အရှေ့အလယ်ပိုင်းက စစ်ပွဲနဲ့ ဂယက်ဒဏ်ခံရမယ့် နိုင်ငံတွေ
မြန်မာနွေဦးခရိုနီကယ် - မတ် ၁၉ မြင်ကွင်း
(မိုးမခ) မတ် ၂၀ ၊ ၂၀၂၆
အရှေ့အလယ်ပိုင်းက စစ်ပွဲနဲ့ ဂယက်ဒဏ်ခံရမယ့် နိုင်ငံတွေ
စစ်ပွဲတပွဲ ဖြစ်စရာ ဘာမှလုံလောက်တဲ့ အကြောင်းမရှိဘဲ တိုက်ခိုက်တဲ့ စစ်ပွဲတပွဲ၊ အစ္စရေးလ်က အရှေ့အလယ်ပိုင်းဒေသမှာ Greater Israel ပိုကျယ်ပြန့်တဲ့ နယ်မြေပိုင်ဆိုင်ဖို့ အစ္စရေးလ် ရည်မှန်းချက်အတွက် အတားအဆီးဖြစ်နေတဲ့ အီရန်နိုင်ငံကို ပြိုကွဲအောင် တိုက်ခိုက်မယ့်နေရာမှာ လက်နက်နဲ့ ငွေကြေးအင်အားအကြီးဆုံးနိုင်ငံကိုပါ အပါခေါ်ထည့်လိုက်တဲ့ စစ်ပွဲက ကမ္ဘာပေါ်က နိုင်ငံအများအပြားရဲ့ လူမှုစီးပွားတွေကို သက်ရောက်မှုရှိလာနေပြီ ဖြစ်ပါတယ်။
မြန်မာနိုင်ငံလို ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့ နိုင်ငံအဖို့လည်း အရှေ့အလယ်ပိုင်းစစ်ပွဲရဲ့ သက်ရောက်မှုတွေက တရက်ထက် တရက်ပိုပြီး သိသာထင်ရှားလာနေတာ ဖြစ်ပါတယ်။ ပြည်တွင်းစစ် ဖြစ်ပွားခြင်းမရှိပဲ မြန်မာရွှေ့ပြောင်းလုပ်သား ၃ သန်းကနေ ၆ သန်းလောက်ထိ နေထိုင်အလုပ်လုပ်ကိုင်နေတဲ့ ထိုင်းလို နိုင်ငံတောင် လောင်စာဆီ ပြတ်လတ်တဲ့ လက္ခဏာတွေ ဒေသအချို့မှာ ဖြစ်ပေါ်နေတာ တွေ့ရမှာပါ။ အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီမှာ အိမ်သုံးသဘာဝဓါတ်ငွေ့ရည် ပြတ်လပ်ပြီး သဘာဝဓါတ်ငွေ့ရည် ရောင်းချရာနေရာမှာ လူတန်းရှည်ကြီးတွေ အလုအယက်ဝယ်ယူနေကြရတာ၊ စားသောက်ဆိုင်တွေ သဘာဝဓါတ်ငွေ့ရည် မရှိလို့ ပိတ်ထားရတဲ့ အဖြစ်တွေ ဖြစ်ပွားနေတာတွေ သတင်းတွေထဲမှာ တွေ့မြင်နေကြရတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံလို ပြည်တွင်းစစ် ဖြစ်နေတဲ့ နိုင်ငံတနိုင်ငံအဖို့ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတွေမှာ လောင်စာဆီကို နကိုကတည်းက မတန်တဆ စျေးနှုန်းနဲ့ ဝယ်ယူသုံးစွဲနေရတာကြောင့် အခုလို အရှေ့အလယ်ပိုင်း စစ်ပွဲရဲ့ သက်ရောက်မှုက ထပ်ဆင့်လိုက်တဲ့အခါ ဘယ်လိုအကျိုးဆက်တွေ ဖြစ်ပွားလာမလဲ ဆိုတဲ့ စိုးရိမ်မှုတွေရှိနေတာပါ။ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်ရဲ့ ဒေသအချို့၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ရှမ်းမြောက်ဒေသအချို့မှာ လောင်စာဆီ စျေးနှုန်းတွေက ရန်ကုန်၊ မန္တလေးတို့လို ပိတ်ဆို့မှုနဲ့ လမ်းဂိတ်ကြေး မရှိတဲ့ဒေသတွေထက် ၅၀ ရာနှုန်းကနေ ၁၀၀/၁၅၀ ရာနှုန်းလောက်ပိုမြင့်မားတဲ့ စျေးနှုန်းတွေနဲ့ အသုံးပြုနေကြရတာ ဖြစ်ပါတယ်။ လောင်စာဆီစျေးနှုန်းကြီးမားတာရဲ့ သက်ရောက်မှုက အသက်မွေးဝမ်းကျောင်းဖြစ်တဲ့ ရေလုပ်ငန်း၊ စိုက်ပျိုးရေး နဲ့ ကုန်ရောင်းကုန်ဝယ်လုပ်ငန်းတွေကို ထိခိုက်သလို ကျန်းမာရေး၊ ပညာရေးတွေကိုလည်း ထိခိုက်နေတာ ဖြစ်ပါတယ်။ စစ်ပွဲတွေဖြစ်ပွားလာပြီးနောက် ဆေးရုံ၊ ဆေးခန်းတွေ နည်းပါးလာချိန် အသက်အန္တရာယ်ကို ထိခိုက်နိုင်တဲ့ရောဂါတွေကို ကုသမှုခံယူဖို့ မြို့ဆေးရုံတွေဆီ သွားရောက်ဖို့ ကားခက သိန်း ဆယ်ဂဏန်းချီကုန်ကျတာတွေ ရှိလာနေတာ ဖြစ်ပါတယ်။ ဥပမာ မုံရွာကနေ ရန်ကုန်၊ ကလေးကနေ ရန်ကုန် မှာ ဆေးလာကုသတာမျိုးမှာ လူနာတင်ယာဥ်တွေ ငှားကြတဲ့အခါ လောင်စာဆီဖိုး သိန်းဆယ်ဂဏန်းထိ တောင်းခံတာတွေ ရှိလာနေတာ ဖြစ်ပါတယ်။
အရှေ့အလယ်ပိုင်းစစ်ပွဲ ဖြစ်ပွားတာ သီတင်း ၃ ပတ်ထဲ ရောက်လာချိန် မြန်မာနိုင်ငံက လောင်စာဆီစျေးနှုန်းတွေ ၂၅ ရာနှုန်းကနေ ၃၀ ရာနှုန်းကျော်ထိ မြင့်တက်သွားတာတွေ့ရပါတယ်။ စစ်ပွဲစတင်ဖြစ်ပွားစဥ် လောင်စာဆီ လက်ကျန် ရက် ၄၀ စာရှိကြောင်း အာဏာသိမ်းစစ်တပ်က မတ်လဆန်းမှာ ပြောဆိုခဲ့ပေမယ့် စစ်ပွဲဖြစ်ပွားပြီး ရက် ၂၀ အကြာမှာ တရားဝင်ရောင်းချတဲ့ စျေးနှုန်းတွေ မြှင့်တင်လိုက်တာ ဖြစ်ပါတယ်။ ယခင် တလီတာ ကျပ် ၃၀၀၀ လျော့လျော့ရှိတဲ့ ဓါတ်ဆီက ကျပ် ၃၈၀၀ ဝန်းကျင်ရောက်လာသလို ယခင် ၃၅၀၀ ဝန်းကျင်ရှိတဲ့ ဒီဇယ်ဆီက ခုအခါ ကျပ် ၄၈၀၀ ကျော် ရှိလာတာ ဖြစ်ပါတယ်။
ရန်ကုန် နဲ့ မန္တလေးမြို့တွေမှာ အခုစျေးနှုန်း ရှိပေမယ့် ရခိုင်၊ ကချင်၊ ချင်းတို့လို အဆင့်ဆင့်သယ်ယူရပြီး လမ်းခရီးမှာ တားမြစ်ပိတ်ဆို့မှုတွေလည်း ရှိနေတာကြောင့် စျေးနှုန်းက ရန်ကုန်၊ မန္တလေးတို့ကထက် ၂ ဆကနေ ၄/၅ ဆအထိ ပေးပြီး သုံးစွဲနေရတဲ့ ဒေသတွေလည်း ရှိနေတာ ဖြစ်ပါတယ်။ လောင်စာဆီ မရှိလို့ လူမှုနေ့စဥ်ဘဝတွေ အားလုံး ရပ်ဆိုင်းသွားမယ့် အခြေအနေမျိုး မရောက်ခင် ကြိုတင်စီစဥ်ဆောင်ရွက်ကြရမယ့် အနေအထားဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း သီရိလင်္ကာနိုင်ငံမှာ နိုင်ငံခြား အရံငွေပြတ်လပ်မှုကြောင့် လောင်စာဆီလုံးဝ ပြတ်သွားတဲ့ အခြေအနေမျိုးနဲ့ ကြုံခဲ့ရသလို အစိုးရလည်း ပြုတ်ကျခဲ့တဲ့အထိ ဖြစ်ခဲ့ပါတယ်။ သီရိလင်္ကာနိုင်ငံ ဖြစ်ရပ်က တနိုင်ငံထည်း ကွက်ပြီးဖြစ်ပွားတဲ့ ဖြစ်ရပ် ဖြစ်ပေမယ့် အခု လက်ရှိ လောင်စာဆီအကြပ်အတည်းက အရှေ့အာရှ ဒေသတခုလုံးနီးပါး ကြုံတွေ့နေရတဲ့ အနေအထားဖြစ်ပါတယ်။ ရေနံထွက်ရှိတဲ့နိုင်ငံအချို့ နဲ့ ချမ်းသာကြွယ်ဝပြီး အရံရေနံကို လအနည်းငယ် သုံးစွဲနိုင်တဲ့ ပမာဏအထိ သိုလှောင်ထားနိုင်တဲ့ နိုင်ငံတွေကလွဲရင် ကျန်နိုင်ငံအားလုံး သက်ရောက်မှု ခံစားနေကြရတာ ဖြစ်ပါတယ်။
ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့တာက အဓိကကျတဲ့အချက်ဖြစ်ပေမယ့် သီတင်းပတ် ၃ ပတ်အတွင်း အီရန်နဲ့ ပင်လယ်ကွေ့နိုင်ငံတွေရဲ့ ရေနံ နဲ့ သဘာဝဓါတ်ငွေ့ ထုတ်လုပ်တဲ့ စက်ရုံ၊ သိုလှောင်ကန်တွေလို နောက်ခံအဆောက်အဦတွေကိုပါ တိုက်ခိုက်ဖျက်ဆီးခံလာရတဲ့ အခြေအနေက ရေလက်ကြားက သင်္ဘောတွေ ဖြတ်သန်းခွင့် ရှိလာသည့်တိုင် ကမ္ဘာ့ရေနံ နဲ့ သဘာဝဓါတ်ငွေ့ တင်ပို့နိုင်အားကို ထိခိုက်ပြီး စျေးနှုန်းတွေ မြင့်တက်နေမှာ သေချာတဲ့ အချက်ဖြစ်နေပါတယ်။
နိုင်ငံရေး အခြေအနေ တည်ငြိမ်နေတဲ့နိုင်ငံတွေမှာတောင် ရေနံနဲ့ သဘာဝ ဓါတ်ငွေ့ ပြတ်တောက်မှု ဒဏ်ကို အလူးအလဲ ခံစားနေရတာတွေ တွေ့မြင်နေရတာကြောင့် မြန်မာနိုင်ငံလို ပြည်တွင်းစစ်နဲ့ ဖွတ်ဖွတ်ညက်ညက် ကြေလုနီးဖြစ်နေတဲ့ နိုင်ငံ၊ နိုင်ငံတွင်း ကုန်စည်သယ်ဆောင်မှုတွေ အပေါ် ကန့်သတ်မှုနဲ့ ကျိုးကြောင်းဆီလျော်မှုမရှိတဲ့ အကောက်အခွန်တွေ ပေးဆောင်နေကြရတဲ့ အခြေအနေက ပြည်သူလူထု အဖို့ပိုမို ခက်ခဲကြပ်တည်းတဲ့ အခြေအနေတရပ်နဲ့ ရင်ဆိုင်ကြရမယ့် အနေအထားဖြစ်နေပါတော့တယ်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar