Breaking News

မောင်လူမွှေး - ဝမ်းသာ ဝမ်းနည်း ညနေခင်း

မောင်လူမွှေး - ဝမ်းသာ ဝမ်းနည်း ညနေခင်း

မိုးမခ ၊ ဧပြီ ၂၄ ၊ ၂၀၂၆


မောင်လူမွှေးတစ်ယောက် ကဗျာဆရာမိသားစု၏ တောင်ယာတဲလေး တစ်တဲမှာ နားခိုခဲ့သည်။ ညနေပိုင်းတွင် တောင်ကျချောင်းရေကို အားရပါးရ ချိုးသည်။ ချောင်းဘေးထိ ယူလာသည့် ဓာတ်ဗူးထဲမှ ရေနွေးကြမ်းဖန်ဖန်ကို သောက်ရင်း တောင်တန်း၏ နေဝင်ချိန်ကို ငေးကြည့်မိသည်။ ရေရှားသည့်ဒေသတွင် နွေရာသီ တောင်ကျချောင်းလေးဘေး၌ ယခုကဲ့သို့ ရေချိုးခွင့်ရဖို့ဆိုသည်မှာ မလွယ်ကူလှသည်မဟုတ်လား။ နေလုံးက မေးတင်ထားသည့် တောင်တန်းကို ငေးနေရင်း၊ ညနေခင်းက မောင်လူမွှေးတို့ကို နှုတ်ဆက်ပြီး တောင်တန်းကြီးပေါ် တက်သွားသည့် လူငယ်ကဗျာဆရာလေး၏ နှုတ်ဆက်သံကို ပြန်လည်ကြားယောင်လာသည်။

"အစ်ကို... သွားတော့မယ်နော်" ဟု မောင်လူမွှေးကို နှုတ်ဆက်သည်။

"ရဲဘော်... သွားတော့မယ်နော်" ဟု သူနှင့်တစ်တပ်တည်း ရဲဘော်ရဲဘက်လည်းဖြစ်၊ ကဗျာရေးဖော်လည်းဖြစ်သည့် သူငယ်ချင်းကို နှုတ်ဆက်သည်။

နှုတ်ဆက်ပြီး တောင်တန်းကြီးဆီ ထွက်ခွာသွားသည့် လူငယ်ကဗျာဆရာလေးရော၊ ကျန်ရစ်ခဲ့သည့် လူငယ်ကဗျာဆရာလေးပါ မြို့တွင် မွေးဖွားကြီးပြင်းခဲ့ကြသည့် ကဗျာဆရာများ ဖြစ်ကြသည်။ လွန်ခဲ့သည့် ရှစ်နှစ်ခန့်က တောင်တန်းကြီးပေါ် တက်သွားသည့် လူငယ်ကဗျာဆရာလေးမှာ မောင်လူမွှေးနှင့် စတင်ဆုံတွေ့စဉ်က တကယ့်နုနုနယ်နယ် လူငယ်လေးသာ ရှိသေးသည်။ ယခုမူ သူသည် အသားအရောင်များ ညိုမှောင်ပြီး တကယ့်တော်လှန်ရေးသမားရုပ် ပေါက်နေလေပြီ။ ကျန်ရစ်ခဲ့သည့် ရဲဘော်ကဗျာဆရာလည်း ထိုနည်းတူပင်။

"ကျွန်တော်တို့မှာ ကဗျာဆိုတဲ့ ခံစားမှုကြီးက တော်လှန်ရေးကာလမှာ ပျောက်ဆုံးသွားတယ်ဗျာ။ ကဗျာဈာန်ဆိုတာထက် တော်လှန်ရေးဆိုတာပဲ ခေါင်းထဲမှာ ပေါ်နေတယ်" ဟု ကျန်ရစ်ခဲ့သည့် လူငယ်ကဗျာဆရာက ရင်ဖွင့်သည်။

လူငယ်ကဗျာဆရာ၊ လူငယ်တော်လှန်ရေးသမား၏ ရင်ဖွင့်သံကို မောင်လူမွှေး အပြည့်အဝ နားလည်ပါသည်။ စစ်အာဏာသိမ်းမှုကြောင့် ဆုံးရှုံးသွားရသည့်အရာများထဲတွင် အနုပညာဖန်တီးမှုများ၊ ဖန်တီးနိုင်စွမ်းနှင့် ဖန်တီးခွင့်များလည်း ပါဝင်နေသည်။ ဒီစာကို ရေးနေသည့် မောင်လူမွှေးကိုယ်တိုင်ပင်လျှင် တော်လှန်ရေးကာလ ငါးနှစ်တာအတွင်း ဖန်တီးမှုစာပေအဖြစ် ဝတ္ထုတိုတစ်ပုဒ်သာ ရေးသားနိုင်ခဲ့သည်။

တော်လှန်ရေးကာလ၏ အခက်အခဲများနှင့် မွန်းကြပ်မှုများသည် အစိုင်အခဲ ကြီးမားလွန်းလှသဖြင့် ယင်းတို့ကို အနုပညာတစ်ရပ်အဖြစ် ပြန်လည်ဖန်တီးနိုင်ရန်မှာ အချိန်များစွာ လိုအပ်ဦးမည်ဖြစ်သည်။

မောင်လူမွှေးသည် စကားပြေသမားတစ်ယောက် ဖြစ်သော်လည်း ကဗျာဆရာများနှင့် ပေါင်းသင်းဆက်ဆံမှု များပြားခဲ့သူဖြစ်သည်။ တော်လှန်ရေးကာလတွင် လူငယ်ကဗျာဆရာများသည် လက်နက်ကိုင် တော်လှန်ရေးသမားများ ဖြစ်လာကြသည်။ ထိုအတွက် မောင်လူမွှေး ဂုဏ်ယူမိသည်။

ယခုနှစ် နွေရာသီတွင် မောင်လူမွှေးအဖို့ ကဗျာဆရာများနှင့် ဆုံတွေ့ရခြင်းက စိတ်ဓာတ်ခွန်အားကို ပိုမိုပြည့်ဝစေသည်။ ပြည်သူများ ယုံကြည်ကိုးစားရသည့် တော်လှန်ရေးတပ်ဖွဲ့တစ်ခုကို တည်ထောင်ကာ ဦးဆောင်နေသည့် လူငယ်ကဗျာဆရာနှင့်လည်း မောင်လူမွှေး ဆုံတွေ့ခဲ့ရသည်။ ဗမာနိုင်ငံလုံးဆိုင်ရာ ကဗျာဆရာသမဂ္ဂကို ဦးဆောင်နေသည့် မောင်လူမွှေး၏ ညီတော်မောင် ကဗျာဆရာနှင့်လည်း ဆုံရသည်။ ယခုနှစ် နွေရာသီအတွင်း၌ ကဗျာဆရာ ခြောက်ယောက်နှင့် မောင်လူမွှေး ဆုံတွေ့ခွင့်ရခဲ့သည်။

"ရဲဘော်... သွားတော့မယ်နော်" ဆိုသည့် ညနေခင်း တောင်ပေါ်တက်သွားသော ကဗျာဆရာလေး၏ နှုတ်ဆက်သံမှာ မောင်လူမွှေး၏ နားထဲ၌ စွဲထင်နေဆဲဖြစ်သည်။ သူ "ရဲဘော်" ဟု ခေါ်ဝေါ်နှုတ်ဆက်သွားသူမှာ သူ၏ ရေးဖော်ရေးဖက် သူငယ်ချင်းပင် ဖြစ်သည်။ တော်လှန်ရေးထဲသို့သာ သူတို့ ရောက်မလာခဲ့ပါက အချင်းချင်း "မင်း၊ ငါ" နှင့် ရင်းရင်းနှီးနှီး ပြောဆိုနေကြမည့်သူများ ဖြစ်သည်။

ယခုမူ "ရဲဘော်" တဲ့။ မောင်လူမွှေး စိတ်ထဲတွင် လှိုက်ခနဲ ခံစားလိုက်ရသည်။ သူတို့သည် ပျော်ရွှင်ဖွယ်ကောင်းသော လူငယ်ဘဝကို စွန့်လွှတ်ခဲ့ကြပြီ။ လောကကြီးကို အရွဲ့တိုက်ခွင့်ရှိသည့် အခွင့်အရေးများကို ဆုံးရှုံးခဲ့ကြပြီ။ သမိုင်း၏ ခေါ်သံနောက်သို့ သူတို့ လိုက်ပါသွားကြပြီ ဖြစ်သည်။ သူတို့၏ ရင့်ကျက်မှုအတွက် ဝမ်းသာရသလို၊ သူတို့၏ ဆုံးရှုံးမှုများအတွက်လည်း မောင်လူမွှေး ဝမ်းနည်းမိသည်။ တောင်တန်းပေါ်တွင် ဝင်လုဆဲဆဲ နေလုံးမှာ တောက်ပလျက်ရှိသည်။ ဝမ်းသာဝမ်းနည်း ခံစားချက်များဖြင့် ညနေခင်းကို တောင်ကျချောင်းလေးဘေး၌ ရေနွေးကြမ်းဖန်ဖန် သောက်ရင်း မောင်လူမွှေးတစ်ယောက် ဖြတ်သန်းခဲ့ရပါတယ်ခင်ဗျာ။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar