ကိုလေအိုး - စစ်တပ်သူလျှို ရှိနေပြီ
ကိုလေအိုး - စစ်တပ်သူလျှို ရှိနေပြီ
မိုးမခ ၊ မေ ၅ ၊ ၂၀၂၆
မင်းအောင်လှိုင်က ရက်တစ်ရာငြိမ်းချမ်းရေးကမ်းလှမ်းတဲ့သတင်းတက်လာတော့ ရန်ကုန်က သတင်းသမားတစ်ယောက်က ချင်းမိုင်မှာ ဟိုအရင်လို ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြန်စတော့မှာလားလို့ လှမ်းမေးတယ်။ တစ်တိုင်းပြည်လုံးပတ်ပြီး လေယာဉ်နဲ့ဗုံးကြဲနေတဲ့သူက ကမ်းလှမ်းတဲ့ ငြိမ်းချမ်းရေးက ဘယ်ကလာဖြစ်နိုင်မှာလဲလို့ပဲ ပြန်အဖြေပေးလိုက်ပါတယ်။ ဒါက သူ့ရှေ့က စစ်အာဏာရှင်တွေ လုပ်နေကျထုံးစံမပျက် ပြောတာ လုပ်တာပဲ ဖြစ်မှာပါလို့လည်း ရှင်းပြလိုက်တယ်။ သူ ဒီလိုမေးလာတော့ ဦးသိန်းစိန်အစိုးရလက်ထက် ချင်းမိုင်က ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဆီ အရောက်သွားပြီး သတင်းယူခဲ့တာတွေ ပြန်တွေးမြင်တယ်။
ဒီတုန်းက ဦးအောင်မင်း ခေါင်းဆောင်တဲ့ အစိုးရကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အသီးသီးက ကိုယ်စားလှယ်တွေ ချင်းမိုင်မှာ ငြိမ်းချမ်းရေးဆွေးနွေးကြတာ အကြိမ်ရေရာနဲ့ချီတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်ခဲ့တဲ့ ချင်းမိုင်မှာရှိတဲ့ ဟိုတယ်တွေ၊ ရီဆော့တွေဆိုတာ စုံနေရောပဲ။ မြို့တွင်း မြို့ပြင် နေရာအနှံ့ ဆွေးနွေးပွဲတွေရှိရာဆီ ချင်းမိုင်အခြေစိုက် မြန်မာသတင်းဌာနက သတင်းထောက်တွေ ရောက်ကြ၊ သတင်းယူကြ၊ နှစ်ဘက်စလုံးက ကိုယ်စားလှယ်တွေနဲ့လည်း မျက်မှန်းတန်းမိရာကနေ နောက်တော့ မိတ်ဆွေတွေဖြစ်ပြီး ခင်သွားကြတဲ့အထိပါပဲ။
ဒီတုန်းက ချင်းမိုင်ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဆီ သတင်းသွားယူရင် တနေကုန်တာ များတယ်။ သူတို့က ဟိုတယ်အခန်းကျယ်ထဲ ဆွေးနွေး၊ သတင်းထောက်တွေက အခန်းအပြင်မှာ စုဝေးပြီး ဆွေးနွေးပွဲအခြေအနေ အကဲခတ်၊ တစ်နေ့တာ ဆွေးနွေးပွဲပြီးရင် ကိုယ်စားလှယ်တစ်ယောက်စ၊ နှစ်ယောက်စနဲ့ အင်တာဗျူးလုပ်၊ အဲ့ဒီနေ့အတွက် ထူးတာရှိရင် သတင်းရေးပေါ့။ တစ်ခါတလေလည်း ဆွေးနွေးပွဲလက်စသတ်မှ အင်တာဗျူးပေးလို့ နှစ်ရက်သုံးရက်စာပေါင်းပြီး သတင်းရေးရတယ်။ အင်တာဗျူးထုတ်ရတယ်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေရဲ့ သဘောသဘာဝအရ ဆွေးနွေးပွဲအောင်မြင်ရင် မီဒီယာကို အင်တာဗျူးပေးချင်တဲ့ ကိုယ်စားလှယ်များတယ်။ ဆွေးနွေးပွဲ အဆင်မပြေရင် သူ့လွှဲချ၊ ငါ့လွှဲချနဲ့ မီဒီယာကို မပြောချင်တဲ့သူက များတယ်။ ဒီကြားထဲ ကြုံရတာက နှစ်ဖက်စလုံးက ကိုယ်စားလှယ်တွေက Off the Record ဆိုပြီး တချို့အတွင်းရေးတွေ မီဒီယာကို လာပြောပြတတ်ကြတယ်။ ဥပမာ- အစိုးရကိုယ်စားလှယ်အဖွဲ့ဘက်ကဆို ဘယ်တိုင်းရင်းသားတပ်ဖွဲ့ကတော့ဖြင့် လက်မှတ်ထိုးချင်နေပြီ။ ဘယ်အဖွဲ့မပါလို့ တင်းခံနေတာ ဆိုတာမျိုး။
တိုင်းရင်းသားတပ်ဖွဲ့တွေဘက်က ကိုယ်စားလှယ်တွေကလည်း အလားတူ၊ အစိုးရကိုယ်စားလှယ်ဘက်က သူတို့ တောင်းဆိုချက်တွေကို လိုက်လျောချင်နေတာ၊ စစ်တပ် ကိုယ်စားလှယ်က တင်းခံနေလို့ ဆွေးနွေးပွဲက မပြတ်ဘူး ဖြစ်နေတာ၊ ဘာညာပေါ့လေ။ တကယ်တော့ သူတို့က မီဒီယာကို ကြားခံထားပြီး တိုင်တည်ကြတာ၊ ပြီးတော့ မီဒီယာသမားကို ဆေးထိုးသလို ဝါဒဖြန့်ကြတာပါ။ မီဒီယာသမားတွေကလည်း သူတို့ပြောတဲ့ထဲ အသုံးဝင်တဲ့ အချက်အလက်တွေ ပါရင် ယူ၊ မပါရင် ခေါင်းထဲက ထုတ်ပစ်၊ လုပ်ရတာပါပဲ။
သမ္မတကြီးက ဘယ်အဖွဲ့ကို ကားပါမစ် ဘယ်နှခုပေးတာ၊ အဲဒါ ဘယ်သူဘယ်ဝါကတော့ဖြင့် မလောက်လို့ ထပ်တောင်းနေတယ်လို့ လာပြောတာမျိုးကတော့ အတင်းအဖျင်းပဲ ဖြစ်တာပေါ့။ ငြိမ်းချမ်းရေးဆွေးနွေးပွဲသာ ပြောတာ၊ တချို့ပွဲတွေဆို ဆူညံပြီး အော်ဟစ်နေတာ ခန်းမအပြင်ဘက်ထိရောက်အောင် ကြားရတယ်။ တစ်ခါက ချင်းမိုင်နဲ့ မိနစ် ၄၀ လောက် ကားမောင်းသွားရတဲ့ ရီဆော့တစ်ခုမှာ တိုင်းရင်းသားတပ်ဖွဲ့တွေချည်း ဆွေးနွေးကြတဲ့ဆီ ရောက်တယ်။ မနက်ပိုင်းဆွေးနွေးပွဲတွေ စလိုက်တာ ၁၂ နာရီ ထမင်းစားနားချိန်မရောက်မီ ခန်းမထဲက အသံတွေ ဆူညံပွက်လောရိုက်နေတာ ကြားရတယ်။
အပေါ့အပါးသွားဖို့ ခဏထွက်လာကြတဲ့ အသက်ကြီးကြီး ကိုယ်စားလှယ်တချို့ဆို ခေါင်းတခါခါနဲ့ မျက်စိမျက်နှာတွေပျက်လို့၊ ထမင်းစားနားချိန် ရောက်လို့ ကိုယ်စားလှယ်တွေ ခန်းမအပြင်ဘက်ထွက်လာကြတော့လည်း တိတ်ဆိတ်လို့။ တစ်ခုခုတော့ တစ်ခုခုပဲ။ သတင်းထောက်ကတော့ ဒီတစ်ခုခုက ဘာလဲဆိုတာ သိရအောင် နီးစပ်ရာ ကိုယ်စားလှယ်တွေဆီ ကပ်မေးရတာပေါ့။ နီးစပ်ရာကိုယ်စားလှယ် ဆိုတာက သတင်းထောက်နဲ့ ခင်မင်ရင်းနှီးစွဲရှိတဲ့ သူမျိုးကို ဆိုလိုတာပါ။ ဒီလိုကပ်မေးတော့လည်း ထွက်လာတာပါပဲ။
တိုင်းရင်းသားတပ်ဖွဲ့တစ်ခုက ခေါင်းဆောင်လုပ်သူတစ်ယောက်က ဒီဆွေးနွေးပွဲထဲမှာ စစ်တပ်သူလျှိုတစ်ယောက် ရှိနေပြီလို့ သူ ခံစားရတဲ့အကြောင်း ထပြောလို့ ကန့်ကွက်သံတွေနဲ့ ပွဲဆူခဲ့တာပါ။ တိုင်းရင်းသားတပ်ဖွဲ့ကိုယ်စားလှယ်တွေချည်း သီးသန့်ဆွေးနွေးနေကြတဲ့ပွဲမှာ စစ်တပ်သူလျှို ပါနေပြီလို့ ထပြောတော့ ရှုပ်ကုန်တာပေါ့။ တိုင်းရင်းသားတပ်ဖွဲ့ ကိုယ်စားလှယ်တချို့က ဗမာစကားကို ရေရေလည်လည် မပြောတတ်ကြဘူး။ ဆွေးနွေးပွဲကျတော့ ကရင်စကားနဲ့ ဆွေးနွေးလို့ကလည်း မဖြစ်၊ ကချင်လို့ပြောပြီး ဆွေးနွေးလို့ကလည်း မဖြစ်တော့ ဗမာလိုပဲ ပြောဆိုဆွေးနွေးကြရတာပါ။
အပြောမတတ်လို့များလားပေါ့လေ၊ ဖောက်သည်ချတဲ့သူကတော့ မဟုတ်ဘူးဗျ၊ သူ တကယ်ကြီး ပြောချလိုက်တာ၊ ဒီဆွေးနွေးပွဲခန်းမထဲမှာ စစ်တပ် သူလျှိုရှိနေပြီ ဆိုပြီး…။
(ဆက်ပါဦးမယ်)
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar