မန္တလေး-မြစ်ကြီးနား ကားလမ်းကို အာဏာသိမ်းစစ်တပ်က ပြန်လည် ထိန်းချုပ်သွားခြင်းရဲ့ အကျိုးဆက်
မြန်မာနွေဦးခရိုနီကယ် - မေ ၁၂ မြင်ကွင်း
(မိုးမခ) မေ ၁၃ ၊ ၂၀၂၆
မန္တလေး-မြစ်ကြီးနား ကားလမ်းကို အာဏာသိမ်းစစ်တပ်က ပြန်လည် ထိန်းချုပ်သွားခြင်းရဲ့ အကျိုးဆက်
ပြီးခဲ့တဲ့ ရက်အနည်းငယ်က အာဏာသိမ်းစစ်တပ်ရဲ့ တပ်ဖွဲ့ဝင်တွေ၊ အရပ်ဘက် ဝန်ထမ်းတွေ၊ ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေ ပါဝင်တယ်လို့ ခန့်မှန်းရတဲ့ ယာဥ်အစီးရေ ၃၀၀ ကျော် ၄၀၀ နီးပါးပါရှိတဲ့ ယာဥ်တန်းဟာ မန္တလေးမြို့ကနေ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ဆီ ၂ ရက် ၃ ရက်အတွင်း ရောက်ရှိသွားခဲ့ပါတယ်။ ဧရာဝတီမြစ် အရှေ့ဘက်ခြမ်းမှာ တောင်မြောက် ဖောက်လုပ်ထားတဲ့ မန္တလေး-မိုးကုတ် ကားလမ်းကတဆင့် တကောင်း၊ ထီးချိုင့် တို့ကတဆင့် စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ် အစပ်ကို ဖြတ်ကျော်ကာ မြစ်ကြီးနားကားလမ်းတလျှောက်ကို အာဏာသိမ်းစစ်တပ်က မကြာသေးတဲ့ လပိုင်းတွေမှာ ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ပထမဆုံး တပ်ဖွဲ့ဝင်၊ လက်နက်ခဲယမ်း နဲ့ ရိက္ခာတို့ ပါဝင်တဲ့ ကားတန်း ပထမဆုံး သွားရောက်နိုင်တာလို့ ဆိုရမှာ ဖြစ်ပါတယ်။
၂၀၂၄ နှစ်ကုန်ပိုင်းက စပြီး မြို့သိမ်းတိုက်ပွဲ အပြင်းအထန် ဖြစ်ပွားလာတဲ့ ဗန်းမော်မြို့ကို စစ်လက်နက်၊ တပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ထောက်ပို့ စစ်ရေယာဥ်တန်းကို ၂၀၂၅ ခုနှစ် ဇူလိုင်လလယ်ကနေ သြဂုတ်လဆန်းထိ သီတင်း ၂ ပတ်ကြာ ဧရာဝတီမြစ်ကြောင်းက စစ်ရေယာဥ်တွေနဲ့ မြစ်ရေပြည့်ချိန်မှာ သွားရောက်ခဲ့ပြီး ဆန်တက်ရာ ဧရာဝတီမြစ်ကြောင်း တလျှောက် PDF လက်နက်ကိုင် အဖွဲ့အသီးသီးရဲ့ ပစ်ခတ်တိုက်ခိုက်မှုကို ခံခဲ့ရတဲ့ အဖြစ်အပျက်ကို မှတ်မိကြဦးမယ်လို့ ထင်ပါတယ်။ အဆိုပါ ဖြစ်ရပ်ဟာ ယမန်နှစ် မိုးရာသီကာလအတွင်း ဖြစ်ပွားခဲ့တာ ဖြစ်ပြီး အဲဒီအချိန်က မန္တလေး-မိုးကုတ် ကားလမ်းကို အာဏာသိမ်းစစ်တပ်ဘက်က ထိန်းချုပ်ထားနိုင်ခြင်း မရှိတာကြောင့် ရေလမ်းကို အားကိုးခဲ့ရတာ ဖြစ်ပါတယ်။
အဆိုပါ စစ်ရေယာဥ်တန်းမှာ ၁၇ စီးနဲ့ စတင်ခဲ့ရာမှာ ဗန်းမော်မြို့ရောက်ရှိတဲ့အခါ ၁၀ စီးဝန်းကျင်သာ ကျန်ရှိတာလည်း ဖြစ်ပါတယ်။ အဲဒီကာလက အာဏာသိမ်းစစ်တပ် အဖို့ ကချင်ပြည်နယ်ကို ထောက်ပံ့ရေး ပို့ဆောင်ရာမှာ လမ်းခရီးတလျှောက် တိုင်းရင်းသားလက်နက်ကိုင် တပ်တွေနဲ့ PDF တပ်ဖွဲ့တွေက လမ်းပိုင်းတွေကို ဖြတ်တောက် ထိန်းချုပ်ထားနိုင်ခဲ့တဲ့ အနေအထား ရှိခဲ့တာကြောင့် လေကြောင်းကို အဓိက အားထားခဲ့ရတယ်လို့ ဆိုနိုင်ပါတယ်။
၂၀၂၅ နှစ်ကုန်ပိုင်းနေ ၂၀၂၆ နှစ်စပိုင်းမှာ အာဏာသိမ်းစစ်တပ်က မန္တလေးတိုင်း အထက်ဘက် ဧရာဝတီမြစ် အရှေ့ခြမ်းကို တစတစ ပြန်လည် ထိုးစစ်ဆင် သိမ်းယူခဲ့တာကြောင့် အခုအခါမှာ ကချင်ပြည်နယ်နဲ့ မန္တလေးတိုင်း ဆက်သွယ်ထားတဲ့ မြေပြင်ကားလမ်းကို ကောင်းစွာ ပြန်ထိန်းချုပ်နိုင်ခဲ့တာ တွေ့ရပြီး ဒီအနေအထားဟာ KIA နဲ့ စစ်ကိုင်း၊ ကချင်နယ်စပ်မှာ လှုပ်ရှားကြတဲ့ PDF တပ်ဖွဲ့တွေအဖို့ ထိုးနှက်ချက် တခုဖြစ်စေလိမ့်မယ်လို့ ယူဆရပါတယ်။
စစ်ရေးအရ ရင်ဆိုင် တိုက်ခိုက်ကြရာမှာ ရန်သူရဲ့ ထောက်ပံ့ပို့ဆောင်ရေးကို ဖြတ်တောက်ထားနိုင်ခြင်းဟာ မြေပြင်မှာ ရင်ဆိုင်တိုက်ခိုက်ကြတဲ့နည်းတူ အရေးကြီးတဲ့ ဗျူဟာတရပ်အဖြစ် မှတ်ယူထားကြတာ ဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးကာလ တွေအတွင်း အာဏာသိမ်းစစ်တပ်ရဲ့ ထောက်ပံ့ရေးလမ်းကြောင်း အများအပြားကို ဖြတ်တောက် နိုင်ခဲ့ကြပြီး ကျန်ရှိတဲ့ တပ်နဲ့ နယ်မြေတွေကို ဝိုင်းပတ်ထိုးစစ်ဆင်ကာ အနိုင်ယူခဲ့ကြတာ ဖြစ်ပါတယ်။ ရှမ်းမြောက်မှာ၊ ကချင်ပြည်နယ်မှာ၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ အခြားဒေသတွေမှာ အဲလို ဖြစ်စဥ်တွေ အများအပြား ရှိခဲ့ပြီး တော်လှန်ရေး လက်နက်ကိုင်တပ်တွေ အနေနဲ့ အောင်မြင်မှုတွေရရှိခဲ့ကြတာ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ် အနေနဲ့ အထက်က ဖော်ပြခဲ့သလို ရှုံးနိမ့်မှုအများအပြား ရင်ဆိုင်ခဲ့ရတဲ့ အခြေအနေကနေ အပစ်ရပ် သဘောတူညီမှု၊ ပြန်လည်ထိုးစစ်ဆင်မှုနဲ့ အခြားသော နည်းလမ်းတွေကို အသုံးပြုပြီး လက်လွှတ်ဆုံးရှုံးခဲ့တဲ့ တပ်စခန်း၊ မြို့၊ နယ်မြေ၊ မဟာဗျူဟာကျတဲ့ ကားလမ်းတွေကို တစတစနဲ့ ပြန်လည်ရယူဖို့ ကြိုးစားလာခဲ့တာ တွေ့ကြရပါတယ်။ တနှစ်ကျော် ကာလအတွင်း မြို့အရေအတွက် တဒါဇင်ကျော်နဲ့ နယ်မြေတွေ ပြန်လည် ရရှိခဲ့တာလည်း တွေ့ကြရမှာ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ် အဖို့ ပြန်လည် တိုက်ယူနိုင်ခြင်း မရှိသေးတဲ့ မြို့တွေ နယ်တွေ အများအပြားရှိနေသေးသည့်တိုင် မဟာဗျူဟာ အရ အရေးပါတဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းက ကားလမ်း၊ ရေကြောင်းလမ်း စတာတွေကို ဦးစားပေးပြီး တိုက်ခိုက်သိမ်းယူတာမျိုး လုပ်ဆောင်နေတာကို တွေ့မြင်နေရပါတယ်။
မန္တလေးတိုင်းနဲ့ ကချင်ပြည်နယ်အကြား ဆက်သွယ်ထားတဲ့ ကားလမ်းကို ကောင်းစွာထိန်းချုပ်လိုက်နိုင်ခြင်းက မြန်မာနိုင်ငံ မြောက်ပိုင်းကို လျင်မြန်စွာ ထောက်ပံ့ပို့ဆောင်ရေး လုပ်လာနိုင်မယ့် အနေအထားဖြစ်ပြီး လတ်တလော တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ကျောက်မျက် သယံဇာတနယ်မြေ ဖားကန့်ဒေသကိုလည်း ထောက်ပံ့ရေး ပို့ဆောင်ဖို့ အထောက်အကူ ဖြစ်သွားစေမဲ့ အလားအလာ ရှိနေပါတယ်။
အာဏာသိမ်းစစ်တပ် အနေနဲ့ ဧရာဝတီမြစ် အရှေ့ခြမ်း၊ မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်နဲ့ ဆက်စပ်နေတဲ့ နေရာတွေနဲ့ ပတ်သက်ပြီး စစ်ဆင်ရေး၊ ထိုးစစ်တွေ လုပ်ဆောင်နေသလိုပဲ မြန်မာနိုင်ငံ အနောက်ခြမ်း ဖြစ်တဲ့ ချင်းပြည်နယ်မြောက်ပိုင်းနဲ့ တောင်ပိုင်းတို့ကို ဆက်သွယ်ထားတဲ့ လမ်းကြောင်းတွေ အရေးပါတဲ့ မြို့တွေကိုလည်း ထိုးစစ်ဆင် တိုက်ခိုက်နေတာတွေ့ရမှာ ဖြစ်ပါတယ်။
မကြာသေးခင် သီတင်းပတ်တွေက ချင်းပြည်နယ် ဖလမ်းမြို့ကို အင်အားအများအပြားအသုံးပြု၊ အများအပြား ဆုံးရှုံးခံပြီး ပြန်လည်သိမ်းယူခဲ့သလို ချင်းပြည်နယ်မြောက်ပိုင်းက တီးတိန်မြို့ကို ဆက်သွယ်ထားတဲ့ လမ်းပေါ်က ကနေဒီတောင်ထိပ်လို စခန်းကိုလည်း ပြန်လည်သိမ်းယူခဲ့တာ တွေ့ကြရပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ကချင်ပြည်နယ်၊ ချင်းပြည်နယ်တွေ နဲ့ ဆက်စပ်တဲ့ အရေးပါတဲ့ လမ်းကြောင်းတွေ၊ မြို့တွေကို ထိန်းချုပ်ဖို့ ကြိုးစားလာနေတာနဲ့ အတူ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်၊ မတူပီက တဆင့် ရခိုင်ပြည်နယ် မြောက်ပိုင်းဆီ ကုန်ပစ္စည်းတွေ ပို့ဆောင်နေတဲ့ လမ်းကြောင်းကိုလည်း ထိန်းချုပ်ဖို့ ကြိုးစားလာတာ တွေ့နေရပါတယ်။ မကြာသေးခင် သီတင်းပတ်က ထီးလင်းမြို့နယ်ထဲက ကံကြီးရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်နေရာယူခဲ့ပြီး ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝ ကတဆင့် ရခိုင်ပြည်နယ်ကို ပို့ဆောင်နေတဲ့ ကုန်စည်တွေကို ဖြတ်တောက်ဖို့ ကြိုးစားတဲ့ ခြေလှမ်းကို တွေ့ကြရပါတယ်။
အခုလို မြန်မာနိုင်ငံအလယ်ပိုင်းကို အခြေပြုပြီး နယ်စပ်ဒေသတွေနဲ့ ဆက်သွယ်ထားတဲ့ ကုန်းလမ်းတွေ၊ ရေကြောင်းလမ်းတွေကို ထိန်းချုပ်ဖို့ ကြိုးစားနေခြင်းကို တော်လှန်ရေး လက်နက်ကိုင် အင်အားစုတွေဘက်ကလည်း သတိပြုမိကောင်း သတိပြုမိကြပါလိမ့်မယ်။ တော်လှန်ရေး လက်နက်ကိုင် အင်အားစုတွေ တဖွဲ့ချင်းရဲ့ ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း၊ တဖွဲ့နဲ့တဖွဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေ ဖြတ်တောက်ခံရခြင်းဟာ မဟာဗျူဟာ အရ ဘယ်လောက် အရေးကြီးသလဲ ဆိုတဲ့အချက်ကို သတိပြုမိကြဖို့ အရေးကြီးကြောင်းလည်း ထောက်ပြလိုတာ ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar