Breaking News

လေးလေး - လှပါတယ် မသီတာ

လေးလေး - လှပါတယ် မသီတာ

မိုးမခ ၊ ဧပြီ ၂ ၊ ၂၀၂၆


ဝတ္ထု တိတိကျကျ ပြောရရင် လုံးချင်းဝတ္ထု မဖတ်ဖြစ်တာ နှစ် ၃၀ လောက်ရှိသွားပြီ။

ဟိုအရင် ကျောင်းသားဘဝက တရက်ကို လုံးချင်းဝတ္ထုတအုပ်နဲ့ မဂ္ဂဇင်းတစောင်က အသာလေး ဖတ်တယ်။ အခုတော့ လုံးချင်းဝတ္ထုတအုပ်ကို တရက်နဲ့ပြီးအောင် မနည်း အားစိုက်ဖတ်ရတယ်။

တလောက ငြိမ်းကျော်ဝတ္ထုတအုပ် ပြန်ဖတ်ဖြစ်ပြီး အခုတော့ မောင်ဝဏ္ဏရဲ့ “လှပါတယ်မသီတာ” ဆိုတဲ့ ဝတ္ထု ဖတ်ဖြစ်တယ်။ ဝတ္ထုတွေ ဖတ်ရတာ အတိတ်ကို ပြန်ရောက်သလို အရင် မြင်ဖူးတဲ့ မြင်ကွင်းတွေလည်း ပြန်မြင်ယောင်ပေါ့။

“လှပါတယ်မသီတာ” ဝတ္ထု က ၁၉၇၀ ကျော်ကာလ “မဆလ” ခေတ်က ဆရာဝန်ပေါက်စ နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလို့ ပြောရတယ်။ ဒါပေမဲ့ ဟိုအရင်ခေတ်က အချစ်ဇာတ်လမ်းတွေလို ချစ်ကြိုက် ကွဲညားလည်း မဟုတ်ပြန်ဘူး။

ဇာတ်ကောင်စရိုက်ကို အသားပေးဖွဲ့ထားတဲ့ ဝတ္တုဇာတ်လမ်းလို့ ပြောနိုင်ပြီး ၁၉၇၀ ကျော်ကာလက ဆရာဝန်ပေါက်စတွေရဲ့ ရုန်းကန်ရမှုတွေကို ဖွဲ့နွဲ့ထားတာလည်း ဖြစ်တယ်။ 

အောင်သော် ဆိုတဲ့ လူငယ်လေးက အစိုးရဝန်ထမ်း အရာရှိတဦးရဲ့သား၊ သူ့အမေက အိမ်ရှင်မ၊ ဝန်ထမ်းမိသားစုဆို တော့ ချောင်ချောင်လည်လည် မရှိ။ အောင်သော်က ငယ်ငယ်ကတည်းက စာတော်တယ်။ သူ့မိဘတွေက သူ့ကိုဆရာဝန်ဖြစ်စေချင်ကြတယ်။ သူကိုယ်တိုင်လည်း ဆရာဝန်ဖြစ်ချင်တယ်။ စာကြိုးစားတော့ သူ ဆေးကျောင်းတက်ခွင့်ရတယ်။

ဆေးကျောင်းတက်နေရင်းကပဲ မသီတာ နဲ့ ဆုံကြတယ်။ တရက် အောင်သော် မြို့ထဲထွက်လာရင်း လမ်းမှာ မိုးကြီးရွာတာနဲ့တိုးတယ်။ သူ့မှာ ထီး ပါမလာ (မောင်ဝဏ္ဏဇာတ်ကောင်တွေက ထီးဆောင်လေ့မရှိကြ)။ ဒါနဲ့ ဘတ်စ်ကားကို ဂိတ်ဆုံးထိစီးလိုက်ပြီး ဂိတ်ဆုံးရောက်တော့ အနားက ကားဂိတ်ထဲ ပြေးဝင်ပြီး မိုးခိုလိုက်တယ်။

မိုးကြားမှာပဲ သူနဲ့ မသီတာ စ တွေ့ခဲ့ကြပါတယ်။ တကျောင်းတည်းမို့ တယောက်နဲ့တယောက် မျက်မှန်းတန်းမိနေပေမယ့် မိတ်ဆွေတွေ မဟုတ်ကြသေး။ မောင်ဝဏ္ဏ ရေးဖွဲ့ထားတာက မသီတာလည်း သူ့လိုပဲလား မသိ၊ အဖော်မပါဘဲ တယောက်ထဲ မိုးမိနေစဉ် ကျောင်းနေဖက် မျက်မှန်တန်းမိနေသူနှင့် တွေ့၍ ဝမ်းသာသွားခြင်းလား။

လျှပ်ပြက်သည်။ အလင်းသည် အသံထက်မြန်၏။ ထို့ကြောင့် လျှပ်ပြက်ပြီး ပစ်လိုက်သော မိုးကြိုးရောင်က အရင် လက်သွား၏။ စက္ကန့်ပိုင်းမျှခြားပြီး အက်ကွဲစွာသော မိုးထစ်ချုန်းသံကြီးကို ကြားရ၏။ဆင်ဝင်အိုကြီးများ ယိမ်းထိုးသွားသလား ထင်ရသည်။

ဆိုးထားသော နှုတ်ခမ်းအနီသည် ရုတ်တရက် အပြာရောင် သန်းသွားလေသလားဟုပင် ထင်ရသည်။ မသီတာ၏ မျက်နှာသည် ထပ်ဆင့်ပစ်လိုက်သော လျှပ်ရောင်တွင် ပြာသွားသလို။ မသီတာသည် မိုးကြိုးကို လွန်စွာထိတ်တတ်သည်ထင့်။ မျက်စိကလေးမှိတ်လိုက်ခြင်းဖြင့် သူ့အကြောက်ကို ပြ၏။ သူ့ကိုယ်လုံးသည် တုန်သွားအံ့ ဖြစ်၏။ လက်မောင်းရင်းထိပေါ်သော အင်္ကျီလက်ပြတ်ကလေး ဝတ်ထားသည်ကို အောင်သော် သတိထားလိုက်မိသည်။ ရေမှုန်ရေမွှားတို့သည် ဆင်ဝင်အောက်ဆီသို့ ပြန်လွင့်ပြေးလာနေသည်။ ရေမွှားကလေးများလေတွင် လွင့်လာသည်ကိုပင် မြင်နေရ၏။

မသီတာ၏ လက်မောင်းအိုးပေါ်တွင် ရေမှုန်ကလေးတွေ ကျနေသည်။

အောင်သော် မသီတာ အနီးသို့ ရောက်နေပြီ။ မသီတာက အောင်သော့်ကို တချက်ကလေးမျှ ကြည့်ပြီး ရဲရဲပြုံး၏။

“ကျနော် ဘာကူညီရမလဲ မသီတာ

ဇာတ်လမ်းက အဲဒီမှာစတယ်။ မသီတာက မြစ်ဝကျွန်းပေါ်ပြန်တဲ့ သူ့မိခင်ဖြစ်သူကို လိုက်ပို့ပြီးအပြန် မိုးမိနေခြင်း။ ထိုနေ့က လေးဘီးကားလေးငှားပြီး မသီတာ နေထိုင်ရာအဆောင်ကို အောင်သော် လိုက်ပို့ဖြစ်သည်။

နောင်တော့ သူတို့နှစ်ဦး ချစ်သူတွေ ဖြစ်သွားကြသည်။ ဆေးကျောင်းပြီးတော့ အောင်သော်က ဂျီပီ လို့ခေါ်တဲ့ ဆေးခန်းထိုင်သည်။ ပထမတော့ ရန်ကုန်မြို့ပေါ်၊ ဆရာဝန်ပေါက်စ တက်တက်ကြွကြွလည်း မရှိတော့ သူ့ဆေးခန်း လူနာ သိပ်မလာ။

ဒါနဲ့ လေးထောင့်ကန်က သုံးခွ ဆိုတဲ့ရွာမှာ ဆေးခန်းသွားထိုင်။ သူတို့ခေတ်က ဆေးဝါးကလည်း ရှားတယ်။

အဲဒီခေတ်က တောမှာ ဆေးခန်းထိုင်နေတဲ့ အောင်သော် လဟာပြင်သွားပြီး ဆေးဝယ်ရတယ်။

လဟာပြင် ဆိုတာ အနော်ရထာလမ်းနဲ့ လသာလမ်းထောင့်မှာ တည်ရှိပြီး အရင်က ဆေးရောင်းတဲ့ အဓိကနေရာ၊ နောင်တော့ ဆေးဆိုင်တွေ ဗိုလ်ချုပ်ဈေးသစ်ထဲ ရောက်သွားတယ်။

အောင်သော် သုံးခွမှာ ဆေးခန်း သွားထိုင်နေချိန်က သူနဲ့ မသီတာတို့ လမ်းခွဲလိုက်ကြပြီး အကြောင်းရင်းက မသီတာက အောင်သော့်ကို ဘွဲ့လွန်ဆေးပညာတက်ပြီး အထူးကုဆရာဝန်ကြီး ဖြစ်စေချင်။

အောင်သော်က သူ့မိသားစုကို သူ့ ဆေးခန်းထိုင်တဲ့ဝင်ငွေနဲ့ အလုပ်အကျွေးပြုနေရပြီဆိုတော့ ဆေးခန်း မထိုင်လို့က မဖြစ်။ သူတို့ မိုးရေထဲမှာပဲ လမ်းခွဲ ခဲ့ကြတာပါ။

“လှပါတယ် မသီတာ” လုံးချင်းဝတ္တုထဲမှာ အချစ်ခန်းက ဒီလောက်ပဲ ပါတယ်။

ကျန်တာ အောင်သော် ဆေးခန်းသွားထိုင်တဲ့ လေးထောင့်ကန်က သုံးခွရွာအကြောင်း၊ သူ ကုပေးနေတဲ့ လူနာတွေအကြောင်း၊ လိုင်းကားဆရာ၊ ကားစပယ်ယာ၊ မြင်းလှည်းဆရာ စတဲ့သူတွေအကြောင်းက များတယ်။

လိုင်းကားဆရာ စရိုက်က အစ သူ ပီပြင်အောင် ဖွဲ့နွဲ့ပြခဲ့တယ်။

တခါသား ရွာက သူ ကုပေးနေကျ အမျိုးသမီးလေး အောင့်တယ်ဆိုပြီး အော်နေလို့ သူ လိုက်သွားပြီး ကြည့်တော့ အူအတက်ရောင်နေတာ။ ဆေးရုံအမြန်ပို့ပြီး ခွဲရမယ်။ သူက လူနာနဲ့အတူ မြင်းလှည်းနဲ့ လိုင်းကားဂိတ် ရောက်တယ်။ ကားစပယ်ယာက ဆရာ အရေးကြီးလားဟု မေးတယ်။

အေးကွ၊ ကိုခင်ဇော်ကော ဒရိုင်ဘာကို မေး၏။

ဟိုမှာလေ ကိုခင်ဇော် ကွမ်းယာဆိုင်မှာ ကွမ်းဝယ်နေသည်။ အောင်သော်က လှမ်းခေါ်လိုက်သည်။

“ဗျို့ ကိုခင်ဇော်၊ မြန်မြန်ဗျာ လူနာ အရေးကြီးနေလို့”

ကိုခင်ဇော်က ကွမ်းတယာကို ပါးစောင်ထဲထည့်ရင်း “မရှိလို့လုပ်စားတာ ဖြည်းဖြည်းပေါ့ ဆရာရဲ့” ဟု ဘူးလုံး နားမထွင်း ပြောသည်။

“လုပ်ပါဟ တကယ်အရေးကြီးနေတာ”

“ဟဲ့ ခင်ဇော်၊ သေနာရဲ့၊ ဒီမှာ မသီတာ ဆေးရုံတင်ရမှာမို့ နင့်ကို ပြောနေတာ”

(ဒီ မသီတာက ရွာက အောင်သော် ကုပေးနေတဲ့သူပါ)

“ဟုတ်လား လာပါပြီဗျာ၊ ဂျက်နှုန်းနဲ့မောင်းပေးပါ့မယ်”

ပြောမည့်သာ ပြောသည်။ လူကတော့ အေးအေးမှန်မှန် လျှောက်လာ၏။ မြင်းလှည်းကားနားသို့ ထိုးဆိုက်ပြီး မသီတာကို ပွေ့တင်ကတည်းက ဆေးရုံပဲဆိုတာ သူ သိပါသည်။ မသီတာတို့က စားနိုင် သောက်နိုင်ထဲက ဆိုတော့ ကားခတောင်းလို့ ကောင်းသည်။ တခုပဲ၊ ဘာဖြစ်ဖြစ် ဈေးဆစ်တတ်သည့် သူ့အဒေါ်အပျိုကြီး လက်ပေါက်ကပ်နေမှာ စိုးရသည်။ ကားရှေ့ပိုင်းတွင် မသီတာကို နေရာချထားပေး၏။

“ကားခတော့ ခင်ဗျားတို့ ပိုပေးရမှာဗျ”

အောင်သော် မနေနိုင်တော့။

“ကိုခင်ဇော် တကယ်အရေးကြီးနေတာဗျ၊ ကားခ ခင်ဗျား လိုသလောက် သူတို့ ပေးလိမ့်မယ်၊ မပေးရင် ကျနော် ပေးမယ်ဗျာ”

“တကယ်လား ဆရာ၊ လေပုပ်ထုတ်ဆေး ရမလား”

“ဟာ ခင်ဗျားအရေးထဲ နောက်မနေနဲ့”

“မဟုတ်ပါဘူး တကယ်အရေးကြီးတာလားလို့ မေးတာပါ။”

“အချိန်မီ မရောက်ရင် သေသွားနိုင်တယ်”

“ဟား မချောင်ပါလား”

ကိုခင်ဇော်ကတော့ အေးအေးပင်။ ကားပေါ် ဒရိုင်ဘာအခန်းကို တက်လိုက်၏။

မောင်ဝဏ္ဏ ဖွဲ့ပြသွားတဲ့ လူ့စရိုက်တွေ ဖြစ်သည်။ ဒါကြောင့်ပင် ထိုစဉ်က မလိခ ရဲ့ မြန်မာဝတ္ထုအညွှန်းမှာ ခုလို ဒီဝတ္ထုကို ခုလို ကောက်ချက်ချသွားတယ်။

ဝတ္ထုတပုဒ်လုံး ဇာတ်လမ်းသည် အစဉ်အလာရေးဖွဲ့နည်း ဝတ္ထုမျိုး မဟုတ်ပါ။ ချစ်ကြိုက်ကွဲလွမ်းညား ပုံသေနည်းလည်း မဟုတ်ပါ။ ဇာတ်လမ်းအဖွဲ့ဝတ္ထုမျိုးလည်း မဟုတ်ပါ။ ဇာတ်လမ်းအဖွဲ့  ဆန်းပြားရသည်မှာလည်း စရိုက်ကွဲဇာတ်ဆောင် အများအပြားကို သုံးစွဲထား၍ ဖြစ်သည်ဟု ဆိုရပါမည်။

ကျနော် ဖတ်ရတဲ့ မောင်ဝဏ္ဏရဲ့ “လှပါတယ် မသီတာ” ဝတ္ထုကို စိတ်ကူးချိုချိုစာပေက ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလမှာ စတုတ္ထအကြိမ် ထုတ်ဝေတာဖြစ်ပြီး စာအုပ်တန်ဖိုးက ကျပ် ၁,၁၀၀၀ ဖြစ်တယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar