Tuesday, March 17, 2026

ဖလော်ဒါဟန် - အဆုံးအစမရှိတဲ့ နေ့ရက်များ

ဖလော်ဒါဟန် - အဆုံးအစမရှိတဲ့ နေ့ရက်များ

မိုးမခ ၊ မတ် ၁၇ ၊ ၂၀၂၆


အခုရက်တွေမှာ ကျွန်မအတွေးတွေ ပြန့်နေပါတယ်။

သတင်းအစအနလေးတွေ နားထောင်မိသလို လေယာဉ်သံတွေကိုလည်း ကြိတ်မှိတ်ခံစားမိတာတော့ အမှန်ပါ။

တကယ်တော့ ကျွန်မမိဘက ကျွန်မလို ဈေးရောင်းဈေးဝယ်လုပ်လေ့ မရှိပါဘူး။

စာဖတ်တာတော့ ဝါသနာပါကြပါတယ်။

ကျွန်မကသာ တခုခုဆို ဈေးရောင်းလေ့ အလေ့အထကို ဒုတိယပါဝါအဖြစ် ကျင့်သုံးတတ်ပါတယ်။

ကျွန်မ ရောက်နေတဲ့ နေရာလေးက ချမ်းသာတဲ့မိသားစု ဆိုတာ မပေါများပါ။

ရှေးရိုးရာ ရက္ကန်း တောင်သူ လုပ်‌ကြသူတွေ များပါတယ်။ အထူးသဖြင့် လက်ခစားတွေ များတာပါ။

အချို့လည်း စက်ရက္ကန်း တစင် နှစ်စင်ဖြင့် ချမ်းသာသူစက်ရုံများထံ လက်ဝေခံအဖြစ် လုပ်ငန်းလည်ပတ်သူတွေ ရှိကြပါတယ်။

စက်ရက္ကန်းတစင် ကျွတ်ရင် သိန်း ၁၀ အထက် ၁၅ သိန်းဝန်းကျင် ရကြပါတယ်။

စက်ရက္ကန်းတစင် ထောင်နိုင်ဖို့ဆို စင်ဈေးက သိန်း ၅၀ ဝန်းကျင်ပါ။

စက်ရက္ကန်းအထိုင်ကို တည်ဆောက်ခြင်းနှင့် အသံမပြန့်ဖို့ဆို အဆောက်အဦအတွက်သိန်း ၃၀ လောက် ထပ်မံပိုးရပါတယ်။

ကျွန်မ နေထိုင်တဲ့နယ်လေးမှာတော့ အသံရဲ့ ဆူညံနှုန်းကို သိပ်အလေးမထားကြတော့ပါဘူး။

အကာအရံကလည်း ကာတယ် ဆိုရုံလောက်ပါပဲ။

တိုင်းပြည် ချွတ်ခြုံကျနေချိန်မှာ ရက္ကန်းဈေးက ကောင်းတယ် ဆိုရမှာပေါ့။

ရွှေဘိုဘက်က မငြိမ်းချမ်တော့ စက်ရက္ကန်းစင်တွေကို ရသလောက် သယ်လာကြပြီး အပုံလိုက်ထားပြီး ရောင်းနေကြတာတွေလည်း ရှိပါတယ်။

အရင်လို ရွှေဘိုဆိပ်ခွန်ထည်၊ မုံရွာထည်၊ ပခုက္ကူထည် ဆိုပြီး ရောင်းအားတွေ မတွေ့ရတော့ပါဘူး။

မြစ်ကြီးနားလမ်းတလျှောက် ဘူတာစင်ရွာတွေ ဆိုတာ ယခင်အချိန်က မခင်စိန် ကချင်ထည်အများဆုံး ရက်လုပ်ကြတဲ့နယ်တွေလည်း ရှိပါတယ်။

အခုတော့ ကျန်ရှိနေတဲ့ နေရာဒေသအချို့မှာ ရက္ကန်းလုပ်ငန်းကို အချိန်ပြည့်နီးနီး လုပ်ကိုင်နေတာကိုတွေ့ရပါတယ်။

လူတွေရဲ့ သဘောသဘာဝကလည်း လသာတုန်း ဗိုင်ငင် ဆိုတာမျိုး ဆိုတော့ ဘယ်သူသေသေ ငါ မသေ ပြီးရောဆိုတဲ့ သဘောကို နှလုံးပိုက်လာကြတဲ့သဘောပါပဲ။

ကျွန်မကတော့ အဆိုးကိုလည်း မဖိတ်ခေါ်သလို အကောင်းဘက်က‌နေလည်း မြင်နိုင်သလောက် မြင်လိုက်ပါတယ်။

ယခင် ပြည်သူအစိုးရလက်ထက်က ကျွန်မ နယ်ပြန်ရင် ပုဆိုး လုံချည် မှာလိုသူများကို စာရင်းဖြင့် မေတ္တာသဘော ဝယ်ခဲ့ပေးတာပါ။

ပုဆိုးတကွင်း ၅၀၀၀ ကျပ်ဆိုတာ ရှယ်ကွင်းတွေပါ။

စည်းလုံချည်များဆိုအချောတိုင်အချောခဝတ် ၇၀၀၀ ကျပ်ဆိုတာ တကယ့်ကွင်းသန့်သန့်တွေပါ။

အခုတော့ ပင်ရင်းမှာတောင် ပုဆိုးတကွင်း ၁၅၀၀၀-၁၅၅၀၀ ကျပ်နှုန်းရှိနေတဲ့ အနေအထားပါ။

အစစအရာရာ ဈေးကြီး ဈေးတက်နေချိန်မှာ ချည်ဈေး လုပ်အားခ အဆင့်ဆင့်ပေးရတဲ့ ပညာခများသည် အောက်ဆုံးအဆင့် ပညာသည်များအဖို့ မစို့မပို့လေးပါ။

စက်ရက္ကန်းလို့သာ ပြောကြတာပါ။ ချည်ဆိုးတာကစလို့ ချားပုတ်၊ ချည်ချ နှတ်ကော် ယက်သွားပေါက် အဆင်ပညာအဆုံးကို ရက္ကန်းပညာ တတ်မြောက်သူများက မိမိတို့လက်မှုပညာ ရှေးရိုးများဖြင့် သန္ဓေတည်နေကြတုန်းပါ။

ကျွန်မကတော့ ရက္ကန်းတောမှာ ကြီးပြင်းရသူ မဟုတ်ပေမဲ့ ရက္ကန်းတောမှာ မွေ့လျော်ခဲ့သူ ဖြစ်တာကြောင့် လက်ခတ်သံတွေကို လွမ်းမိသလို သဘာဝရဲ့အရိပ်အောက်မှာ ပြန်လည်နားခိုခွင့်ရချင်တာတော့အမှန်ပါ။

ဒေသခံတွေ ပြောတဲ့ လက်မှုပညာမှ စက်မှုပညာသို့ ဆိုတာ ဘယ်အတိုင်းအတာထိများ အမွေအနှစ်တွေကို မှေးမှိန်ပျောက်ကွယ်ခွင့်ပေးကြမှာလည်း ကျွန်မတို့ ပြည်သူတွေအတွက် အဆုံးအစမရှိတဲ့ နေ့ရက်တွေကို ရေတွက်ရင်း။


၁၄.၃ ၂၀၂၆

14:59pm




Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar