TNLA နဲ့ MNDAA တို့ အပစ်ရပ်သဘောတူညီမှုရ
မြန်မာနွေဦးခရိုနီကယ် - မတ် ၂၂ မြင်ကွင်း
(မိုးမခ) မတ် ၂၃ ၊ ၂၀၂၆
TNLA နဲ့ MNDAA တို့ အပစ်ရပ်သဘောတူညီမှုရ
မတ်လ ၁၄ ရက်နေ့ နံနက်မှာ ကွတ်ခိုင်မြို့ နဲ့ အနီးတဝိုက်က တအာင်းလက်နက်ကိုင်တပ်ဖွဲ့ TNLA တပ်စွဲထားတဲ့နေရာတွေကို ကိုးကန့်လက်နက်ကိုင်တပ် MNDAAက တပြိုင်နက်ထည်း ဝင်ရောက်တိုက်ခိုက်ပြီး ကွတ်ခိုင်မြို့ကို MNDAA က ထိန်းချုပ်ခဲ့ကာ နမ့်ဖတ်ကာ နဲ့ နမ့်ခမ်းမြို့ဘက်တွေ အထိ ဆက်လက်ထိုးစစ်ဆင်မလားဆိုတဲ့ မှန်းဆမှုတွေ ရှိနေကြချိန်မှာ ညီနောင်မဟာမိတ် လက်နက်ကိုင် ၂ဖွဲ့ရဲ့ ခေါင်းဆောင်တွေ လောက်ကိုင်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ၂ ရက်မြောက်နေ့မှာ အပစ်ရပ်ဖို့ သဘောတူညီခဲ့ကြတာ ဖြစ်ပါတယ်။
မတ်လ ၁၇ ရက်နေ့ ကနေ စတင်ဆွေးနွေးခဲ့ရာက ၁၈ ရက်နေ့ညနေမှာတော့ အပစ်ရပ်ဖို့ သဘောတူညီခဲ့ကြပြီးနောက် နောက်တရက်မှာ အခြားသော နှစ်ဖက်သဘောတူညီမှုတွေ ရတဲ့အထိဆွေးနွေး သဘောတူပြီး အဆိုပါသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ လည်း သတင်းအချို့မှာ ဖေါ်ပြထားကြပါတယ်။
ကွတ်ခိုင်မြို့ကို MNDAA တပ်ရဲ့ အုပ်ချုပ်မှုအောက်မှာ ထားဖို့၊ တိုက်ခိုက်မှုတွေအတွင်း ဖမ်းဆီးထားတဲ့ နှစ်ဖက် တပ်ဖွဲ့ဝင်တွေနဲ့ လက်နက်တွေပြန်လည် လွှဲပြောင်းပေးဖို့၊ မဟာမိတ်တွေအဖြစ် ဆက်လက်ရပ်တည်သွားကြဖို့ သဘောတူခဲ့ကြတယ်လို့ တအာင်းလက်နက်ကိုင်တပ်ဖွဲ့ရဲ့ ပြောခွင့်ရှိသူက သတင်းမီဒီယာတွေကို ဖြေဆိုထားတာ တွေ့ရပါတယ်။
အခု ဖြစ်ရပ်မတိုင်ခင် ဖေဖေါ်ဝါရီလ ၁၃ ရက်မှာ ဖြစ်ပွားခဲ့တဲ့ MNDAA ဘက်က ကွတ်ခိုင်မြို့လမ်းတွေမှာ CCTV တပ်ဆင်တာကို TNLA လက်နက်ကိုင်တပ်တွေက ဖြုတ်သိမ်းကာ MNDAA တပ်ဖွဲ့ဝင်အချို့ကိုလည်း ကိုယ်ထိလက်ရောက် ပြုမူခဲ့ရာက မတ်လ ၁၄ ရက် MNDAA ဘက်က ရုတ်တရက် တိုက်ခိုက်မှုဖြစ်ပေါ်လာပြီး ကွတ်ခိုင်မြို့ကို ထိန်းချုပ်ကာ လားရှိုး-မူဆယ်ကားလမ်း နဘေးမှာ TNLA တပ်ဖွဲ့တွေ တပ်စွဲတာ၊ လုံခြုံရေးဂိတ် ဖွင့်လှစ်တာမျိုးတွေ မလုပ်နိုင်အောင် ရည်ရွယ်လုပ်ဆောင်ခဲ့တာလည်း တွေ့ရပါတယ်။ မတ်လ ၁၄ ရက်နေ့မှာ မူဆယ်အနီး ၁၀၅ မိုင် ကျင်စန်းကျော့ဂိတ်က TNLA တပ်ဖွဲ့ဝင်တွေကိုလည်း MNDAA က ချုပ်နှောင်ဖမ်းဆီးပြီး လက်နက်သိမ်းတာတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီနောက်ရက်ပိုင်းတွင်း လားရှိုးကနေ ၁၀၅ မိုင်အထိ ကားတွေ သွားလာနိုင်ပြီဖြစ်ကြောင်း MNDAA က ဖွင့်ပေးခဲ့တာ ဖြစ်ပါတယ်။
မတ်လ ၁၄ ရက်နေ့ MNDAA တပ်ဖွဲ့က စတင်တိုက်ခိုက်တာတွေ မလုပ်ခင်ရက်ပိုင်းအလိုမှာ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဘက်က ကိုးကန့်တပ်တွေ ကွတ်ခိုင်မြို့ဆီ လမ်းကြောင်း ၂ ခု ၃ ခုကနေ ဆင်းလာနေတဲ့ သတင်းလည်း ပေါ်ထွက်ခဲ့ပါသေးတယ်။ TNLA တပ်ဖွဲ့အနေနဲ့ MNDAA တပ်တွေက ကွတ်ခိုင်မြို့ကို ရုတ်တရက် အင်အားအများအပြားနဲ့ တိုက်ခိုက်လိမ့်မယ်လို့တော့ မျှော်လင့်ထားပုံ မရဘဲ မတ်လ ၁၄ ရက်နေ့ မှာ ရုတ်တရက် တိုက်ခိုက်ခံရချိန် ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်တာမျိုးတွေ မတွေ့ရပါဘူး။ စတင်တိုက်ခိုက်ပြီး ၂ ရက်အတွင်းမှာပဲ ကွတ်ခိုင်မြို့ကို TNLA က လက်လွှတ်ခဲ့ရပြီး ကွတ်ခိုင်မြို့နယ်နဲ့ ထိစပ်နေတဲ့ နမ့်ခမ်းနဲ့ နမ္မတူတို့ဘက်ဆီ ဦးတည်နေတဲ့ သတင်းတွေလည်း ပေါ်ထွက်ခဲ့ပါတယ်။ TNLA ဘက်က MNDAA တပ်က လာတိုက်တဲ့နေရာတွေမှာ ခုခံရုံကလွဲလို့ ပြန်လည်တုံ့ပြန် တိုက်ခိုက်ဖို့ တပ်ခေါင်းဆောင်တွေက အမိန့်ပေးထားခြင်း မရှိဘူးလို့လည်း သတင်းတွေက ဖေါ်ပြထားကြပါတယ်။
ကချင်ပြည်နယ် နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း ထိစပ်တဲ့နေရာ၊ တရုတ်နိုင်ငံနဲ့ နယ်နိမိတ်လည်း ဖြစ်တဲ့ ရွှေလီမြစ်ဘေးက နမ့်ခမ်းမြို့ကိုလည်း MNDAA က ထိုးစစ်ဆင်တိုက်ခိုက်လာတော့မလား ဆိုတဲ့ မှန်းဆချက်တွေ ရှိခဲ့ပြီး MNDAA တပ်တွေလည်း နမ့်ခမ်းဘက်ကို ဦးတည်တဲ့ လမ်းကြောင်းတွေမှာ လှုပ်ရှားနေတာတွေ့ခဲ့ရပါတယ်။
စတင်ဖြစ်ပွားပြီး နောက် အချိန် ၂ ရက် ၃ ရက်အတွင်း ကွတ်ခိုင်မြို့ လက်လွှတ်လိုက်ရတဲ့ အဖြစ်ကို ကြည့်ရင် MNDAA ဘက်က ထိုးစစ်သဖွယ် တိုက်ခိုက်ပြီး ၄င်းတို့ ရည်မှန်းထားတဲ့နေရာတွေကို သိမ်းယူဖို့ အစီအစဥ် ချမှတ်ထားတဲ့ သဘောလို့ ယူဆနိုင်ပါတယ်။
၁၀၂၇ စစ်ဆင်ရေးမှာ လက်တွဲပြီးတိုက်ခိုက်ခဲ့ကြတဲ့ မဟာမိတ်လက်နက်ကိုင် ၂ ဖွဲ့အကြား အခုလို ရန်သူသဖွယ် တိုက်ခိုက်ကြတဲ့ အဖြစ်အပျက်တွေရဲ့ အကြောင်းရင်းခံက ဘာပါလဲ။
အချို့ကတော့ တရုတ်နိုင်ငံရဲ့ နောက်ကွယ်က ကြိုးကိုင်ချယ်လှယ်မှု အဖြစ် ယူဆပုံဖေါ်ကြပါတယ်။ တရုတ်နိုင်ငံ အနေနဲ့ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းလည်း ဖြစ်၊ BRI လို့ခေါ်တဲ့ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ခါးပတ်လမ်းကြောင်း ရဲ့ မြန်မာနိုင်ငံကို ဖြတ်သန်းမယ့် အပိုင်းတွေမှာ ၄င်းတို့ သြဇာခံတဲ့ လက်နက်ကိုင် အဖွဲ့တွေ၊ ပြောတာနားထောင်လွယ်တဲ့ အဖွဲ့တွေ ထိန်းချုပ်ထားနိုင်ပြီး အဲဒီဒေသတွေ တည်ငြိမ်ဖို့ လက်နက်ကိုင်တိုက်ပွဲတွေ ထပ်မဖြစ်ပွားဖို့ ဆိုတဲ့ ရည်ရွယ်ချက်ကြောင့် MNDAA ကတဆင့် ဒီလမ်းကြောင်းတွေကို ရှင်းလင်းစေတာလို့ ယူဆကြတာ ဖြစ်ပါတယ်။
ဒီအယူအဆကိုပဲ ထောက်ခံတဲ့သူအချို့က ကိုးကန့်တွေက တိုင်းရင်းသားလို့ ဆိုပေမယ့် တရုတ်စာ၊ တရုတ်စကားကို ပြောဆိုသုံးနှုန်းတဲ့ အဖွဲ့ဖြစ်လို့ မြန်မာနိုင်ငံတွင်းက အခြားသော တိုင်းရင်းသားတွေနဲ့ မတူဘဲ တရုတ်ရဲ့ လက်ဝေခံ တရုတ်နိုင်ငံ အလိုကျ လုပ်ပေးရတာဆိုတဲ့ အမြင်၊ ပြောဆိုမှုတွေနဲ့ သုံးသပ်ကောက်ချက်ချကြတာလည်း တွေ့ရပါတယ်။
ဖုန်ကြားရှင်ရဲ့ သားဖြစ်သူ ဖုန်တားရွှင် ဦးဆောင်တဲ့ ကိုးကန့်တပ်ဖွဲ့ဟာ ကိုးကန့်ဒေသမှာရှိခဲ့တဲ့ ၄င်းမတိုင်ခင် ကိုးကန့်လက်နက်ကိုင် တပ်တွေရဲ့ ခေါင်းဆောင်တွေလိုပဲ မြန်မာနိုင်ငံဘက်နဲ့ စာရင် တရုတ်နိုင်ငံဘက်နဲ့ ဘာသာစကား ပြောဆိုမှုအရ ရော ရေမြေ ထိစပ်မှု ကုန်သွယ်မှုအရပါ ပိုမိုရင်းနှီးတဲ့ ဆက်ဆံရေးရှိတာ ဖြစ်ပါတယ်။
အခုလို မဟာမိတ်လို့ ဆိုတဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေအချင်းချင်းအကြား လက်နက်နဲ့ တိုက်ခိုက်ကြရတဲ့အထိ ဖြစ်ပွားလာတဲ့ အကြောင်းရင်းက မဟာမိတ်ဖွဲ့မှုက စစ်ရေးအရ ရည်မှန်းချက်တူရုံသာမက နိုင်ငံရေးအရပါ တူညီတဲ့ ရည်မှန်းချက်တွေမရှိတာကြောင့် တနည်းအားဖြင့် ဆိုရရင် နိုင်ငံရေးအယူဝါဒတွေ အပေါ်မှာ ဘုံခံယူချက်၊ တူညီတဲ့ စံနှုန်းနဲ့ အယူအဆတွေ မရှိတာကြောင့်လို့ ကောက်ချက်ချကြတာလည်း ဖြစ်ပါတယ်။
တနည်းအားဖြင့် ပြောရရင် ဘုံရန်သူ ဖြစ်တဲ့ အာဏာသိမ်းစစ်တပ်ကို စစ်ရေးအရအောင်ပွဲတွေ ရရှိနေချိန်မှာတော့ မဟာမိတ်တပ်ဖွဲ့တွေအချင်းချင်း အကြားမှာ ပြဿနာကြီးကြီးမားမား ပေါ်ထွက်ခဲ့ခြင်း မရှိပေမယ့်၊ တိုက်ခိုက်သိမ်းယူထားတဲ့ နယ်မြေတွေကို အုပ်ချုပ်ကြတဲ့အခါမှာ လူမျိုးစုအလိုက် အမျိုးသားရေးဝါဒ၊ စစ်ရေးအင်အားက အဆုံးအဖြတ်ဆိုတဲ့ အယူအဆနဲ့ သယံဇာတ၊ အခွန်အကောက် တို့လို ကိစ္စတွေမှာ မဟာမိတ်တွေ အချင်းချင်း အကြား ဘုံသဘောတူညီမှု၊ နိုင်ငံရေးအခြေခံတဲ့ စနစ်တရပ် ရှာဖွေတည်ဆောက်နိုင်ခြင်း မရှိကြတာက ပြဿနာရဲ့ အရင်းခံအကြောင်းအချက် ဖြစ်တယ်လို့ မြင်ကြတာ ဖြစ်ပါတယ်။
TNLA နဲ့ KIA တပ်ဖွဲ့တွေအကြား နယ်မြေ ဖြတ်သန်းခွင့်၊ လုံခြုံရေးဂိတ်၊ အခွန်အကောက်ဂိတ်၊ ပညာရေးစာသင်ကျောင်းတွေ ဖွင့်လှစ်မှု၊ ဘာသာစကား အသုံးပြုမှု စတဲ့ အကြောင်းအရာတွေနဲ့ ဆက်နွယ်တဲ့ ပွတ်တိုက်မှုတွေ ပြီးခဲ့တဲ့နှစ်တွေက ဖြစ်ပွားခဲ့တာပါ။ အဲဒီနောက် ယခုနှစ်ဆန်းမှာတော့ MNDAA နဲ့ ကွတ်ခိုင်မြို့ အုပ်ချုပ်ရေးပေါ် အကြောင်းခံပြီး ပဋိပက္ခဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ အထက်က အကြောင်းရင်းခံ ကိစ္စရပ်တွေကို အဖြေရှာဖို့ အရေးတကြီး လိုအပ်နေတာဖြစ်ပြီး ဒီအကြောင်းရင်းခံတွေကို မဖြေရှင်းနိုင်ခဲ့ရင် လက်နက်ကိုင်ပဋိပက္ခတွေရဲ့ ဝဲဂယက်ထဲ ကျရောက်ဖို့ အန္တရာယ်က အစဥ်ရှိနေဦးမှာလည်း ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar