Breaking News

ဖလော်ဒါဟန် - ရက် ၁၀၀ စီမံချက်



ဖလော်ဒါဟန် - ရက် ၁၀၀ စီမံချက်

မိုးမခ ၊ ဧပြီ ၂၇ ၊ ၂၀၂၆


သမ္မတတစ်ယောက်ဖြစ်ဖို့ အဘယ်သို့သော စီမံချက်သည် တိုင်းပြည်အတွက် အင်အားသတ္တိ၊ စွမ်းဆောင်ရည်တွေ ဖြစ်ခဲ့ပါသလဲ။

ကျွန်မကတော့ ပြည်သူ့အစိုးရလက်ထက် ရက် ၁၀၀ စီမံချက်ကို ပြန်လည်မြင်ယောင်မိပါတယ်။ ဝန်ကြီးဌာနတိုင်းမှာ ဤသို့သော စီမံချက်ကို အကောင်အထည်ဖော်ကြပါတယ်။ အခု မအလရဲ့ ရက်တစ်ရာ စီမံချက်ကတော့ ပြည်သူ့တော်လှန်ရေး တပ်ဖွဲ့ဝင်တွေကို အလင်းဝင်ဖို့ ဖိတ်ခေါ်တာပါပဲ။

အမြဲတမ်း ကိုယ့်ပြည်သူကို အထင်မကြီးသလို လူရာသွင်းဖို့ဆို ဝေလာဝေး၊ "စာမတတ် ပေမတတ်" ဆိုသည့်စကားကလည်း အမြှုပ်ထွက်မတတ် ပြည်သူကို ကဲ့ရဲ့နေတာဆိုတာ ၅ နှစ် သက်တမ်းတစ်လျှောက်ပါပဲ။ မအလဆိုတာ နိုင်ငံတော်အတိုင်ပင်ခံလို အမေအိုတစ်ယောက်ကို မလုပ်သင့် မလုပ်ထိုက်သည့် အမှုတွဲအမျိုးစုံကို ကောက်ကျစ်ယုတ်မာသည့်စိတ်၊ မနာလိုစိတ်ဖြင့် အကျဉ်းချထားသည့် အလုပ်ကို လုပ်ခဲ့သည်။

လူတစ်ယောက်အတွက် ပြည်သူအယောက်တိုင်းက တံတွေးနဲ့ထွေးလို့ နလန်မထူနိုင်တဲ့ ဘဝမှာ ရာထူးဂုဏ်စည်းစိမ်တွေ ဘယ်လောက်ပဲ ရှိနေပါစေ၊ မပြောင်ရောင်တဲ့ ဘဝပါ။ ဒါထက်ဆိုးသည်က ပြည်သူကို အနိမ့်ဆုံးအဆင့်ဖြစ်တဲ့ ကကွက်ဆန်းများဖြင့် ပြည်သူကို အမှောင်ချတော့တာပါပဲ။

ရက်တစ်ရာ စီမံချက်ဆိုသည်မှာ သမ္မတတစ်ယောက်ကို ကြိုဆိုသည့် ပြည်သူများရဲ့ စံနှုန်းတန်ဖိုး ဖြစ်သည်။ ပြည်သူ့အစိုးရလက်ထက် ရက် ၁၀၀ စီမံချက်မှာ ပါဝင်ခဲ့ရတဲ့ ကျွန်မအတွက် သမ္မတကြီးဦးထင်ကျော်ရဲ့ တိုက်ပုံအရောင်ကို မရရအောင် ‌ကျေးလက်အနုပညာပြခန်းကြီးရဲ့ နံရံဆေးရောင်နှင့် ဂုဏ်ပြုသည်အထိ မှတ်တမ်းတင်နိုင်ခဲ့ကြပါတယ်။

အလွန်ပျော်စရာကောင်းတဲ့ အချိန်ပါ။ ရက် ၁၀၀ ရဲ့ ပင်ပန်းမှုတွေက အစိုးရသစ်တစ်ရပ်မှာ ‌ထောက်ခံမှုအားက ဘယ်လောက်တောင် စိတ်ဓာတ်ခွန်အားတွေအပြည့်နဲ့ မိမိတို့ရဲ့ အနာဂတ်ကို ဖွင့်ဟနိုင်ခွင့်ရှိရကြသည်ဆိုတာ ‌အောင်မြင်မှုတစ်ခုအဖြစ် သက်‌သေထူနိုင်ခဲ့ပါတယ်။ မတူညီတဲ့ အစိုးရမှာ ရက်တစ်ရာဆိုသည့် အခေါ်အဝေါ်ချင်း တူညီပေမဲ့ တန်ဖိုးနဲ့စံနှုန်းက နံ့သာဆီနဲ့ အီး ကွာခြားသလိုပါပဲ။

မတူလို့ မတုနိုင်သလို လူတစ်ယောက်အတွက် တန်ဖိုးနဲ့စံနှုန်းဆိုသည်မှာ အပျက်သဘောကို ဦးတည်နိုင်ခြင်းကလည်း သာမန်အရည်အချင်းတော့ မဟုတ်။ ပြည်သူတွေကို ဘယ်သောအခါမျှ နေရာမပေးသလို နှုတ်ထွက်စကားတိုင်းကလည်း အကောင်းမြင်ဝါဒီ မရှိတဲ့ ခေါင်းဆောင်တစ်ယောက်သည် ဘယ်သောအခါမျှ ဘောပင်ကိုင်မည့်သူ မဟုတ်ပါ။ လက်ပစ်ဗုံးနဲ့ သေနတ်သည်သာလျှင် အာဏာရှင်များ အသက်ရှည်‌ဆေး၊ အာဏာမြဲဖို့ တစ်ခုတည်း‌သော လက်နက်ဖြစ်ခဲ့သည်။

နှုတ်ထွက်စကားများမှာလည်း မိမိသည်သာ ပြည်သူကို အကောင်းဆုံးတွေကို လုပ်ပေးနေသည်ဆိုတာမျိုးကို နေ့စဉ်ပြောနေခြင်းဖြင့် တိုင်းပြည်ကို တစ်စစီဖြစ်အောင် အမှည့်ခြွေ ခြွေနေဦးမယ်ဆိုတာ ပြည်သူတွေ သိကြမှာပါ။

တဖြည်းဖြည်းနဲ့ မှေးမှိန်လာသည့် လူတစ်ယောက်၏ အမည်နာမသည် ရက်တစ်ရာအတွင်း ပျောက်ကွယ်သွားမည်ဆိုရင် ပြည်သူတွေအတွက် ပျော်ရွှင်ဖွယ် နှစ်သစ်ဖြစ်မည် ဆိုသည်လေးကို ထောက်ပြရင်း...။


ဖလော်ဒါဟန်

၂၁.၄.၂၀၂၆



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar