကို ဖေါ်ဆောင်ခဲ့ကြတာလို့လည်း သတင်းမီဒီယာ အချို့မှာ ဖော်ပြထားကြတာ တွေ့ရပါတယ်။
မန္တလေး PDF တပ်ဖွဲ့က တပ်မှူးတဦးဖြစ်တဲ့ ဒေါက်တာစိုးသူရဇော်က ၄င်းရဲ့ Facebook အကောင့်မှာ အစည်းအဝေးနဲ့ ပတ်သက်လို့ အားရကျေနပ်တဲ့ အကြောင်းရေးသားထားရာမှာ အဆင့်ဆင့် ကွပ်ကဲအမိန့်ပေးစနစ် Chain of Command က အရေးကြီးကြောင်း ပုံပေါ်လာတယ်လို့ ဖေါ်ပြထားသလို နောက် အဓိက အချက်တချက်က စစ်သည်ကျင့်ဝတ် CoC ပိုင်း ဖြစ်ပြီး အားနည်းချက်တွေ ရှိနေဆဲလို့လည်း ရေးသားထားပါတယ်။ အဆင့်ဆင့် ကွပ်ကဲအမိန့်ပေးစနစ်နဲ့ စစ်သည်ကျင့်ဝတ် ဆိုင်ရာက ဆက်စပ်နေပြီး အဆိုပါ ယန္တရား ၂ ရပ် ပုံပေါ်လာဖို့က PDF တွေရဲ့ လုပ်ကိုင်နိုင်စွမ်း ဘောင်အတွင်းမှာ ရှိတယ်လို့ ရေးသားထားပါတယ်။
ဒေါက်တာ စိုးသူရဇော်က စစ်သည် ကျင့်ဝတ်ပိုင်းဆိုင်ရာ အားနည်းချက်တွေလို့ ဆိုတဲ့နေရာမှာ အခွန်အကောက် ဂိတ်ဖွင့်တာနဲ့ အကျင့်ပျက်ခြစားမှုတွေကို ရည်ညွှန်းလိုတာ ဖြစ်ပါတယ်။ ဒီအပိုင်းတွေကို အဆင့်ဆင့် ကွပ်ကဲ အမိန့်ပေးမှုတွေ လုပ်နိုင်လာတာနဲ့အမျှ ကျွဲကူးရေပါဆိုသလို ထိန်းကျောင်းတည့်မတ်လာနိုင်မယ်လို့လည်း ဆိုပါတယ်။ အခြားသော ကျင့်ဝတ်ပိုင်းဆိုင်ရာ အားနည်းချက်တွေကိုတော့ ရည်ညွှန်းပြောဆိုထားတာ မတွေ့ရပါဘူး။ ဥပမာအားဖြင့် အာဏာ အလွဲသုံးစားပြုပြီး ရိုက်နှက်တာ၊ ဥပဒေမဲ့ သတ်ဖြတ်မှုတွေ၊ တရားမဲ့ ပြုမူမှုတွေ နဲ့ ပတ်သက်လို့တော့ ရေးသားထားတာ မတွေ့ရပါဘူး။
အမျိုးသားညီညွတ်ရေး အစိုးရအနေနဲ့ ၂၀၂၆ ခုနှစ်မှာ အဆုံးအဖြတ်စစ်ရေးထိုးစစ် တက်လှမ်းဖို့ အခုလို တပ်မှူးကြီးများ အစည်းအဝေးကို ကျင်းပတာ ဖြစ်ပြီး ယခုနှစ်မှာ ဘယ်လို စစ်ရေးအရ အောင်မြင်မှုတွေ ရရှိဖို့ မျှော်မှန်းထားသလဲ ဆိုတာတော့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားတာ မရှိပါဘူး။ အဆုံးအဖြတ်ထိုးစစ်ကို တက်လှမ်းဖို့ တပ်တည်ဆောက်ရေး နဲ့ စစ်ရေးပြင်ဆင်မှု လုပ်ငန်းစဥ်တွေ လုပ်ဖို့ စစ်ဦးစီးချုပ်က မှာကြားသွားတယ်လို့သာ ပါရှိတာ ဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေး အစိုးရအနေနဲ့ အစောပိုင်း နှစ်ကာလတွေတုန်းကလို ယခုနှစ်ဟာ အဆုံးအဖြတ်နှစ်ဖြစ်မယ် ဆိုတာမျိုး၊ အောင်ပွဲရမယ်ဆိုတဲ့ ပြောဆိုမှုမျိုးတွေ ပြောဆိုတာမရှိတော့ပါဘူး။ အစောပိုင်းနှစ်တွေမှာ လူထုကို စိတ်ဓာတ်တက်ကြွစေလိုတာကြောင့် အထက်ကလို အောင်ပွဲရဖို့ အနည်းငယ်သာလိုတော့တဲ့ သဘော၊ လက်တကမ်းမှာ ဆိုတဲ့ ပြောဆိုမှုတွေက အမှန်တကယ် ဖြစ်မလာတဲ့အခါ ပြည်သူလူထုအနေနဲ့ စိတ်အားယုတ်လျော့မှုတွေနဲ့ အမျိုးသားညီညွတ်ရေး အစိုးရအပေါ် ယုံကြည်မှုတွေကို ထိခိုက်စေတာလည်း ဖြစ်ပါတယ်။
လက်နက်ကိုင် တော်လှန်ရေးရဲ့ သဘာဝအရ ရေရှည်သွားရမယ့် သဘောကို အစောပိုင်းမှာ နားလည် သဘောပေါက်ခြင်း မရှိခဲ့တာ သို့မဟုတ် ပြည်သူလူထုကို စိတ်အားတက်ကြွစေလိုတာကြောင့် ယခုနှစ်ဟာ အဆုံးအဖြတ်ဖြစ်မယ့် နှစ်ဖြစ်တယ် အစရှိတဲ့ ပြောဆိုမှုတွေက ပြည်သူလူထုအနေနဲ့ တကယ်ယုံကြည်ကာ ရှိသမျှ အင်အား၊ အရင်းအမြစ်တွေနဲ့ တော်လှန်ရေးကို ဝိုင်းဝန်းပံ့ပိုး ခဲ့ကြတာလည်း ဖြစ်ပါတယ်။ ပြည်သူလူထု အနေနဲ့ လက်နက်ကိုင်တော်လှန်ရေးဟာ အချိန် တနှစ် နှစ်နှစ်အတွင်း ပြီးဆုံး အောင်ပွဲရမယ်လို့လည်း ရိုးသားစွာ ယုံကြည်ခဲ့ကြတာ ဖြစ်ပါတယ်။
သို့ပေမယ့် လက်တွေ့မှာ အထက်ကလို ၁ နှစ် ၂ နှစ်အတွင်း လက်နက်ကိုင်တော်လှန်ရေးက အောင်ပွဲရခြင်း မရှိတဲ့အခါ အထက်ကလို စည်းရုံးပြောဆိုမှုတွေအပေါ် သံသယ ဖြစ်လာကြတာ ဖြစ်ပါတယ်။ စစ်ဘေးရှောင်စခန်းတွေမှာ နေထိုင်နေကြရတဲ့ ပြည်သူလူထု၊ မီးရှို့ခံရတာကြောင့် ဒါမှမဟုတ် လက်နက်တွေ ဗုံးတွေကြောင့် ပျက်စီးဆုံးရှုံးသွားကြရတဲ့ နေအိမ်တွေ၊ နေရပ်ကို စွန့်ခွာ တိမ်းရှောင်နေကြရတာကြောင့် စိုက်ပျိုး၊ မွေးမြူမှုတွေ မလုပ်နိုင်တော့တဲ့ အနေအထားနဲ့ ရှေ့ နှစ်ကာလတွေကို ဘယ်လို ကျော်ဖြတ်ကြမလဲဆိုတာ တွေးကြည့်ရုံနဲ့တင် ရင်မောစရာဖြစ်ပါတယ်။
အစောပိုင်းနှစ်တွေမှာ အကုန်ပုံအော ထောက်ပံ့ကူညီလိုက်ကြတဲ့ ပြည်သူလူထုအနေနဲ့ ခရီးက ရှည်ဦးမယ့် အလားအလာမျိုး ကြုံကြရတဲ့အခါ ရင်မောစရာ အဖြစ်မျိုးနဲ့ ကြုံကြရတာဖြစ်ပါတယ်။
အခုအခါမှာ တော်လှန်ရေးက ၅ နှစ်ပြည့်လာပြီဖြစ်လို့ စစ်ရေး ရည်မှန်းချက်၊ ရည်ရွယ်ချက်တွေနဲ့ ပတ်သက်လို့ ပြည်သူလူထုကို ချပြစည်းရုံးကြတဲ့အခါ ရှေ့ခရီး နီးသလား မနီးသလား ဆိုတဲ့ အချက်တွေနဲ့ ပတ်သက်လို့ ပြည်သူလူထုကို စိတ်အားတက်ကြွစေဖို့ သက်သက်ပြောဆိုစည်းရုံးမှုမျိုး နဲ့ မစည်းရုံးသင့်ပဲ လက်တွေ့ အခြေအနေ၊ ဖြစ်နိုင်တဲ့အခြေအနေတွေနဲ့ ပွင့်ပွင့်လင်းလင်း ရိုးသားစွာ စည်းရုံးပြောဆိုကြရမယ့် အချိန်လို့ ဆိုရမှာ ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar