လေးလေး - နှင်းပန်းအိမ်ရဲ့ မျှော်လင့်ခြင်းလမင်း
မိုးမခ ၊ ဧပြီ ၂၄ ၊ ၂၀၂၆
နားထောင်စရာ ရေဒီယိုတွေ မရှိတော့လို့ ရေဒီယိုတွေကို လွမ်းနေရတဲ့အချိန်မှာ လေလှိုင်းထဲမှာ ရင်းနှီးဖူးခဲ့တဲ့ အသံရှင်တဦး ရေးတဲ့ ဝတ္ထုတိုတွေ ဖတ်လိုက်ရတယ်။ အာအက်ဖ်အေ ရေဒီယိုရဲ့ တခါက “အမှောင်လှိုင်းထဲက သူရဲကောင်းတို့တိုင်းပြည်” အခန်းကို ရေးသားတင်ဆက်ခဲ့သူ။ အဲ့ဒီအသံရှင်ကို သူရေးတဲ့ဝတ္ထုတွေထက်ပိုစောပြီး လေလှိုင်းထဲမှာ ရင်းနှီးခဲ့ရ။ ဟော-အခုတော့ သူရေးတဲ့ “လမင်းပေးတဲ့ မျှော်လင့်ခြင်း” ဝတ္ထုတိုများစာအုပ် လက်ထဲ ရောက်လာပေါ့။
စာမမြင်ဖူးခင် အသံအရင်ကြားဖူးခဲ့တဲ့ ဆရာမ နှင်းပန်းအိမ် ရေးတဲ့ ဝတ္ထုတိုတွေဟာ အာအက်ဖ်အေမှာ ဆရာမ ဟောဖူးပြောဖူးတာတွေရဲ့ အရိပ်အယောင်တွေ ဖုံးလွှမ်းနေတာပါပဲ။ ဒီတော့လည်း စာပဲမြင်ရဖတ်ရပေမယ့် တခါက ရေဒီယိုတလုံးနားထောင်ရသလို ရေဒီယိုလွမ်းစိတ် တိတ်တဆိတ်ဖြေသာရပါတယ်။ ၂၀၀၆၊ ၂၀၀၇၊ ၂၀၀၈ ကာလတွေမှာ ဒီတုန်းက နွယ်နီမဂ္ဂဇင်း၊ ချယ်ရီမဂ္ဂဇင်းနဲ့ မဟေသီမဂ္ဂဇင်းတို့မှာ ဖော်ပြခဲ့တဲ့ နှင်းပန်းအိမ်ရဲ့ ဝတ္ထုတိုတွေ အများစု စုစည်းထုတ်ဝေထားတာဖြစ်ပြီး အဲဒီအချိန်တုန်းက မဂ္ဂဇင်း တခေတ်ပြန် လွမ်းဖြစ်ပြန်တာပါပဲ။
ဖခင်ဖြစ်သူ နိုင်ငံရေးသမား၊ ပရဟိတသမား ဦးလေးဦးတင်စိန်(ခေါ်)ဗိုလ်ဓမ္မရဲ့ သမီးဖြစ်သူဘဝနဲ့ လောကဓံနဲ့ စီးချင်းထိုးပုံတွေ၊ နိုင်ငံရေးအကျဉ်းသားတယောက်ရဲ့ ဇနီးသည်ဖြစ်သူဘဝနဲ့ သားတယောက်လက်ဆွဲပြီး လူ့လောကရင်ဆိုင်ဖြတ်သန်းခဲ့ပုံတွေကနေ အခု ဝတ္ထုတိုတွေ ပေါက်ဖွားခဲ့တာပါပဲ။ ဒါကြောင့်ပဲ စာအုပ်အမှာစာရေးပေးတဲ့ “သန်းမြင့်အောင်” က -
“ဘဝနှင့်ရင်းခဲ့ရသော အတွေ့အကြုံများကို စိတ်ကူးကောင်း၊ စေတနာကောင်းတွေ ထပ်လောင်းပေးထားသည့် ရသစာပေဖြစ်၍လည်း ဖတ်ရသူအပေါင်း၏ နှလုံးသားတွင် အမှတ်ထင်ထင်ရှိကာ နှစ်ခြိုက်လိမ့်မည်ဟု ကျွန်မ ယုံကြည်ပါသည်။" လို့ ဆိုထားတာပါ။
“နေစရာ”၊ “ကြားသုံးကြား”၊ “လရောင်၏ဒဏ်ရာ”၊ “ရွှဲရွှဲစိုတဲ့ချွေး”၊ “တမာပန်းနှင့်ဘဝလမ်း”၊ “လမင်းပေးတဲ့နှစ်သိမ့်ဆု” စတဲ့စတဲ့ ဝတ္ထုတိုပုဒ်ရေ ၂၀ တိတိပါဝင်ပြီး စာအုပ်အဖွင့်မှာဦးဆုံးဖော်ပြထားတဲ့ “နေစရာ” ဆိုတဲ့ဝတ္ထုတိုကို ဖတ်ပြီးသွားတာနဲ့ ဆရာမ မိုးမိုး(အင်းလျား)ရဲ့ စာပေလက်ရာကို ပြေးမြင်မိသွားတယ်။ ဆရာမနှင်းပန်းအိမ်ဟာလည်း လောကကို သံဝေဂနဲ့ကြည့်တတ်သူများလား။
“ရွှဲရွှဲစိုတဲ့ချွေး” ဝတ္ထုဖတ်ပြီးတော့ ဆရာမနှင်းဝေငြိမ်း စကားဦးသန်းထားသလို နှင်းပန်းအိမ်က ဒီဝတ္ထုတွေကို ဘောပင်နဲ့ရေးတာလား၊ မျက်ရည်တွေနဲ့ရေးတာလား ဆိုတဲ့စကားကို ပြန်ကြားယောင်မိတဲ့အထိ မျက်ရည်စို့စို့နဲ့ ဖတ်ရပါတယ်။ နိုင်ငံရေးအကျဉ်းသားဖခင်မရှိတော့ မိခင်ရဲ့လောကဒဏ်ကို ရဲရဲရင်ဆိုင်ပုံ၊ အမေတခု သမီးတခုဘဝနဲ့ လောကကိုရင်ဆိုင်ဖြတ်သန်းရင်း တခါ သမီးဖြစ်သူက အိမ်ထောင်ကျသွားပြန်တော့ အိမ်ထောင်ဘက်က နိုင်ကျဉ်းတဦးဖြစ်လာပြန်ပြီး၊ မိခင်ခံစားခဲ့ရတဲ့ သောက၊ လောကဒဏ်တွေကို ဆက်လက်ရင်ဆိုင်ရပုံ။ ဝတ္ထုကိုအဆုံးသတ်ရေးဖွဲ့ထားပုံက -
“ကျွန်မ ခရီးထွက်တဲ့နေ့ ချွတ်ခဲ့တဲ့ အိမ်နေရင်းအင်္ကျီကို သားက သူ့ဘွားဘွား လျှော်မယ်ဆိုတာကို အလျှော်မခံပါဘူး။"
“ဘာဖြစ်လို့လဲ သားရဲ့။ ချွေးတွေနဲ့ ရွံစရာကြီး။"
“မေကြီးအင်္ကျီကို သားဖက်အိပ်တော့ မေကြီးကို အလွမ်းပြေတယ် ဖွားဖွားရဲ့။ မေကြီး သားဘေးမှာ ရှိတဲ့အတိုင်းပဲ။ မေကြီး ချွေးနံ့က ရွံဖို့မကောင်းဘူး ဖွားဖွားရဲ့။ ချစ်ဖို့ကောင်းတယ်။"
ကလေးငယ်တစ်ယောက်ရဲ့ ရင်တွင်းခံစားချက်က ကျွန်မကို အတွေးတွေပေးခဲ့တယ်။ ချွေးဆိုတဲ့အကြောင်းတရားနဲ့ အကျိုးသက်ရောက်မှုကို ကျွန်မ သိရှိခံစားရတဲ့အချိန်မှာတော့ ကျွန်မအသက် သုံးဆယ့်ရှစ်နှစ် ရှိပါပြီ။ ခုချိန်ထိ မေမေ့ခန္ဓာကိုယ်မှာ ချွေးတွေရွှဲတုန်း။ ကျွန်မခန္ဓာကိုယ်မှာလည်း ချွေးတွေ ရွှဲရွှဲစိုလျက်ပါ။"
ဆရာမ ဒီဝတ္ထုရေးခဲ့ချိန်တုန်းက ချွေးတွေပဲ ရွှဲရွှဲစိုခဲ့တာပါ။ အခုကတော့ ချွေးတွေရော သွေးတွေရော မျက်ရည်တွေပါ ဖြေမဆည်နိုင်။ “လမင်းပေးတဲ့နှစ်သိမ့်ဆု” ဝတ္ထုလေးကတော့ နှင်းပန်းအိမ်ရဲ့ ရှားရှားပါးပါး အချစ်ဝတ္ထုလို့ ဆိုရမလားပဲ။ ချစ်ဖို့ကောင်းတဲ့ အချစ်ဝတ္ထုလေးတပုဒ်ပါ။
နှင်းပန်းအိမ်ရဲ့ “လမင်းပေးတဲ့မျှော်လင့်ခြင်း” ဝတ္ထုတိုများစာအုပ်ကို Nay Than Book House က ၂၀၂၆ ခု၊ ဧပြီလမှာ ပထမအကြိမ် အုပ်ရေ ၅၀၀ ထုတ်ဝေဖြန့်ချိပြီး စာအုပ်တန်ဖိုးက ကျပ် ၁၅,၀၀၀။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar