Monday, March 23, 2026

ကိုလေအိုး - မောင်သိန်းမောင်နဲ့ ဘုန်းကြီးကျောင်းရိုက်ပွဲ သတင်း

ကိုလေအိုး - မောင်သိန်းမောင်နဲ့ ဘုန်းကြီးကျောင်းရိုက်ပွဲ သတင်း

မိုးမခ ၊ မတ် ၂၃ ၊ ၂၀၂၆


တယ်လီဖုန်းသတင်းထောက် ဆိုပြီး ပြည်ပအခြေစိုက် မြန်မာသတင်းဌာနတွေက သတင်းထောက်တွေ ဖုန်းနဲ့ သတင်းလိုက်ရပုံအကြောင်းရေးရင်း ဟိုးရှေးရှေးက သတင်းထောက်တွေ သတင်းလိုက်ပြီး သတင်းပို့တဲ့အကြောင်း ဖတ်ဖူးတာ သတိရသွားတယ်။ ၁၉၃၄ ခုနှစ်မှာ နောင်အခါ စာရေးဆရာ၊ ဒါရိုက်တာ ဦးသုခလို့ နာမည်ကြီးလာမယ့် မောင်သိန်းမောင်က ကျိုက်လတ်မြို့နယ်၊ နယ်သတင်းထောက် လုပ်ခဲ့ဖူးတယ်။

သူရိယသတင်းစာရဲ့ နယ်သတင်းထောက်ဖြစ်ပြီး သူ့သတင်းအယ်ဒီတာက ဦးအမ်ဖိုးချိန်၊ မောင်သိန်းမောင်က သတင်းရေးရင် ဝိဘတ်တွေများများသုံးပြီး ဝတ္ထုလို ရေးတတ်လို့ အယ်ဒီတာက တိုတိုရေးဖို့ ပြောရတယ်။ 

အသက် ၂၂ နှစ်ပဲရှိသေးတဲ့ မောင်သိန်းမောင်က လူငယ်ပီပီ စွန့်စားရတဲ့ သတင်းတွေ လိုက်ချင်တော့ ဂါတ်တဲတို့၊ တရားရုံးတို့ဆီ သွားပြီး သတင်းအစရှာတော့ တရားသူကြီးက မောင်းထုတ်တာ ခံရတယ်။ ဒါနဲ့ သူရိယတိုက်ကို ပြောတော့ တိုက်က ကျိုက်လတ် အရေးပိုင်ဆီ စာပို့ပြီး မောင်သိန်းမောင်ဟာ သူရိယသတင်းစာတိုက်က နယ်သတင်း ထောက် ဖြစ်လို့ တရားရုံး သတင်းယူခွင့်ပေးဖို့ တောင်းဆိုတယ်။

သတင်းယူခွင့်ရတယ်။ တရားရုံး စာရေးထိုင်တဲ့ ဘေးနားကခုံမှာ ထိုင်ပြီး သတင်းယူခွင့်ရခဲ့တယ်။ နယ်ဆိုတော့ သတင်းရှာရတယ်။ များသောအားဖြင့်တော့ အဲဒီခေတ်က မြူနီစီပယ်လူကြီး ရွေးတဲ့ သတင်းပဲ ဝေဝေဆာဆာ ရေးသားဖော်ပြရတာပဲရှိတယ်။ စပါးဈေး၊ ပဲဈေးလည်း ရေးရတယ်။ တခါတော့ ကျိုက်လတ်မြို့က နာမည်ကြီး ဘုန်း ကြီးကျောင်းတခုမှာ လူရိုက်မှု ဖြစ်တယ်။ ကျိုက်လတ်က ပညာတတ် သူဌေးသားတယောက်က အဲဒီဘုန်းကြီး ကျောင်းမှာ ပဥ္ဇင်းသွားဝတ်တယ်။ အဲဒီဘုန်းကြီးကျောင်းမှာ ဦးဘိုးခ ဆိုတဲ့ အဘိဓမ္မာဆရာတယောက်ရှိတယ်။

တနေ့တော့ စောစောက ပညာတတ်ဦးပဉ္စင်းနဲ့ အဘိဓမ္မာဆရာတို့ တရားဆွေးနွေးကြရင်း ရန်ဖြစ်ကြတာ အဘိဓမ္မာဆရာက တုတ်နဲ့ရိုက်လိုက်တာ ပညာတတ်ဦးပဉ္စင်း ခေါင်းကွဲပြီး ဆေးရုံရောက်သွားတယ်။ ဒီသတင်းကြားတော့ နယ်သတင်းထောက် မောင်သိန်းမောင်က ဆေးရုံလိုက်သွားတယ်။ပညာတတ် ဦးပဉ္စင်းက သတင်း NEWS ဆိုတာ အရှေ့ အနောက် တောင် မြောက်က လာတာတွေပဲ၊ အခု ငါ..အရိုက်ခံရတာလည်း သတင်းပဲ၊ မင်းက သတင်းထောက် ဆို သတင်းရေးပေါ့ဆိုပြီး ဖြစ်ပုံပြောပြတယ်။

မောင်သိန်းမောင် ဆေးရုံကပြန်လာတော့ သူ့အိမ်ကို အဘိဓမ္မာဆရာ ဦးဘိုးခနဲ့ တပည့်တွေ ရောက်လာကြပြီး အဲဒီရိုက်ပွဲသတင်း ရေးရဲရေးကြည့်၊ မင်းကိုပါ ရိုက်မယ်လို့ လာခြိမ်းခြောက်သွားတယ်။ မောင်သိန်းမောင်က ကြောက်ကြောက်နဲ့ပဲ သတင်းရေးပြီး သင်္ဘောပေါ် သတင်းစာအိတ် တင်ပေးလိုက်တယ်။ လူကတော့ ဖျာပုံဘက်သွားပြီး ရှောင်နေလိုက်တယ်။ အဘိဓမ္မာဆရာရိုက်ပွဲသတင်း သူရိယသတင်းစာမှာ ပါလာတော့ မောင်သိန်းမောင်က ရန်ကုန် ရောက်နေပြီ။ ရန်ကုန်မှာ လေး ငါးရက်လောက်နေပြီး ကျိုက်လတ် ပြန်တယ်။

နှစ်ဖက်စလုံးက သွေးအေးသွားကြပြီဆိုတော့ သူ့ကိုတော့ ရန်မလုပ်ကြတော့ဘူး။ အခင်းဖြစ်တဲ့ ဘုန်းကြီးကျောင်းက ဆရာတော်က မောင်သိန်းမောင်ကို ခေါ်ပြီး နောင် အခုလို သတင်းမျိုးမရေးဖို့ တားမြစ်တယ်။

ပညာတတ် ဦးပဉ္စင်းနဲ့ အဘိဓမ္မာဆရာကိုလည်း ဆရာတော်က ခေါ်ဆုံးမပြီး ဦးဘိုးခကို တောင်းပန်ခိုင်းတယ်။ ကာယကံရှင်တွေ နှစ်ဖက်စလုံး ကျေနပ်ပြီး အမှုအခင်းမဖြစ်ဘဲ ပြီးသွားတယ်။ မောင်သိန်းမောင်ဟာ ကျိုက်လတ် သတင်းထောက်အဖြစ် ၂ နှစ်လောက်ပဲ လုပ်ဖြစ်ပြီး သူ ဝါသနာပါတဲ့ စာရေးဆရာ ဖြစ်ဖို့ ရန်ကုန်ကို တက်သွားတယ်။

မောင်သိန်းမောင် နယ်သတင်းထောက်လုပ်တုန်းက သတင်းခကို ကော်လံနဲ့တွက်ပြီး ပေးတယ်။တလကို သတင်းပါတဲ့ပေါ် မူတည်ပြီး ၄ ကျပ်၊ ၆ ကျပ် ရတယ်။ နောက်တော့ တလကို ၈ ကျပ်၊ ၁၀ကျပ် သတင်းရေးခ ရလာတယ်။ အဲဒီခေတ်က နယ်မှာနေတဲ့သူတယောက်အဖို့ရာ တလ ၁၅ ကျပ်လောက်ရရင် အသက်မွေးဝမ်းကျောင်းဖို့ လုံလောက်တယ်။

ဝိဘတ်များများ သုံးပြီး ရေးတဲ့စာဆိုတာ ဒါမျိုး။

“ဆောရီး’ ဟု ဝမ်းနည်းပါသည်ဆိုသော စကားကို အင်္ဂလိပ်ဘာသာဖြင့် ဆီးပြောလိုက်သောကြောင့် သာနိုးမှာ ရန်တွေ့ရန် ပြေးလိုက်လာသည်မှန်သော်လည်း ပြုံးချိုသော မျက်နှာကလေးနှင့် ဆောရီး ဆိုသော စကားအတွက် မီးကို ရေနှင့်သတ်လိုက်သလို ဖြစ်ကာ -

​‘အို မမြမူပါလား၊ ကျုပ်က ဒီပြင်လူ မော်တော်ကားမှတ်လို့ ကြိမ်းပစ်မလို့ လိုက်လာတာ။ ကြည့်ပါဗျာ တကိုယ် လုံးကို ပေကုန်တာပဲ။ တခြားလူသာဆိုရင်တော့ မခံပါဘူး၊ ပြီးမှ ဘာဖြစ်ဖြစ်ပဲ။ အခုတော့ အိမ်နီးချင်း ဆိုတော့ အောင့်ရုံ ရှိတော့တာပေါ့’ ဟု ပြောသော်လည်း မြမူမှာ တောင်းပန်စကား ပြောပြီးဖြစ်၍ မိမိဝတ္တရားကုန်ပြီဟု သဘောထားသည်နှင့်မခြား နောက်ထပ် ပြန်လှန်၍ မပြောတော့ဘဲ ကားမောင်းသူ မောင်ဆင့်ကိုသာ သွားရန် အမိန့်ပေးပြီးလျှင် မော်တော်ကားဆောင်ယူရာသို့ ကူခြေမပျက်ပါသွားမှ သာနိုးမှာ ရှက်ကိုးရှက်ကန်းဖြစ်ရင်း လုံချည်တွင် စင်ထားသော ရွှံ့များကို ခါလျက် အဟီးဟု ရယ်မော၍ သောင်းကျော် ရှိရာသို့ ပြန်လျှောက်လာရာက ‘ကံကောင်းလို့ လူမှားတော့မလို့။ အပြီးသတ်ကြတော့ အိမ်ကဟာ ဖြစ်နေတာနဲ့ မင်း...’။

စာကိုး- ကျနော် သတင်းထောက်(လူထုဦးလှ)


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar