မြန်မာ့နိုင်ငံရေး နဲ့ စစ်ရေး အနေအထား၊ မဟာဗျူဟာ
မြန်မာနွေဦးခရိုနီကယ် - မေ ၂ မြင်ကွင်း
(မိုးမခ) မေ ၃ ၊ ၂၀၂၆
မြန်မာ့နိုင်ငံရေး နဲ့ စစ်ရေး အနေအထား၊ မဟာဗျူဟာ
၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း ဖြစ်တဲ့ ၂၀၂၄ ခုနှစ် ဇွန်လကနေ ၂၀၂၄ ခုနှစ်ကုန်ပိုင်းအထိကာလက တော်လှန်ရေး လက်နက်ကိုင် အင်အားစုတွေအဖို့ နယ်မြေထိန်းချုပ်မှုအားဖြင့် သော်လည်းကောင်း၊ ရန်သူ အာဏာသိမ်းစစ်တပ်ကို ထိုးစစ်ဆင်နိုင်မှုအားဖြင့်သော် လည်းကောင်း အမြင့်ဆုံး အနေအထားမှာ ရှိခဲ့တဲ့ကာလတွေလို့ ဆိုနိုင်ပါတယ်။
စစ်ရေးအရ အောင်မြင်မှု အမြင့်မားဆုံးကာလ၊ အာဏာသိမ်းစစ်တပ်ဘက်က တပ်မှူးတွေနဲ့ တပ်ဖွဲ့ဝင်တွေ စိတ်ဓာတ်အားဖြင့် ပျက်ပြားနေခဲ့တဲ့ ကာလလို့ ဆိုနိုင်ပါလိမ့်မယ်။
ရှမ်းပြည်နယ် မြောက်ပိုင်း၊ ရခိုင်ပြည်နယ်တို့မှာ အာဏာသိမ်းစစ်တပ်ဖွဲ့ဝင် ရာဂဏန်းကနေ ထောင်ဂဏန်းလောက်ထိ လက်နက်ချ အညံ့ခံခဲ့ကြတဲ့ ကာလ၊ အမြင့်ဆုံး ရာထူးအနေနဲ့ ဗိုလ်မှူးချုပ်အဆင့်ထိ လက်နက်ချရာမှာ ပါဝင်ခဲ့တဲ့ ကာလတွေလည်း ဖြစ်ပါတယ်။ တော်လှန်ရေး လက်နက်ကိုင်အင်အားစုတွေဘက်က စစ်လက်နက်နဲ့ တပ်ဖွဲ့ဝင် အင်အားအပြည့်နဲ့ ဖိထားနိုင်ခဲ့သလို တော်လှန်ရေးလက်နက်ကိုင် တပ်ဖွဲ့တွေ အကြားမှာလည်း သဘောထားကွဲလွဲမှု၊ အကျိုးစီးပွား ထိပ်တိုက်တိုးမှု၊ နယ်မြေပိုင်ဆိုင်မှုတွေနဲ့ပတ်သက်ပြီး ပဋိပက္ခတွေ ပွတ်တိုက်မှုတွေ ဘာမှ မရှိခဲ့တဲ့ကာလလည်း ဖြစ်ပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ စစ်ရေး နိုင်ငံရေး အောင်မြင်မှု အမြင့်ဆုံးကာလလို့ ဆိုနိုင်ပါလိမ့်မယ်။
ဒီအနေအထားကနေ နှစ်ဖက် အပစ်ရပ် သဘောတူညီမှုတွေ၊ သိမ်းယူထားတဲ့ မြို့အချို့ ပြန်လည်လွှဲပြောင်းပေးဖို့ သဘောတူညီမှုနဲ့ မဟာမိတ်တပ်ဖွဲ့တွေအကြား နယ်မြေထိန်းချုပ်မှု၊ အခွန်အကောက် ကောက်ခံခွင့်နဲ့ တပ်သားသစ် စုဆောင်းမှုတွေအပေါ် အခြေခံပြီး ပွတ်တိုက်မှုနဲ့ အငြင်းအခုံဖြစ်မှုတွေ စတင်ပေါ်ထွက်လာခဲ့ကြတာလည်း တွေ့ရပါတယ်။
အာဏာသိမ်းစစ်တပ် ဘက်ကတော့ ၂၀၂၄ နှစ်ကုန်ပိုင်းက စလို့ ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲတွေအတွင်း ၄င်းတို့ဘက်က အားနည်းချက်တွေကို ပြန်သုံးသပ်ကာ တိုက်ခိုက်မှု နည်းစနစ်၊ ဒရုန်းနည်းပညာ အစရှိတဲ့ လိုအပ်ချက်တွေကို အမြန်ဆုံး ပြင်ဆင်ဖို့ ကြိုးစားလာတာတွေ့ မြင်ကြရပါတယ်။
ဒီနေရာမှာ တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍကိုလည်း ဆွေးနွေးကြရမှာ ဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း စတင်ပြီး ၂ လကျော် ၃ လ ခန့်အကြာ သြဂုတ်လမှာ တရုတ်နိုင်ငံခြားရေး ဝန်ကြီး နေပြည်တော်ခရီးစဥ် လာရောက်တာ၊ သြဂုတ်လ နောက်ဆုံးပတ်မှာပဲ ဝ ပြည်သွေးစည်းညီညွတ်ရေး ပါတီ/တပ်ဖွဲ့နဲ့ တရုတ်အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် တို့ တွေ့ဆုံပြီး မြန်မာနိုင်ငံထဲက တရုတ်နယ်စပ်မှာ အခြေပြုကြတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ ပတ်သက်တဲ့ ၄င်းတို့ရဲ့ မူဝါဒ သဘောထားတွေကို အသိပေးပြောဆိုတဲ့ အစည်းအဝေးတွေ လုပ်ဆောင်ခဲ့ပြီး ၂၀၂၄ ခုနှစ် အကုန် ၂၀၂၅ ခုနှစ် စခါစ ဇန်နဝါရီလမှာ MNDAA နဲ့ စစ်ကောင်စီတပ်တို့ အပစ်ရပ်သဘောတူညီချက် ရခဲ့တာ ဖြစ်ပါတယ်။
ဒီအဖြစ်အပျက်တွေကို ကြည့်ပြီး မြန်မာနိုင်ငံတွင်းက စစ်ရေး နိုင်ငံရေး အဖြစ်အပျက်တွေအပေါ် တရုတ်နိုင်ငံရဲ့ သြဇာလွှမ်းမိုးမှုနဲ့ ပတ်သက်လို့လည်း အချို့က ရာနှုန်းအားဖြင့် မြင့်မြင့်မားမား ရှိတယ်လို့ မှတ်ယူကြသလို အချို့ကတော့ ပမာဏ တခုရှိတဲ့ အချက်ကို အသိအမှတ်ပြုပေမယ့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ကိုယ်၌ရဲ့ ရပ်တည်ချက်၊ အကျိုးစီးပွားဆိုင်ရာ အနေအထားတွေကိုလည်း ထည့်သွင်းစဥ်းစားဖို့ လိုတယ်လို့ ယူဆကြတာလည်း တွေ့ရပါတယ်။ ဆိုလိုတာက တရုတ်ရဲ့ လွှမ်းမိုးမှုကိုအပေါ် လုံးလုံးပုံချပြီး မိမိတို့ တပ်ဖွဲ့တွေရဲ့ ရပ်တည်ချက်၊ မူဝါဒတွေအပေါ် အာရုံမစိုက်အောင် ရှောင်လွှဲတာမျိုး မဖြစ်စေဖို့လည်း သတိပြုဖို့ ထောက်ပြကြတဲ့ သဘောဖြစ်ပါတယ်။
ဒါက တရုတ်နိုင်ငံရဲ့ သြဇာလွှမ်းမိုးမှုနဲ့ ဆိုင်တဲ့အချက်ဖြစ်ပြီး အဆိုပါအချက်ကို ဒီနေရာမှာ ခဏထားပြီး ပြည်တွင်းက တော်လှန်ရေး လက်နက်ကိုင် အင်အားစုတွေ အနေနဲ့ စစ်ရေးအောင်မြင်မှု အမြင့်ဆုံး အချိန်ကို ကျော်လွန်လာခဲ့ပြီးနောက် နောက်အလားတူ တော်လှန်ရေး ရေချိန် အမြင့်ဆုံး အနေအထားပြန်ရောက်နိုင်ဖို့ ဘယ်လို လုပ်ဆောင်ကြရမလဲ။ သို့မဟုတ် လက်ရှိ အနေအထားကနေ ပိုပြီးမဆုံးရှုံးသွားရအောင် ဘယ်လိုကာကွယ်ကြမလဲ ဆိုတဲ့ အချက်တွေနဲ့ ပတ်သက်လို့လည်း မြန်မြန်ဆန်ဆန် ပြင်ဆင်လုပ်ဆောင်ကြရမယ့် အနေအထား ဖြစ်ပါတယ်။
အထက်က ပြောခဲ့သလို အာဏာသိမ်းစစ်တပ်အနေနဲ့ ၁၀၂၇ စစ်ဆင်ရေး အရှိန်မြင့်တဲ့ကာလကစပြီး အခြေအနေနဲ့ လိုက်ဖက်အောင် ပြုပြင်မှုတွေ နည်းအမျိုးမျိုးသုံးပြီး ပြန်လည်ကြိုးစားလာနေတာ ထင်ရှားပါတယ်။
၂၀၂၅ ခုနှစ်ထဲမှာပဲ ရှမ်းမြောက်က အရေးပါတဲ့မြို့အချို့ကို ပြန်လည် သိမ်းယူနိုင်ခဲ့တာတွေ့ကြရမှာ ဖြစ်ပါတယ်။ တောင်းခမ်းမှာ နှစ်ပေါက်အောင် နှစ်ဖက်ရင်ဆိုင်တိုက်ခိုက်နေကြရာက ၂၀၂၅ ခုနှစ်အစပိုင်းမှာတော့ တောင်းခမ်းကနေ တဖြည်းဖြည်း အရှေ့မြောက်ဘက်ကို တဖြည်းဖြည်း ရှေ့တိုးလာနိုင်ခဲ့ပါတယ်။ နောင်ချို၊ ကျောက်မဲ၊ သီပေါ ၃ မြို့ကို သိမ်းပိုက်လာနိုင်ခဲ့တာ တွေ့ရပါတယ်။ အဲဒီနောက် ၂၀၂၅ အောက်တိုဘာလမှတော့ TNLA နဲ့ အပစ်ရပ်သဘောတူညီချက် ယူခဲ့ပြီးနောက် မိုးကုတ်နဲ့ မိုးမိတ်ကို ပြန်လည်လွှဲပြောင်း ရရှိခဲ့ပါတယ်။ မိုးကုတ် မိုးမိတ်ကို ပြန်လည်ရရှိခြင်း TNLA နဲ့ အပစ်ရပ် ခဲ့တဲ့နောက် TNLA နဲ့ မဟာမိတ်အဖြစ် ပူးပေါင်းတိုက်ခိုက်နေတဲ့ MDY-PDF အဖွဲ့အနေနဲ့ သီးခြားရပ်တည်လာရတဲ့ အနေအထားမှာ အာဏာသိမ်းစစ်တပ် အနေနဲ့ အဲဒီအခွင့်အရေးကို အမိအရ ရယူကာ ဧရာဝတီမြစ် အရှေ့ဘက် မန္တလေးတိုင်း နဲ့ ရှမ်းမြောက်ဘက်ကို ဆက်သွယ်ထားတဲ့ ကားလမ်း တလျှောက်ကို ပြန်လည်သိမ်းယူဖို့ ကြိုးစားလာခဲ့တာ ပါ။
မြစ်အရှေ့ခြမ်း မန္တလေး-မိုးကုတ် ကားလမ်းပိုင်းကို တစတစ သိမ်းယူနိုင်ခြင်းက တော်လှန်ရေးလက်နက်ကိုင် အင်အားစုတွေအတွက် မဟာဗျူဟာ လမ်းကြောင်းတခု၊ အရေးကြီးတဲ့ ဆက်သွယ်ရေးလမ်းကြောင်းတခု လက်လွှတ်ရတဲ့ သဘောလည်း ဖြစ်ပါတယ်။
ရှမ်းမြောက်ဒေသကနေ စစ်ကိုင်းတိုင်းကို သွားချင်ရင် ဖြစ်စေ၊ စစ်ကိုင်းတိုင်းကို ဖြတ်ပြီး ယော၊ ဂန့်ဂေါကိုဖြတ်ပြီး ချင်းပြည်နယ် မြို့တွေကို သွားလိုတာ ဖြစ်စေ ဒိထက်ပိုပြီး မြန်မာနိုင်ငံ အနောက်ခြမ်း ရခိုင်ပြည်နယ် မြောက်ပိုင်းကို သွားလိုတဲ့အခါ ဖြစ်စေ အရှေ့ကနေ အနောက်ကို ဖြတ်တဲ့ လမ်းကြောင်းအတွက် ဧရာဝတီမြစ်ရှေ့ခြမ်း လမ်းကြောင်းက မဟာဗျူဟာအရ အရေးပါတာလည်း ဖြစ်ပါတယ်။
အခု ၂၀၂၆ ခုနှစ် ဧပြီလ ရောက်ချိန်မှာ မန္တလေး-မိုးကုတ်ကားလမ်းပေါ်က မြို့တွေ ဖြစ်တဲ့ မတ္တရာ၊ သပိတ်ကျဥ်း၊ စဥ့်ကူး၊ တကောင်း၊ စတဲ့မြို့တွေ အားလုံးကို အာဏာသိမ်းစစ်တပ်က သိမ်းယူနိုင်ခဲ့တာတွေ့ရပါတယ်။
အဲဒီနောက် မြန်မာနိုင်ငံ အနောက်ဘက်ခြမ်း ဖြစ်တဲ့ ချင်း၊ ရခိုင်ဒေသနဲ့ မြန်မာနိုင်ငံ အလယ်ပိုင်း၊ တောင်ပိုင်းဒေသတွေကို ဆက်သွယ်ထားတဲ့ လမ်းကြောင်းတွေကို ဖြတ်တောက်ဖို့ မဟာဗျူဟာအရ လုပ်ဆောင်လာတာ တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။ ချင်းပြည်နယ် တောင်ပိုင်းကတဆင့် ရခိုင်ပြည်နယ်ကို ဆက်သွယ်ပို့ဆောင်နေတဲ့ လမ်းကြောင်းတွေကို ပိတ်ဆို့ဖို့ ကြိုးစားလာတဲ့ လက္ခဏာတွေ ထင်ရှားလာပါတယ်။ မင်းတပ်ကို ဆက်သွယ်ထားတဲ့ ကားလမ်းပေါ်က ကံကြီးရွာကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အာဏာသိမ်းစစ်တပ်က ဝင်ရောက်နေရာယူလိုက်တာ တွေ့ရပါတယ်။ အလားတူ ချင်းပြည်နယ်မှာလည်း ဖလမ်းမြို့ သိမ်းတိုက်ပွဲကို လနဲ့ချီ ထိုးစစ်ဆင်ခဲ့ရာက မကြာသေးခင်က ဖလမ်းမြို့ကို ပြန်လည်သိမ်းယူခဲ့တာတွေ့ကြရမှာ ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းအောက်ပိုင်းလို့ ဆိုရမယ့် ပုလဲ၊ ယင်းမာပင် နယ်တွေမှာလည်း ဗိုလ်နဂါး လက်နက်ချ သွားပြီးနောက်မှာ ထိုးစစ်ဆင်တာတွေ ဆက်တိုက် လုပ်ဆောင်နေတာတွေ့ရပါတယ်။ စစ်ကိုင်းတိုင်းဟာလည်း မြန်မာနိုင်ငံ အရှေ့ နဲ့ အနောက် ဆက်သွယ်ထားတဲ့ အလယ်စင်္ကြန်လမ်းပေါ်က ဒေသဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ် အနေနဲ့ ပြီးခဲ့တဲ့ ၁ နှစ်ကျော်အတွင်း ရခိုင်မှာ ပြန်လည်သိမ်းယူနိုင်တဲ့ နယ်မြေတွေ မရှိသေးပါဘူး။ ချင်းပြည်နယ်မှာတော့ အချို့သော လမ်းပိုင်းတွေကို အနည်းငယ်ပြန်သိမ်းယူနိုင်ခဲ့တာ တွေ့ရသလို ကလေးမြို့လို ချင်းပြည်နယ် ဝင်ပေါက်က မြေပြန့်လွင်ပြင်ဒေသကို ၂၀၂၄ ခုနှစ်တွေကလို တော်လှန်ရေး လက်နက်ကိုင်တပ်တွေက ခြိမ်းခြောက်နိုင်တဲ့ အနေအထားမဟုတ်တော့တာလည်း တွေ့ကြရပါတယ်။
အခုလို မြန်မာနိုင်ငံအလယ်ပိုင်းကို ပိုမိုထိန်းချုပ်လာနိုင်ဖို့ အနောက်ဘက်ခြမ်းနဲ့ ဆက်သွယ်ထားတဲ့ ကားလမ်း၊ ရိုးမဖြတ်ကျော်လမ်းတွေကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားလာနေသလို မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်နဲ့ အလယ်ပိုင်း ဆက်သွယ်ထားတဲ့ လမ်းတွေကိုလည်း ထိန်းချုပ်နိုင်ဖို့ တစတစ ကြိုးစားလာနေတဲ့ လက္ခဏာတွေ တွေ့မြင်နေရပါတယ်။ အာဏာသိမ်းစစ်တပ် အနေနဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းကို ပိုပြီးထိန်းချုပ်လာနိုင်ခဲ့ရင် မြောက်ပိုင်း၊ အရှေ့မြောက်နဲ့ အနောက်ဘက်ခြမ်းတွေ အကြား စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေ အားနည်းသွားစေနိုင်တဲ့ အချက်ကိုလည်း သတိပြုမိကြဖို့ လိုအပ်ကြောင်း ထောက်ပြလိုတာ ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar