Saturday, March 7, 2026

ဒီသစ်- တမ်းမက်ဝတ်လွှာ


Art -Than Htay Maung
တမ်းမက်ဝတ်လွှာ
ဒီသစ်
(မိုးမခ) မတ် ၇၊ ၂၀၂၆

ကုက္ကိုရွက်ကျို့တို့ကျဲတဲကြား  
လရောင်ဆန်းထား။ 

ငါ့နွေဦးကိုယ်၌က
နှင်းကျန်နဲ့စိုလူးမွှေးမြ  
ရောင်နီဖူးကိုဆေးချယ်သတော့ဖို့။ 

ငါတို့ကလေးတွေ  
လက်ပံတန်းအဝင်လမ်းမအပေါ်  
အိပ်မက်တွေဖြန့်ခင်း  
ယုံကြည်ခြင်းတွေနွယ်ယှက်  
ကောင်းစွာအိပ်စက်နေကြဆဲမှာ။ 

အလောတကြီးနိုင်လွန်းတဲ့ ဥဩတွေ  
အလိုက်ကမ်းဆိုးမသိကြပေဘူး  
ရှူး.... တိုးတိုး....  
နိုးသွားပါဦးမယ် ကလေးတွေ။ 

ကင်းတွေ ကရွတ်လျောက်  
အရိပ်မသိတဲ့ တောတွေမှောက်  
တောင်ကန့်လန့်ကောက်တွေများပြောပါတယ်  
တောင့်တောင့်ကြီး ဝိညာဉ်ကြွေနေကြပုံ။ 

တငြိမ့်ငြိမ့် လေမျှင်စကလေးတွေနဲ့  
သွဲ့သွဲ့ငြင်ငြင် အလံတော်ရဲ့  
ရဲရဲနီစွေးလွင်ပြင်မှာ  
လရောင်ခစားနေပုံမြင်ချင်ဇောနဲ့  
တကယ့်ကို ငြိမ့်မြ အလှဆုံးအရုဏ်  
နိုးထပါစေရော့။                        
 (၆-မတ်၊၂၀၂၀)
-
t.me@moemaka
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
youtube.com/@moemaka
X.com/MoeMaKa
#MoeMaKaMedia 
#WhatsHappeningInMyanmar