Photo - NW
* ဓါတ်ပုံထဲက ခေါင်းပေါင်းနှင့်လူမှာ ဗိုလ်သိန်းစိုးဖြစ်သည်။
ဒုံသမိချောင်းပေါ်ကျော်လာသည့် ၆၀ မမ စိန်ပြောင်းကျည်များနှင့်
မျက်ရည်နှင့်ဝယ်ယူရသည့် လရောင်များ
ငြိမ်းဝေ
(မိုးမခ) မတ် ၂၃၊ ၂၀၂၆
၁။
စမ်းချောင်းထဲဆင်း မျက်နှာသစ်ပြီး တောင်ကုန်းပေါ်ပြန်တက်တော့ ကျနော်တို့ ညကအိပ်ခဲ့ရာနေရာတွင် ဧည့်သည်နှစ်ယောက် ရောက်နေသည်ကိုတွေ့ရသည်။
ဗိုလ်သိန်းစိုးပြောပြသဖြင့် အသက် ၅၀ ကျော်ခန့်အမျိုးသမီးကြီးမှာ သူ့မိခင်ဟုသိရပြီး အသက် ၄ဝ ခန့်အရွယ်အမျိုးသားမှာ ကျုံစိန်ရွာ ကျေးရွာစည်းရုံးရေးမှူးဖြစ်၏။ သူလွယ်ထားသောလွယ်အိပ်ထဲတွင် စကားပြောစက် ရှိဟန်တူလေသည် တဂျစ်ဂျစ်မြည်သံ ကြာရ၏။
ဗိုလ်သိန်းစိုးက ကျုံစိန်ရွာဇာတိဖြစ်၏။ ဗိုလ်သိန်းစိုး၏မိခင် ဒေါ်စောမြိုင်မှာ ကျုံစိန်ရွာ၏ သူကြီးမ ဖြစ်လေသည်။ သူကြီးမ ဒေါ်စောမြိုင်မှာ ကျနော်တို့အခေါ် တောဘက်က( KNU မှ)ခန့်ထားသော သူကြီးဖြစ်သည့်အပြင် နအဖအစိုးရစစ်တပ်က ခန့်ထားသော သူကြီးမလည်း ဖြစ်လေသည်။ ဒေါ်စောမြိုင်ကို တောဘက်ကလည်း သူကြီးခန့်ထားသည်ဆိုသည်ကို နအဖစစ်တပ်က မသိချေ။ တရွာလုံး နှုတ်အင်မတန်လုံကြ၏။ ထို့ပြင် နအဖစစ်တပ်ကိုယ်၌ကလည်း ဒေါ်စောမြိုင်ကို သဘောကျကြ၏။ ဒေါ်စောမြိုင်က ပြောတတ်ဆိုတတ် ပြောရဲဆိုရဲ၊ ခြေမြန်လက်မြန်ရှိလေသည်။ စည်းရုံးရေးမှူးက ရွာထဲတွင် အမြဲမနေဘဲ ရွာပြင်ဘက်တွင်နေပြီး တခါတရံမျှသာ ရွာထဲ ဝင်အိပ်လေ့ရှိလေသည်။
ဒေါ်စောမြိုင်က ကျနော်တို့အတွက် ထမင်းချိုင့်နှင့် စားစရာမုန့်တချို့ ယူလာပေး၏။ ကျုံစိန်ရွာဘေး တောင်ကုန်းပေါ် ကျနော်တို့ရောက်နေသည်ကို ဗိုလ်သိန်းစိုးက စက်ဖြင့်လှမ်းပြောထားဟန် တူပါသည်။ အစပိုင်းတွင် ဒေါ်စောမြိုင်နှင့် ဗိုလ်သိန်းစိုးတို့ ကရင်လို စကားတော်တော်ပြောနေသေး၏။ ပြီးမှ အခြေအနေကို ဗိုလ်သိန်းစိုးက ကျနော့်ကို ရှင်းပြလေသည်။
သည်ကနေ့ညနေတွင် ကျုံစိန်ရွာ ကျောင်းထိုင်ဆရာတော်ဘုရားကို ဆင်းတွေ့ရမည်ဖြစ်သည်။ ဆရာတော်ဘုရားမှာ ပြီးခဲ့သည့်ဆယ့်ငါးရက်ခန့်က စစ်အစိုးရစစ်တပ်နှင့် ပြဿနာဖြစ်ခဲ့၏။ သည်အကြောင်းကို ကျနော်ကသတင်းယူနိုင်ရန် ဆရာတော်ဘုရားနှင့် သွားတွေ့ရမည်ဖြစ်သည်။ ဗိုလ်သိန်းစိုးနှင့် ဒေါ်စောမြိုင်တို့ ဆယ်မိနစ်ခန့်စကားပြောပြီး ဒေါ်စောမြိုင်တို့ပြန်ကြလေသည်။
ကျုံစိန်ရွာမှာ ဒုံသမိချောင်းအနောက်ဘက်ကမ်းတွင်ရှိပြီး အိမ်ခြေရှစ်ဆယ်ခန့်ရှိ၏။ ဒုံသမိချောင်း၏ မျက်စောင်းထိုးတဖက်ကမ်းတွင် နအဖစစ်တပ် တပ်ခွဲတခွဲ စခန်းချထား၏။ ကျုံစိန်ရွာ၏ ရွာနေရာဟောင်းမှာ ပြီးခဲ့သည့်နှစ်နှစ်က ဒုံသမီချောင်း၏ အရှေ့ဘက်ခြမ်းတွင်ရှိ၏။ ထို့နောက် ချောင်း၏အနောက်ဘက်ကမ်းကိုပြောင်းဖို့ စစ်အစိုးရစစ်တပ်က အမိန့်ထုတ်သဖြင့် ချောင်း၏ အနောက်ဘက်းကမ်း ရွာရွှေ့လာခြင်းဖြစ်သည်။
ဒေါ်စောမြိုင်တို့ပြန်သွားပြီးနောက် ဗိုလ်သိန်းစိုးက နယ်မြေအခြေအနေတချို့ ကျနော့်ကို ရှင်းပြ၏။ အချိန်တော်တော်ကြာအောင် သူနှင့်ကျနော် စကားပြောခဲ့ကြ၏။ ကျနော်က အချက်အလက်တော်တော်များများကို ဗလာစာအုပ်တွင် ရေးမှတ်၏။ သည်လိုဆိုပြန်တော့ သူ့ကိုစကားနည်းသူဟု ကျနော့်အထင်မှာ မှားနေသည်ကို ပိုသိလာရ၏။ ဗိုလ်သိန်းစိုးမှာ ကျနော် သိသင့်သိထိုက်သည့် သတင်း အချက်အလက်များကို စိတ်ရှည်ရှည်ရှင်းပြ၏။ မရှင်းလင်းလို့ ကျနော်က ထပ်ကာတလဲလဲ မေးလျင်လည်း သူက စီကာပါတ်ကုံး ကျနော်နားလည်အောင် ရှင်းပြ၏။
သည်ဒေသတဝိုက်တွင် မည်သည့်ရွာမျှ ယောက်ျားသူကြီး မရှိကြပါ။ စစ်စိုးရစစ်တပ်များက မထင်လျင်မထင်သလို နှိပ်စက်သတ်ဖြတ်ကြသဖြင့် ယောကျ်ားသူကြီး မလုပ်ရဲကြတော့ချေ။ မိန်းမသူကြီးများသာရှိ၏။ ထို့ပြင် ရွာအတော်များများတွင် အမြဲတန်းသူကြီးမ မရှိဘဲ ဆယ်ငါးရက်တန်သည် ၁ လတန်သည် အလှည့်ကျသူကြီးမ လုပ်ကြရလေသည်။ မည်သူမျှ အမြဲတန်းသူကြီးမ မလုပ်ချင်ကြ။
ကျေးရွာ အတော်များများတွင် သူကြီးနှစ်မျိုး ရှိသေး၏။ တောဘက်မှခန့်ထားသောသူကြီးနှင့် စစ်အစိုးရစစ်တပ်ကခန့်ထားသော သူကြီးဟူ၍ သူကြီးနှစ်မျိုးရှိ၏။ သို့သော် အများအားဖြင့် တောဘက်ကခန့်ထားသောသူကြီးကသာ ရွာအပေါ် ဩစာရှိလေသည်။
ဒုံသမိချောင်း အရှေ့ဘက်ကမ်းတွင်တပ်စွဲထားသော စစ်တပ်စခန်းများမှာ အများအားဖြင့် အမြဲတန်း တပ်စွဲတပ်ချထားသည်မဟုတ်။ မိုးအကုန် ခြေခင်းလက်ခင်းသာကာစအချိန်ကြမှ သည်နေရာသို့ တပ်ဖြန့်လာရောက် စခန်းချကြခြင်းဖြစ်သည်။ သည်စစ်တပ်စခန်းများမှာ ကော့ကရိတ်မှဖာပွန်သို့ဖေါက်ထားသော နွေရာသီသုံး စစ်သုံးကားလမ်း လုံခြုံရေးအတွက် လာချထားခြင်း ဖြစ်သည်။ သည် စစ်သုံးကားလမ်းမှာ မိုးအခါသွားလို့မရ။ မိုးကုန်မှ သစ်ပင်သစ်ကိုင်းသစ်ခက်များချ၊ ကန်းသင်းရိုးများဖြို မြေညှိမြေဖို့ပြီး ယာယီကားလမ်းဖေါက်ကြခြင်းဖြစ်သည်။ တဆောင်းလုံးတနွေလုံး ရိက္ခါမျိုးစုံကို ဖါပွန်သို့ စစ်ကားများဖြင့်ပို့၏။ တခါတခါ စစ်ကားတန်း အဆင်းအတက်ရှိလျင် ကားအစင်းရေ တရာဝန်းကျင်ရှိလေသည်။ သူတို့စစ်တပ်တွေ စခန်းလာချပြီဆိုလျင် ဒုံသမိချောင်းဘေးကျေးရွာအားလုံး ငရဲကျသလို ဒုက္ခအဖုံဖုံကြုံကြရတော့သည်။
ရောက်လာသည့်စစ်တပ်ကလည်း ခရီးရောက်မဆိုက် အမိန့်စာတွေ ဆင့်ခေါ်စာတွေ အမျိုးမျိုးထုတ်တော့၏။ ပထမတွင် တရွာလျင် ဝါးနှင့် မျောတိုင်များ ဘယ်၍ဘယ်မျှခုတ်၍ သတ်မှတ််ထားသည့်ရက်အတွင်း စခန်းသို့ အရောက်ပို့ရမည်ဟူသော အမိန့်စာများ၊ လုပ်အားပေး တရွာလျင် ဘယ်၍ဘယ်မျှ သတ်မှတ်သည့်ရက်တွင် ကိုယ့်ထမင်းထုပ်နှင့်ကိုယ် စခန်းကိုလာရောက်ရမည်ဟူသောအမိန့်စာများ ရွာတိုင်းသို့ ရောက်လာခဲ့၏။ လုပ်အားပေးများက ကတုတ်ကျင်းများ၊ စခန်းတဲများ တူးကြဆောက်ကြရ၏။ ဝါးချွံများဖြင့် စခန်းခြံစည်းရိုး အထပ်ထပ်ကာပေးကြရ၏။ တခုတော့ရှိသည်။ တခုတော့ရှိသည်။ ရောက်ရှိလာသည့်စစ်သားအရေအတွက် ရာထူးအခေါ်အဝေါ်နှင့် လက်နက်အမျိုးအစား အရေအတွက်ကအစ လုပ်အားပေးရသည့်ရွာသားများမှတဆင့် တော်လှန်ရေးဘက်မှ သိခွင့်ရ၏။ အရှုံးထဲမှ အမြတ်သဘောပင်ဖြစ်သည်။
ကျေးရွာတိုင်းလိုလိုတွင် KNU ခန့်ထားတာဝန်ပေးထားသူတိုင်း၌ လမ်းလျှောက်စကားပြောစက်ရှိတာများ၏။ ထို့ကြောင့် စစ်တပ်စခန်း၏အခြေအနေကို အမြဲလိုလို တော်လှန်ရေးဘက်က သိနေ၏။ ဥပမာ တခါတရံ မ ်သည့်အချိန် နအဖစစ်သား ဘယ်၍ဘယ်မျှ စခန်း၏မည်သည့်ဘက်သို့ ထွက်ခွါကြသည်ကို တော်လှန်ရေးဘက်က ချက်ချင်းသိ၏။ မည်သည့်လက်နက်များပါသည်ကအစ သိ၏။ လမ်းလျှောက်စကားပြောစက်များကြောင့်လည်း တော်လှန်ရေးဘက်မှ အကျအဆုံးအထိအခိုက် ယခင်ကထက် နည်းလာခဲ့သည်ဟု ဆိုပါသည်။
ကျနော်တို့ရောက်နေသောတောင်ကုန်းအောက်တွင် ကျုံစိန်ရွာရှိသည်။ ဒုံသမိချောင်းကို တောင်ကုန်းပေါ်မှတဆင့် တပိုင်းတစမြင်ရ၏။ တောင်ကုန်းမှာ သစ်ပင်သစ်ကိုင်း တော်တော်ထူ၏။ ညတုန်းက “ဝေါင်း”ကနဲမြည်သံတချက် ကြားခဲ့၏။ အသံမှာတော်တော်ကျယ်၏။ မကြာ ဖူးးသည့်အသံမို့ ကျနော့်မှာ လန့်သွားရ၏။ ကျားတစ်သည့်အသံဟု ထင်လိုက်မိသေးသည်။ ချေဟောက်တာပါဟု ဗိုလ်သိန်းစိုးပြောမှ ကျနော့်မှာ ထိတ်လန့်စိတ် ပြေတော့၏။ အသံမှာ ကျယ်လွန်းသဖြင့် ပါတ်ဝန်းကျင်တဝိုက် ဟိန်းထွက်သွား၏။ ထိုအခါ “ ချေက ခွါငယ်သလောက် အသံကျယ်၏”ဟူသောစကား ကြားဖူးသည်ကို သတိရလာလေသည်။
မနက်ကြတော့ တောင်ကုန်းပေါ်နှင့် စမ်းချောင်းဆီက ငှက်တွေ အိပ်တန်းဆင်းကြသည်မှာ ဆူညံလှ၏။ နံနက်အစောဆုံးကြားရသည်မှာ ဥဩနှင့် ချိုးကူသံဖြစ်သည်။ နောက်တော့ ငှက်မျိုးစုံမြည်သံ တောလုံးညံတော့၏။ ဒုံသမိချောင်းပေါ် မေးတင်လာသည့်နေလုံးမှာ မြူကြား၌ နီရဲဝါရွှေလွန်း၏။ ကျုံစိန်ရွာဆီက မီးခိုးတခု ဝေ့တက်လာ၏။ ခွေးဟောင်သံကို ကြားရ၏။
ဗိုလ်သိန်းစိုးသည် တချိန်လုံး စက်နှင့် ခဏခဏ စကားပြော၏။ ညကမူ သူနှင့်ဝှေ့စာ တလှည့်စီ ကင်းစောင့်ကြသည်ကို ကျနော်မသိခဲ့ပါ။ အခုနကမှ သူ့မိခင်က သတိဝီရိယနှင့်နေဖို့ ညအိပ်ဖို့ပြောကာမှ ညက သူနှင့်ဝှေ့စာ ကင်းစောင့်ကြကြောင်းပြောသံကြားမှ ကျနော်သိရ၏။ စိတ်ထဲ တော်တော်အားနာမိသည်။ နောက်တခါမတော့ ကျနော်ပါကင်းစောင့်ဖို့ တေးထားလိုက်၏။ သည်ကြားထဲ ငှက်ဖျားမထဘဲ ကျန်းမာရေးကောင်း စားလို့ကောင်း အိပ်လို့ကောင်းနေသည့်ကိုယ့်ကိုယ်လည်း ကျေးဇူးတင်နေမိ၏။
ညနေသုံးနာရီခန့်တွင် စကားပြောစက်နှင့်စကားေပြာေနသည့် ဗိုလ်သိန်းစိုးက ကျနော့်ကို သတင်းတခုပြော၏။ ပြီးခဲ့သည့်သုံးရက် ဘားအံမြို့နယ် KNUအတွင်းရေးမှူး ပဒိုလာဘတဲတွင်တွေ့ခဲ့သော အကောက်ခွံဂိတ်မှူးမှာ မနက်က တိုက်ပွဲဖြစ်ပြီး ဒုံသမိချောင်းစပ် ဂိတ်တွင်ပင်ကျသွားပြီဆိုသည့်သတင်းဖြစ်သည်။
၂။
ဆရာတော်ဘုရားက သက်တော် ၆၀ ရှိပြီထင်ရ၏။ ကျုံစိန်တွင်ကျောင်းထိုင်နေသည်မှာ ၅ နှစ်ရှိပြီဖြစ်သည်။ ခန်းနေဦးဇင်းနှစ်ပါး ရှိသော်လည်း စစ်တပ်နှင့်ပြဿနာဖြစ်ပြီးနောက် လူထွက်သူကထွက် ကျောင်းပြောင်းသူက ပြောင်းသွား၏။
ကျနော်တို့ စကားပြောနေစဉ် ရဲဘော်ဝှေ့စာနှင့် ရွာသား ၄ ယောက်က ကျောင်းဝန်းကျောင်းပြင် ကင်းစောင့်နေကြလေသည်။ ဆရာတော်ဘုရားက ဗမာလိုကောင်းကောင်းပြောတတ်၏။ သို့သော် ဗိုလ်သိန်းစိုးက ဘေးမှ တလျှောက်လုံး ဝိုင်းကူဖြည့်ပေးလေသည်။
လွန်ခဲ့သော ဆယ့်ငါးရက်က ချောင်း၏တဖက်ကမ်းမှ စစ်အစိုးရစစ်တပ်များ ရွာဘက်သို့ သေနတ်ဖေါက်ပြီး ကူးလာကြ၏။ ထုံးစံအတိုင်း ရွာသားများ ထွက်ပြေးကြ၏။ စစ်သားများက စခန်းအတွက် ထမင်းချက်လုပ်အားပေး နှစ်ယောက် လွှတ်ပေးရန်လာပြောခြင်းဖြစ်၏။ သူကြီးမဒေါ်စောမြိုင်နှင့်တွေ့ပြီး ပြန်ကူးသွားကြ၏။ သူတို့က အေးဆေးစွာမလာ သေနတ်ဖေါက်ပြီးလာသဖြင့် ရွာသားတွေကြောက်ပြီး ထွက်ပြေးကြခြင်းဖြစ်သည်။
နောက်မနက်တွင် စစ်သားခွန်နှစ်ယောက် ဒီဘက်ကမ်း ထပ်ကူးလာကာ ကျောင်းဝင်းထဲ ဝင်ကြ၏။ ဆရာတော်ဘုရားကို ကြိုးတုတ်၏။ ရွာသားများကို ကျားမခွဲပြီး ကျောင်းဝင်းထဲက သရက်ပင်အနားတွင် ထိုင်ခိုင်းထား၏။ ကြိုးတုတပ်ထားသော ဆရာတော်ဘုရားကို လူအုပ်နှစ်အုပ်ကြား သရက်ပင်ကိုင်းတွင် ဇောက်ထိုးဆွဲထား၏။
ဆရာတော်ဘုရားသည် ရ္သာသားတယောက်ကို ဝှက်ထားပေးသည်ဟူသော စွပ်စွဲချက်နှင့် အခုလိုဖမ်းဆီး အပြစ်ဒဏ်ပေးခြင်းဖြစ်ကြောင်း စစ်ဗိုလ်လုပ်သူက ဝိုင်းကြည့်နေသောရွာသားများကို ပြော၏။ ထို့နောက် မည်သည့်ရှင်းလင်းချက်မှမယူဘဲ နောက်နောင် သည်လိုမလုပ်ရန် အပြစ်ပေးမည်ဖြစ်ကြောင်း သေနတ်တကားကားနှင့် ပြော၏။
ထို့နောက် အရက်ပုလင်းတပုလင်းကိုင်ထားသော စစ်သားတယောက် ရှေ့ထွက်လာက အရက်ပုလင်းကို မေါ့သောက်၏။ကြေးစည်ထုသည်ဟုဆိုကာ လက်တဖက်ကကိုင်ထားသော စစ်ဖိနပ်ဖြင့် ဆရာတော်ဘုရား၏ပါးကို စစ်ဖိနပ်နှင့် ရိုက်တော့၏။
ကျနော့်ကိုပြောပြနေစဉ် ဆရာတော်ဘုရား၏အသံမှာ ဒေါသထွက်နေသည်မှာမှန်သော်လည်း တုန်လှုပ်နေ၏။ ကျနော်က အသံဖမ်းစက်မပိတ်ဘဲ သိလိုသည့်အချက်များကို ဆက်မေး၏။ ထိုအခါကြမှ ဆရာတော်ဘုရားက အသံဖမ်းစက်ကလေးကိုကြည့်ကာ ဘာပြုလို့ အသံဖမ်းတာလဲ ဟုမေးလာ၏။ ကျနော်က ဆရာတော်ဘုရား ခွင့်ပြုမယ်ဆိုရင် ဒီအကြောင်းကို ရေဒီယိုမှတဆင့် အသံလွှင့်မှာဖြစ်လို့ အသံဖမ်းထားခြင်း ဖြစ်ကြောင်းလျှောက်လိုက်၏။
ကျနော်၏စကားကိုကြားတော့ ဆရာတော်ဘုရား၏မျက်နှာမှာ ချက်ချင်းဆိုသလို ညိုမှောင်နီရဲကာ “ ဟာ ဒီလိုတော့မဖြစ်ဘူး ဒါတော့ မဖြစ်ဘူး။ ပြန်ဖျက်ပေးပါ”ဟု အထိတ်တလန့် ပြောလာတော့သည်။ သည်အတိုင်းဆိုလျင် စစ်တပ်က သူ့ကိုလာသတ်ကြမှာမို့ ပြန်ဖျက်ပေးဖို့ တောင်းဆိုလာတော့၏။ ကျနော်က ဆရာတော်ဘုရား ခွင့်မပြုလျင် အသံလွှင့်မည်မဟုတ်ဘဲ မှတ်တမ်းမှတ်ရာအဖြစ်သာ သိမ်းထားမှာဖြစ်ကြောင်း ရှင်းပြသော်လည်း လက်မခံဘဲ ပြန်ဖျက်ပေးဖို့ကိုပဲ ပြောနေတော့၏။ နောက်ဆုံးတွင် ဌာနချုပ်ပြန်ရောက်လျင် ပြန်ဖျက်မှာဖြစ်ပြီး ဒီအကြောင်းကို အသံလွှင့်မှာမဟုတ်ကြောင်း အကြိမ်ကြိမ် ကတိပေးခဲ့ရ၏။ ဗိုလ်သိန်းစိုးမှာ ကျနော့်ကို အားနာနေ၏။ ( တကယ်လည်း ထိုစဉ်က သည်အကြောင်းကို အသံမလွှင့်ခဲ့ပါ။)
ထိုညနေ တောင်ကုန်းပေါ်ပြန်ရောက်တော့ သည်ကိစ္စကို ပေးထားသည့်ကတိအတိုင်း အသံလည်းမလွှင့် စာအားဖြင့်လည်းရေးသားထုတ်ဝေမှာမဟုတ်ကြောင်း ဆရာတော်ဘုရားကို ထပ်မံလျှောက်ထားပေးဖို့ ဗိုလ်သိန်းစိုးကို အသေအချာ ပြောရပြန်ပါသည်။
၃။
“ ဂျိန်း” “ဂျိန်း”
လက်နက်ကြီးပစ်သံနှစ်ချက်ကြာရသည့်အတွက် ဗိုလ်သိန်းစိုးက မျက်နှာဆက်မသစ်တော့ဘဲ ဝါးရုံဘေးတွင်ထောင်ထားသည့် ကာဘိုင်သေနတ်ကိုယူကာ တောင်ကုန်းပေါ် အပြေးတက်တော့၏။ “ ဒီကောင်တွေ ၆၀ မမ နဲ့ ရွာထဲကိုပစ်တာဆရာငြိမ်း လာလာ ကျနော်တို့အောက်ကိုဆင်းမှဖြစ်မယ်”ဟု ပြောရင်း တောင်ကုန်းပေါ် တက်၏။ ကျနော်လည်း မျက်နှာမသစ်တော့ဘဲ သူ့နောက်မှအပြေးလိုက်၏။
တောင်ကုန်းပေါ်ရောက်တော့ ဝှေ့စာက အဆင်သင့်ဖြစ်နေပြီ။ ဗိုလ်သိန်းစိုးက လွယ်အိပ်ကောက်လွယ်ကာ တောင်ကုန်းအောက်သို့ အပြေးဆင်း၏။ ကျနော်က ကြောပိုးအိပ်ဘိုသီဘတ်သီနှင့် သူ့နောက်မှ လိုက်၏။ “ ရွာသားတွေ ဒီဘက်ကိုပြေးလာမှာ ကျနော်တို့ အရင်ရောက်မှ ဖြစ်မယ်”ဟုပြောရင်း ဗိုလ်သိန်းစိုးက သစ်ပင်သစ်ကိုင်းေတွကိုတိုးကာ အောက်သို့အေပြးဆင်းတော့၏။
တောင်ကုန်းအောက်သို့ရောက်တော့ လူတွေအော်ဟစ်သည့်အသံ အတိုင်းသားကြားရ၏။ လူသွားလမ်းပေါ်ရောက်တော့ ကျနော်တို့နှင့် ကိုက်အနည်းငယ်အကွာတွင် ပြေးလာသောလူအုပ်ကိုတွေ့ရ၏။ သူတို့ရှေ့ လူသွားလမ်းပေါ် ဘွားကနဲပေါ်လာသော ကျနော်တို့ကိုတွေ့တော့ လူအုပ်မှာ ရောက်သည့်နေရာတွင်ပင် ရပ်ကြ၏။ လူတချို့မှာ ဘေးနှစ်ဘက်သစ်ပင်များကြား တိုးဝင်သွားကြ၏။
ဗိုလ်သိန်းစိုးက ကရင်လို အော်ဟစ်ပြောဆို၏။ လူအုပ်က ကြက်သေသေပြီး ရပ်ကြည့်နေသေး၏။ ထိုစဉ်မှာပင် ရွာထဲ လူအုပ်၏နောက်မှ လက်နက်သံများ ထွက်ပေါ်လာ၏။ လူအုပ်မှာ ဝေါကနဲ ကျနော်တို့ရပ်နေရာလမ်းအတိုင်း ပြေးလာကြပြန်၏။
ကျနော်က တောင်ကုန်းပေါ်ကအဆင်းကတည်းက လွယ်အိပ်ထဲမှထုတ်ပြီး အဆင့်သင့်ကိုင်လာသော ကော်ကင်မရာလေးဖြင့် ပြေးလာသောလူတွေကို နှစ်ပုံမျှ ရိုက်လို့ရလိုက်၏။ ကျနော်တို့လည်း ထွက်ပြေးလာသော လူအုပ်နှင့်အတူရောကာ ထွက်ပြေးရတော့၏။ ထိုစဉ်မှာပင် မထင်မှတ်ပဲ လူတယောက်ကို တွေ့၏။ မယ်ဒလင်အဟောင်းတလက်ကို လျှော်ကြိုးဖြင့် သိုင်းလွယ်ထားသော လူတယောက်။ အသက် သုံးဆယ်အရွယ် ပုဆိုးစလွယ်သိုင်းထားသောလူတယောက်။ သူ့ဘေးကို ကျနော်ကပ်မိသောအခါ လွယ်ထားသောပုဆိုးထဲတွင် ခွေးေပါက်စကလေးတကောင် ပါလာသည်ကို တွေ့လိုက်ရ၏။
ကျေနာ်တို့အားလုံး တနာရီကျော် နှစ်နာရီနီးပါးမျှ ပြေးလိုက်ရပ်လိုက်ဖြင့် ကျုံစိန်ကြိုးဝိုင်းကြီထဲ မွန်းမတည့်မှီ တယောက်ပြီးတယောက် ရောက်လာကြလေသည်။ ခဏနားပြီးနောက် ဗိုလ်သိန်းစိုးက ရွာသားတဦးနှင့်အတူ ရွာခဏပြန်ပြီး ရွာအခြေအနေစုံစမ်းဦးမည်ဟု ပြောလာ၏။ ကျနော်တို့ရောက်ရှိနေသောနေရာမှာ နအဖစစ်သားများ လာလေ့လာထမရှိသောနေရာ လုံခြုံသည့်နေရာဖြစ်သည်ဟု ဆို၏။ သည်ဒေသတဝိုက်ကရွာသားများ မကြာခဏပြေးလာပြန်းခိုရာနေရာဖြစ်သည်ဟုလည်း ဆို၏။ ရဲဘော်ဝှေ့စာနှင့် ရွာသားတယောက်က ပြေးလာသည့်လူဦးရေစာရင်း နေရာထိုင်ခင်းအခြေအနေ လိုက် စီစဉ်ပေး၏။ ဗိုလ်သိန်းစိုးတို့ ရွာဘက်ပြန်သွားသောအခါ ရဲဘော်ဝှေ့စာကောက်လာသော လူစာရင်းကိုကျနော်ရေးမှတ်ရ၏။ ကျား ၆ ယောက်။ မ ၁၃ ယောက်။ အရွယ်စုံကလေး ၇ ယောက်။ ပေါင်း ၂၆ ယောက် ဖြစ်၏။ ရောက်နေသော ချောင်းမှာ ရေအနည်းငယ်ရှိ၏။ နေစရာအိပ်စရာ ပူပင်စရာမလို။ မကြာခဏ ရွာမှ လာရောက်ပုန်းအောင်းရသူတို့ အသုံးပြုသည့် သစ်ရွက်ခြောက်ခင်း လူတကိုယ်စာအိပ်ရာငယ်များ အလုံအလောက်ရှိ၏။
ညနေ ၄ နာရီခန့်တွင် နောက်ကလိုက်လာသော ရွာသားနှစ်ယောက်နှင့်တူ ဗိုလ်သိန်းစိုး ပြန်ရောက်လာ၏။ ကျနော်က ဗိုလ်သိန်းစိုး၏မိခင်ကိုမေးတော့ ဗိုလ်သိန်းစိုးက မိခင်ကိုမတွေ့ခဲ့ရသေးကြောင်း၊ သူ့မိခင်မှာ ပြေးတတ်ပုန်းတတ်သူဖြစ်ကြောင်း လွယ်လွယ်ပဲ ပြော၏။ ကျနော်က သူပြောပြသည့် ကျုံစိန်ရွာသတင်းကို ဗလာစာအုပ်တွင် ချရေးရလေသည်။
သည်ကနေ့မနက် ၇ နာရီခန့်က ချောင်းတဖက်ကမ်းတွင်တပ်စွဲထားေသာ တပ်မ ၉၉ လက်အောက်ခံ ခလရ ၈၄ တပ်ခွဲစခန်းမှ ကျုံစိန်ရွာအတွင်းသို့ ၆၀ မမ လက်နက်ကြီးဖြင့် နှစ်ချက်ပစ်၏။ ထိုအချိန်က ရွာတွင် အရိုးကောက်ပွဲ( အသုဘအခမ်းအနား)အတွက်ပြင်ဆင်နေကြသောအချိန်ဖြစ်၏။
လက်နက်ကြီးကျသဖြင့် တဲတလုံးမီးလောင်။ အဖ ဦးဖါးလိပ် အမိ ဒေါ်နော့်ရော်တို့၏သား အသက် သုံးဆယ်အရွယ် ကိုလှရွှေမှာ ဘယ်ဘက်ရင်ညွန့်တွင် လက်နက်ကြီးကျည်စထိမှန် သေဆုံး။ အဖွားအို ဖီးသူမဲ အသက် ၇၉ နှစ် ပေါင်တွင်ဒဏ်ရာရ။ ၉ နှစ်အရွယ်မိန်းကလေး နော်ကော်ကျိုး လက်မေါင်းတွင် ဒဏ်ရာရ။ ဒဏ်ရာရသူများ ကမ္မမေါင်းဆေးရုံ မပို့ရဲ။ တောထဲတွင် ဝှက်ထားရ။
ရွာသားတွေ အရိုးကောက်ပွဲအတွက်ပြင်ဆင်နေစဉ် ဝက်သားအချိန် သုံးပိဿာကို သတ်မှတ်ထားသောအချိန်အတွင်း အချိန်မှီမပို့သည့်အတွက်ဟုဆိုကာ စစ်တပ်က ရွာထဲသို့ လနက်ကြီးဖြင့် ပစ်။
ဗိုလ်သိန်းစိုးပြောသမျှ ဗလာစာအုပ်တွင် လိုက်လံရေးမှတ်နေသော ကျနော့်လက်များ မသိမသာ တုန်ယင်လျက်ရှိလေသည်။
ဗိုလ်သိန်းစိုးတို့ပြန်လာတော့ ထမင်းအိုးတလုံး ရွက်လာကြ၏။ မည်သူမျှမရှိတော့သော အရိုးကောက်ပွဲအိမ်မှ ဝင်ယူလာကြခြင်းဖြစ်၏။ သစ်ရွက်များပေါ်တွင် ထမင်းများသွန်ချ၏။ အိုးအလွတ်ထဲ ခူးလို့ရသမျှအရွက်များ ထည့်ပြုပ်၏။ ထို့နောက် ကလေးများ အသက်ကြီးသူများကို ဦးစားပေးပြီး ကျန်သူများက ဝေမျှစားကြ၏။
ထမင်းစားနေကြစဉ်မှာပင် နေရောင်ခြည်များမှာ ကျုံစိန်ကြိုးဝိုင်းကြီးပေါ်မှ အလျင်အမြန် ဆုတ်ခွါသွားကြလေသည်။
၄။
မိမိခန္ဓာကိုယ်ကို တစုံတခုလာတိုးသဖြင့် အိပ်ပျော်ရာမှ ကျနော်နိုးလာ၏။ လရောင်ကြောင့် အလင်း ရောင် ကောင်းကောင်းရနေ၏။ ခွေးပေါက်စလေးတကောင်မှာ ကျနော့်ကို တိုးခွေ့အိပ်ဖို့ တအိအိနှင့်ကြိုးစားနေ၏။ ထိုစဉ်မှာပင် လူတယောက်က ခွေးကလေးကို အသာအယာဆွဲယူလိုက်၏။ ကျနော်နှင့် ဝါးရုံတခုအကျော်ဘက် ထွက်သွား၏။ ထိုအခါကြမှ မနက်တုန်းက ကျုံစိန်ရွာမှထွက်ပြေးကြစဉ် မယ်ဒလင်လွယ်ရင်းပြေးလာသည့်လူကို သတိပြုမိသွား၏။ သူက သူ့ခွေးလေးကို လာယူသွားခြင်း ဖြစ်သည်။ ထို့နောက် ကျနော့်မှာပင်ပန်းသဖြင့် ချက်ချင်းဆိုသလို ပြန်လည်အိပ်ပျော်သွား၏။
ညသန်းခေါင်ကျော်အချိန် အိပ်ရာမှပြန်နိုးလာရပြန်သည်။ တောကြီးမျက်မဲထဲ မက်ဒလင်တီးသံ ထူးဆန်းစွာကြားရ၏။ ချက်ချင်းဆိုသလို အိပ်ချင်စိတ်များ ဘယ်ဆီရောက်ကုန်သည်မသိ။ မက်ဒလင်သံက ကျနော့်ကိုလွှမ်းမိုးလိုက်တော့၏။
လရောင်များမှာ ဝါးရုံအုပ်များ သစ်ပင်သစ်ကိုင်းများပေါ် ရွှေစငွေစများကြဲချသလို ပြိုးပြက်လင်းလက်နေ၏။ မယ်ဒလင်တီးသံမှာ ကျနော့်ကို လုံးဝချုပ်ကိုင်ထားတော့၏။ တချိန်တည်းမှာပင် “ ဂီတမှာ လူမျိုးရယ်လို့ မရှိ”ဟု ပြောခဲ့ဖူးသော သခင်ဗဟိန်း၏စကားကို တွေးမိသွားရ၏။
မက်ဒလင်သံက လရောင်နှင့်အပြိုင် ကျနော့်စိတ်ကို လွင့်မျောလွမ်းမောဖွယ် ဖြစ်စေ၏။ ညနေကတွေ့ခဲ့သော စစ်ပြေးကရင်ရွာသား၏ မက်ဒလင်တီးသံဖြစ်သည်ကို ကျနော်သိလာ၏။ စားစရာမပါ ခြုံစေါင်မပါနိုင်ခဲ့သော်လည်း ခွေးပေါက်စလေးကို ပုဆိုးနဲ့လွယ်ပြီး ယူဖြစ်အောင်ယူလာသည့် ကရင်ကျေးတောသားတယောက်။
ကျနော့်မှာ အိပ်နေရာက ထလိုက်ရသည်။ မက်ဒလင်တီးသံထွက်ပေါ်လာရာ ဝါးရုံတခုအကျော်ဆီ အသံမပေးဘဲ အသာအယာလျှောက်လာသည်။
လူတယောက် ဝါးရုံရိပ်အစပ်တွင် လရောင်ကိုမေါ့ကြည့်ကာ မယ်ဒလင်တီးနေသည်။ သူ့ဘေးတွင် ပုဆိုးစုတ်တထည်ခင်းလျက်။ ခင်းထားသောပုဆိုးပေါ်တွင် ခွေးကလေးတကောင်အိပ်လျက်။
မယ်ဒလင်သံက တကယ့်ကိုလွမ်းမောဖွယ်။ ဂီတဆရာမှာ လရောင်ကိုမော့ကြည့်နေဆဲ။ မယ်ဒလင်ကို လှိုက်လှိုက်လဲလဲ တီးနေဆဲ။ သူ ဘယ်လောက်အထိ ခံစားနေရပါလိမ့်။ သူဘယ်လောက်အထိ ကြေကွဲနေတာပါလိမ့်။
ကျနော်က အသံမပေးတော့ဘဲ မိမိနေရာသို့ ပြန်လာလိုက်သည်။ မယ်ဒလင်ဆရာ ကရင်ကျေးတောသား၏ နှလုံးသားကို မနှောက်ယှက်ချင်တော့ပါ။
သစ်ရွက်ခင်းမွေ့ရာပေါ် လှဲချပြီး လွမ်းမောဖွယ် မယ်ဒလင်သံကို နားထောင်ရင်း ကျနော်ဖတ်ခဲ့ဖူးသော ကဗျာတပုဒ်ကို တုန်တုန်ခိုက်ခိုက် ပြန်တွေးမိလေသည်။
'' အဝယ်တော် ''
ဆင်းရဲခြင်းကို
ရိုးသားမှုနဲ့ ဝယ်လို့ရတယ်။
ချမ်းသာခြင်းကို
ကောက်ကျစ်စဉ်းလဲခြင်းနဲ့ ဝယ်လို့ရတယ်။
သေဆုံးခြင်းကို
တန်ဖိုးရှိတဲ့ သုညနဲ့ဝယ်လို့ရတယ်။
ပြီးတော့
တန်ဖိုးမရှိတဲ့ သုညနဲ့လည်းဝယ်လို့ရတယ်။
ဒါပေမယ့်
လမင်းကို
မျက်ရည်တွေ သောကတွေနဲ့
ခေတ်အဆက်ဆက်ကတည်းက
ဝယ်ခဲ့ရတာပေါ့။
လှိုင်းထက်
-
ငြိမ်းဝေ
( အပိုင်း ၄ သို့ ဆက်လက်ဖတ်ရှုကူညီပါရန်.....)
Photo - NW
* ဓါတ်ပုံထဲက ခေါင်းပေါင်းနှင့်လူမှာ ဗိုလ်သိန်းစိုးဖြစ်သည်။
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
