Breaking News

ဖလော်ဒါဟန် - ခေတ်နဲ့စနစ်က ဝါးမျိုလိုက်တဲ့ ပညာရေးနှင့် ပြည်သူတို့ဘဝ



ဖလော်ဒါဟန် - ခေတ်နဲ့စနစ်က ဝါးမျိုလိုက်တဲ့ ပညာရေးနှင့် ပြည်သူတို့ဘဝ

မိုးမခ ၊ မေ ၉ ၊ ၂၀၂၆


ဆီ ၅၀ သားဘူးကို ကိုင်ပြီး ဈေးဝယ်ပြန်လာတဲ့ ဒေါ်အမရစု တစ်ယောက် ဂျပုလက်ထက်ရောက်မှ ဆီတစ်ပိဿာ ၂၂,၀၀၀ ကျပ်ဈေးနဲ့ ဝယ်စားနေရတယ်။ ပွစိပွစိနဲ့ ပြောနေတဲ့ ဒေါ်အမရစုတစ်ယောက်ရဲ့စကားက ပြည်သူတစ်ယောက်ရဲ့ အသံပါ။

ဒီထက်ဆိုးတာက သားသည်အမေတစ်ယောက်က မမိုးရင်ဆီ လပေးအကြွေး၊ ဆီဖိုးလေး လာပေးရင်း Grade 8 ကျောင်းသားတစ်ယောက်ရဲ့ တစ်လ ကျူရှင်စရိတ် ၇၀,၀၀၀ ကျပ် ပေးပြီး ကျောင်းသားတစ်ယောက်ဘဝကို အသက်ဆက်ရမယ် ဆိုပြန်သေး။ ကျောင်းက မဖွင့်သေးပါ။ ကျူရှင်တွေ ပလူပျံနေကြပြီ။

ဘယ်ကျောင်းကတော့ အသင်အပြကောင်းတယ်ဆိုတဲ့ သတင်း၊ ဘယ်ဆရာ၊ ဆရာမကတော့ ကျောင်းသားတွေကို တတ်အောင်သင်ပေးနေတယ်ဆိုတဲ့ လူတစ်ယောက်ရဲ့ အရည်အချင်းနဲ့ တန်ဖိုးဆိုတာတွေ မကြားမိတာတော့ အမှန်ပါ။

ဒါထက် မမိုးရင်တစ်ယောက် ကျန်းမာရေးဘက် လှမ်းကြည့်လိုက်တော့လည်း မပြည့်စုံတဲ့ဆေးရုံတွေမှာ ဆရာ၊ ဆရာမတွေ အင်အားကလွဲလို့ ကျန်းမာရေး အထောက်အပံ့နဲ့ အထောက်အကူပြုမှုကလည်း ရှားမှရှားဆိုသလိုပါပဲ။

စီးပွားဘက် ကြည့်ပြန်တော့လည်း တက်ပြီး မကျတဲ့အပြင် ဆက်တက်ဖို့ပဲရှိတယ်ဆိုတဲ့ ဈေးသည်ရဲ့ ပြောဆိုသံများက မိုးရင်တို့ဘဝတွေ အားပျက်ရတာ အမှန်ပါ။

တစ်နေ့ကမှ ၁,၀၀၀ ကျပ်ဖိုး ကြက်ခြေထောက် ၄ ချောင်း ရသေးသည်၊ ဒီကနေ့ မိုးရင် ဝယ်တာ ၃ ချောင်းပဲ ရပါတော့တယ်။

မအလကလည်း တစ်နေ့တစ်နေ့ ဟိုလူ့ အပြစ်တင်လိုက်၊ ဒီလူ့အပြစ်တင်လိုက်နဲ့ အောက်ခြေမှာ 'သောက်ဂျပုလက်ထက်' ဆိုတဲ့စကားက ပြည်သူတွေ ပါးစပ်ဖျားမှာ ရေပန်းစားလို့ပါပဲ။

ပြည်သူကလည်း ဆင်းရဲဒုက္ခအမျိုးစုံအောက်မှာ အခက်အခဲအမျိုးမျိုးကြောင့် မအလကို ဆဲဆိုမြည်တမ်းနေကြလိုက်တာဆို တစ်ခေတ်တစ်ခါ မှတ်တမ်းတင်ပေးသူများက ပြည်သူတွေပါ။

မအလ ဆိုသည်မှာ သမ္မတဖြစ်ပေမဲ့လည်း‌ သူ့ကိုယ်သူတောင် အရှက်နဲ့သိက္ခာပြပါဆို အများရှေ့ တိုက်ပုံ၊ ပုဆိုး ဝတ်ထားလို့တော်တော့သည်။

'သမ္မတ' ဟူသည့် ကင်ပွန်းတပ်ထားတာမှအပ အသိအမှတ်ပြုသူဆိုတာတွေကလည်း လက်တစ်ဖက်စာမရှိသည့် အခြေအနေမှာ နေ့စဉ်နေ့တိုင်း ဟိုအစိုးရ အပြစ်တင်၊ ဟိုနိုင်ငံ အပြစ်တင်နဲ့ ပြည်သူ ဆိုတာကိုလည်း သူ့ပါးစပ်ဖျားမှာ ရစရာမရှိအောင် အပြစ်တင်သည့်အလုပ်ကို လုပ်မြဲလုပ်ဆဲပင်။

ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ စိတ်ဓာတ်ဆိုတာ အပြုအမူထက် ကောက်ကျစ်ယုတ်မာတဲ့စိတ်က ထပ်ဆောင်းခဲ့လျက် ပြည်သူတွေဘဝသည် ကျရှုံးမှု ဘဝမျိုးစုံ‌အောက်မှာ အသက်ရှင်သန်ကြရသည်။ ပြည်သူများသည် နှစ် ဆယ်ချီလို့ ထိုထိုဘဝများကို ဖြတ်သန်းခဲ့ရတာကြောင့် ကျင့်သားရနေကြပါပြီ။

နောက်ဆုံးတော့ သမ္မတ‌ဟူသည့်ဂုဏ်ပုဒ်ကို လုယူကြပြီး‌ ပြည်သူကိုပေးသည့် ကတိမျိုးစုံအောက်မှာ မျက်နှာဖုံးခွာချလျက် လက်‌တွေ့မှာ‌တော့ မိမိနိုင်ငံသားများကို ရက်စက်စွာ အနိုင်ကျင့်သည့် စနစ်ဆိုးတစ်ခုကို လက်ကိုင်တုတ်သဖွယ် ဝှေ့ယမ်းကြတာပါပဲ။

ပြည်သူက မိမိတို့အလုပ်ကို လုပ်ကိုင်‌ နေထိုင်စား‌သောက်ကြပြီး အာဏာရှင်ကလည်း အာဏာရှင်အလုပ်ကို လုပ်ကြတာပါပဲ။ ပြည်သူတွေ မျိုချခဲ့ရတဲ့ အနှိပ်စက်ခံဘဝကြီး လူငယ်များအထိ လက်ဆင့်ကမ်းခဲ့ပါပြီ။

တစ်ဖက်မှာလည်း အချို့‌သော အမည်ခံဝန်ထမ်းများက အုပ်ချုပ်သူပြယုဂ်နဲ့‌ လျော်ညီတဲ့‌စနစ်‌အောက်မှာ ပြည်သူထံမှ ငွေကြေးဥစ္စာပစ္စည်းများကို ပေါ်ပေါ်ထင်ထင်‌ တောင်းစား‌နေသူ‌တွေ အများကြီးပါ။

မြို့ကြီးပြကြီး လမ်းမပေါ်မှာဆို‌ တောက်တောက်ပြောင် တောင်းစားနေတဲ့ ယူနီဖောင်းဝတ်တွေ ရှိသလို အသက်အရွယ်မျိုးစုံအလိုက် သူတောင်းစား ဆိုသည့် အမည်ခံများလည်း ရှိကြပါတယ်။ ယနေ့အချိန် မြို့ပြင်၊ မြို့လယ် မီးပွိုင့်တွေမှာ အပြိုင်းအရိုင်းပါပဲ။

မိုးရင်တို့ဆိုတာ တောကနေ မြို့တက်ဖို့ မလွယ်လှပါဘူး။ နို့ပေမဲ့ တစ်ခါတရံတော့ မဖြစ်မနေသွားရမဲ့ အရေးကိစ္စမျိုး ကြုံလာရင် စက်ဘီးတစ်တန်၊ လိုင်းကားတစ်တန်နဲ့ သွားရတာမျိုးပါ။ ယနေ့အချိန်အထိ ဂက်စ်ကားတွေ ရှိနေသေးလို့ မိုးရင်တို့လို လူတန်းစား ဈေးသည်ဈေးဝယ်တွေအတွက် တော်သေး ဆိုရမလားပဲ။

အခုဆို ကျောင်းတွေလည်း ဖွင့်ချိန်နီးလာပါပြီ။ မိဘတွေရဲ့‌ စေတနာ မေတ္တာ ဆိုသည်ထက် အ‌တွေးမှား၊ ခံယူချက် မမှန်ကန်မှုများ‌ကြောင့် ပညာရေးသည်‌ မှေးမှိန်လာခဲ့သည်။ ကလေးငယ်များကို ပညာရေးနှင့်ပတ်သက်လို့ ချုပ်ချယ်မှုသည် တစ်နှစ်ထက်တစ်နှစ် ပီပြင်လာကြသည်။

ဒါထက်ဆိုးတာက ကျောင်းမှ ဆရာ၊ ဆရာမများ ဖြစ်သည်။ အမည်ခံပညာရေးဖြင့် ပညာနှင့်ပတ်သက်လို့ အသုံးချသည်ဆိုသည်ထက် ကျောင်းသား၊ ကျောင်းသူများ၏ ဘဝကို အသုံးချတော့မည် ဖြစ်သည်။

ပြည်သူ့အစိုးရလက်ထက်မှာ ပြုပြင်ပြောင်းလဲခဲ့သည့် အဆင့်မြင့်ပညာရေးစနစ်ကြီးသည် အာဏာရှင်‌စနစ် စစ်ကျွန်ပညာရေးလက်အောက်မှာ တဖြည်းဖြည်းနဲ့ ပျက်စီးသွားမည်ဖြစ်သည်။ နောက်ဆုံး အရေအတွက်တွေသာ များပြားလာပြီး အရည်အချင်းနှင့် ပညာ၏ အနှစ်အရသာများသည်‌ ပေါ့ပျက်ပျက် ဖြစ်လာမည် ဖြစ်သည်။

တိုင်းပြည်ရဲ့ အနာဂတ်သည် လူငယ်များ ဖြစ်သည်။

မိုးရင်တို့ ဝန်းကျင်မှာရှိတဲ့ ကလေးများကို မိမိတို့ တတ်နိုင်သည့် ပညာခွန်အားတွေနဲ့ ပြုစုပျိုး‌ထောင်ခြင်းဖြင့် ပန်းကလေးတိုင်း ပွင့်နိုင်ဖို့‌ ကျောင်းသားလူငယ်များ၏ ဘဝကို ပြုစုပျိုးထောင်ကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။


ဖလော်ဒါဟန်

၉.၅.၂၀၂၆



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar