အေအိုင်ကြောင့် အင်တာနက် အမှိုက်ပုံကြီး ဖြစ်တော့မလား
အေအိုင်ကြောင့် အင်တာနက် အမှိုက်ပုံကြီး ဖြစ်တော့မလား
ပဲခူးဆား သာဂိ
(မိုးမခ) မေ ၄၊ ၂၀၂၆
အေအိုင်ပေါ်လာတော့ လူတွေက အင်တာနက်သုံးပြီး ရှာဖွေတာ လျော့ကျလာပါတယ်။ သူတို့လိုချင်တာကို အင်တာနက်မှာထက် အေအိုင်ကနေ ပိုပြီး လွယ်လွယ် မြန်မြန်ရှာတွေ့ကြတယ်လို့ ဆိုပါတယ်။ အဲတာ တကယ်ကြီးလား။
တခုပြောလာကြတာတော့ - အင်တာနက်မှာ အဖြေရှာတာ အချက်အလက်ရှာတာ အရင်တုန်းကလို မလွယ်တော့ဘူး။ ပိုအချိန်ကြာလာတယ်လို့ ပြောကြတယ်။ အင်တာနက်က အမှိုက်ပုံကြီးလိုပဲ၊ (ဖေ့စ်ဘုတ်တို့ အိပ်စ်တို့လိုပဲ) ။ မဟုတ်တရုတ်တွေ များများ၊ ကြော်ငြာများများ၊ အတုအယောင်တွေ များလာတယ်။ သည်တော့ အေအိုင်တခုခုကိုပဲ ရှာခိုင်းလိုက်တယ်။ အေအိုင်က ပိုအဆင်ပြေတယ်လို့ ဆိုလာကြပြီ။ ကဲ ဘယ်လိုလုပ်ကြမလဲ။ အေအိုင်က အင်တာနက်ထဲကပဲ သူ ရှာတာပဲ။ ကိုယ့်ထက် ပိုရှာတတ်နေလို့လား။ ဒါဆိုအင်တာနက်ဟာ နည်းပညာခေတ်သစ်မှာ နောက်ဖေးလမ်းကြားက အမှိုက်ပုံတွေဖြစ်လာပြီး အေအိုင်က အိမ်ရှေ့က ပန်းခြံကြီးလို စည်ကားလာတော့မလား။
အင်တာနက်က အခုလောလောဆယ်မှာ မယုံကြည်ရတဲ့ဇုန်ကြီး ဖြစ်လာသလား။ ဖြစ်နေပြီလား။ နောင် ၅ နှစ်လောက်ဆို အင်တာနက်ဆိုတာ ပျောက်သွားတော့မလား။ ဒါမျိုး တွေးမိတယ်။
တကယ်တမ်းကတော့ အေအိုင်ကြောင့်လဲ အင်တာနက်က အမှိုက်ပုံကြီး ဖြစ်လာနေတာလို့ ဆိုရမှာပါဲ။ အေအိုင်နဲ့ ထုတ်လုပ်ထားတဲ့ အကြောင်းအရာတွေက ဝက်ပေါ်မှာ တိုးပွားနေတယ်။ သည်လို အမှိုက်တွေ များလာတော့ အများအတွက်ဝက် ဆိုတာ ပျက်စီးသွားမယ်။ အေအိုင်ကိုယ်တိုင်ကလည်း အစစ်နဲ့ အတုကို မခွဲခြားနိုင်တော့တဲ့ အဖြစ်ကို ရောက်လာမယ်။ လူတွေကလည်း အွန်လိုင်း ပြောတာတွေကို မယုံနိုင်တော့ဘူး။ သည်လိုဆိုရင် မူရင်းဟုတ်မဟုတ် စစ်ဆးပြီး အချက်အလက်တွေ သန့်စင်ထားတဲ့ ဝက်သရီးပွိုင့်အို - web 3.0 အသစ်တခု ပေါ်ထွက်လာတော့မလားလို့ မှန်းဆလာကြပါတယ်။
သည်အချက်တွေကနေ လက်ရှိနဲ့ လမ်းကြောင်းကို ပြန်တွေးကြည့်ရင် … …. ….
၁။ လက်ရှိ Web ဟာ အသုံးမကျတော့မယ့် လမ်းကြောင်းပေါ်ရှိနေတယ်
ခန့်မှန်းချက်တွေတင်ပြသလို — အသစ်ထွက်တဲ့ content ၆၀%–၇၀% လောက်ဟာ AI ဖန်တီးထားတာဆိုရင် web ဟာ ဒီလိုအခြေအနေကို ရောက်လာနေပါတယ် —
* ထပ်ခါထပ်ခါ ထုတ်လုပ်နေတဲ့ content တွေ - ဥပမာ - လူစိတ်ဝင်စားအောင် ဆီးချိုရောဂါအကြောင်း မျိုးစုံ ရေးပြနေတာမျိုး။
* အရည်အသွေးနိမ့်တဲ့ အချက်လက်တွေ - ဆီးချိုအကြောင်းမှာ တကယ်လိုအပ်တဲ့ အကြောင်း မပါဘူး။ ဒန်းရွက်ပဲ ပြုတ်သောက်ခိုင်းတာမျိုး။
* အတည်မပြုနိုင်တဲ့ အချက်အလက်များ - ဒန်းရွက်ပဲ ကောင်းတယ်လို့ ပြောနေတာမျိုး။
* google တို့လို ရှာဖွေရေးစနစ်တွေအတွက် ပြင်ဆင်ထားတဲ့ (SEO)ဆိုက်တွေ က များလာခြင်း။ ဒန်းရွက်ဆေးပညာရှင်အသင်းဆိုတဲ့ ဝက်ဆိုက်အတုကြီးပဲ အညွှန်းခံနေရတာမျိုးပေါ့။
* အေအိုင်ကိုယ်တိုင်က သူ့အချက်အလက်တွေနဲ့ ဆေးကြောင်ပြီး ပေါက်ကရတွေ ဝင်ပြောနေခြင်း။ အေအိုင်ကိုယ်တိုင်ကလည်း သူ ဒန်းရွက်ပြုတ် သောက် တာ သူလည်း ပျောက်သွားတယ်လို့ ဝင်ကြောင်နေတာမျိုးပေါ့။
ဒီလိုပုံစံဟာ information ecosystem (သတင်းအချက်အလက်ဂေဟစနစ်) တစ်ခု ပြိုကွဲသွားတဲ့ လက္ခဏာတစ်ခုပါ။
Search engine တွေတောင် —
* AI spam တွေနဲ့ ပြည့်နေတဲ့ အဖြေတွေ
* SEO လုပ်စား ကုမ္မဏီတွေ၏ အချက်အလက်တွေက သတင်းမှန်ဝက်ဆိုက်တွေရှေ့ကနေ ရောက်နေတာမျိုး
* “expert” ဆိုတဲ့ အယောင်အဆောင် site တွေ ပိုများလာခြင်း
* fake news site အသစ်တွေ နေ့စဉ်ပေါ်လာနေခြင်း
ဆိုတဲ့ပြဿနာတွေကို ကြုံတွေ့နေပါတယ်။
ဒီလို ဆက်လက်ဖြစ်နေမယ်ဆိုရင် web ဟာ မူလရည်ရွယ်ချက်ကို ဆုံးရှုံးသွားနိုင်ပါတယ်။
၂။ AI စနစ်တွေက ပြဿနာကို ပိုမိုကြီးထွားစေတယ်
သန့်စင်မှုမရှိတဲ့ data ပေါ်မှာ လေ့ကျင့်ခန်းလုပ်ထားတဲ့ AI မော်ဒယ်တွေက —
* မှားယွင်းတဲ့ အချက်အလက်တွေကို ပြန်ထပ်ပြောတတ်
* မရှိတဲ့ အချက်အလက်တွေကို “အမှန်” လို ကောက်ချက်ဆွဲတာတွေ လုပ်တတ်
* မရှိတဲ့ source တွေကို ကိုးကားတတ်
* website အတုတွေကို ယုံကြည်တတ်
* SEO spam ကို ပိုမိုမြှင့်တင်တတ်
ဒီအရာတွေက ပြန်ပြီး ထပ်ကျော့ သံသရာ လည်ခြင်း - feedback loop တစ်ခု ဖြစ်စေပါတယ် —
၁။ AI က content ထုတ်တယ်
၂။ အဲဒီ content ကို web ပေါ်တင်တယ်
၃။ နောက်ထပ် AI တွေက အဲဒီ content ကို မှတ်သားတယ်
၄။ ထပ်မံ synthetic content အချက်အလက်အတုအယောင်တွေကို ထုတ်တယ်
၅။ cycle သံသရာကို ထပ်ခါထပ်ခါ ပြန်လုပ်တယ်
ဒီကို “AI ouroboros” (အိုရီုဘိုရော့စ်) ပြဿနာလို့ ခေါ်နိုင်ပါတယ် — စနစ်ကိုယ်တိုင် ကိုယ့်ကိုယ်စားစားသလို ဖြစ်သွားတယ်။ ကိုယ့်အမြီးကို ကိုယ်စားနေတဲ့ စနစ်လို့ ဆိုရမှာပေါ့။ မပြောင်းလဲဘူးဆိုရင် AI ရဲ့ အသုံးဝင်မှုက လျော့နည်းသွားနိုင်ပါတယ်။
၃။ Provenance မူရင်းအချက်အလက် ဟုတ်၊ မဟုတ် စစ်ဆေးနိုင်တဲ့ Web 3.0 တစ်ခု လိုအပ်လာမယ်
“verification metadata ပါဝင်တဲ့ web” ဆိုတဲ့အယူအဆဟာ သုတေသနရှင်များအမြင်အရလည်း မဖြစ်မနေ ဖြစ်လာနိုင်တဲ့အရာတစ်ခုပါ။
ဒီ Web 3.0 မှာ ပါဝင်နိုင်တာတွေက —
* content ကို ဘယ်သူဖန်တီးခဲ့သလဲ (human / AI / hybrid (ကပြား))
* ဘယ်အချိန်မှာ ဖန်တီးခဲ့သလဲ
* ဘယ် tool တွေ အသုံးပြုခဲ့သလဲ
* edit လုပ်ထားလား
* source ကို verify လုပ်ထားလား
* publisher ကို authenticate စစ်ဆေးမှု လုပ်ထားလား
ခုချိန်မှာ အဲသည်ခြေလှမ်းကို ပြင်နေကြပါပြီ။ Adobe, Microsoft, Google, BBC တို့က Content Authenticity Initiative (CAI) နဲ့ လက်တွေ့လုပ်ဆောင်နေပြီးသားပါ။
၄။ အဟောင်း Web ဟာ ပျောက်မသွားဘူး — “Untrusted Zone” မယုံကြည်ရတဲ့နယ်မြေတခု ဖြစ်သွားမယ်
Email နဲ့ ဆင်တူပါတယ် — အီးမေးတွေက အစစ်အမှန်ဆိုရင် ကိုယ့် အင်ဘောက်စ် (inbox) ထဲလာမယ်။ အတုတွေဆီကဆိုရင်တော့ spam အမှိုက်ပုံးထဲ
အနာဂတ် Web မှာ —
* verified content → trusted zone (ယုံကြည်ရတဲ့နယ်မြေ)
* unverified content → legacy zone (အဟောင်းပုံတွေ)
ဆိုပြီး ခွဲခြားနိုင်ပါတယ်။
သည်အခါကျရင် ခေတ်သစ် - AI မော်ဒယ်တွေက trusted zone ကိုသာ အဓိက train လုပ်မယ်။ လူတွေကလည်း အဲ့ဒီနေရာကိုပဲ သတင်း၊ သုတေသန၊ ပညာရေးအတွက် အသုံးပြုမယ်။ ကျန်တာတွေကတော့ “background noise” (နောက်ခံတီးလုံးလေးတွေ) လို ဖြစ်သွားနိုင်ပါတယ်။
၅။ ၅–၁၀ နှစ်အတွင်း ဖြစ်လာနိုင်တဲ့အကြောင်းရင်းများ
ဒီလမ်းကြောင်းကို တွန်းပို့နေတဲ့ အကြောင်းရင်းတွေက —
၁။ AI pollution (အေအိုင်၏ ဘေးထွက်ဆိုးကျိုး) ကြောင့် web ယုံကြည်မရဖြစ်လာခြင်း
၂။ အစိုးရများက misinformation (လုပ်ကြံသောအချက်အလက်များ) / deepfake (အစစ်ကဲ့သို့အယောင်ဆောင်ခြင်း) များကို ထိန်းချုပ်ရန် provenance (မူရင်းအာမခံချက်) လိုအပ်ခြင်း
၃။ ကုမ္ပဏီများက brand protection အတွက် စစ်မှန်မှု လိုအပ်ခြင်း
၄။ AI ကုမ္ပဏီများက သူတို့မိုဒယ်တွေ အဆိပ်သင့်ခြင်းကို ရှောင်ရှားရန် provenance (မူရင်းအာမခံချက်) လိုအပ်ခြင်း
5. အသုံးပြုသူများက ယုံကြည်မှု ပြန်လည်လိုအပ်လာခြင်းတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။
၆။ နိဂုံးချုပ်ရင်
အင်တာနက်ကြီးဟာ တနည်းပြောရရင် ဝက်ခေတ်ဟာ ပြောင်းလဲနေပါပြီ။ လူအများစုဟာ ဘယ်ကနေ အချက်အလက် သတင်း အကြောင်းအရာတွေကို စားသုံးနေကြပါသလဲ။ သတင်းဆိုက်လား၊ ဖေ့စ်ဘုတ်လား၊ ယူကျုလား၊ ရီးလ်တွေ ရှော့တွေဆီကလား၊ ရေဒီယိုတွေ တီဗီတွေဆီကလား၊ အီးမေးကနေ လာတဲ့စာတွေလား။ ဂူးဂဲကနေ search လုပ်ပြီးတော့လား။ သင်ကြိုက်တဲ့ သတင်းသမား၊ ဆယ်လီ၊ အင်ဖူယင်ဇာတွေဆီကလား။ အက်ပ်တွေဆီကလား။ ဒါမှမဟုတ် လက်စွဲတော် အေအိုင်မိုဒယ်တွေကနေ သင်ဘ၀အတွက် စားသုံးနေတာပါလား။ သည်မေးခွန်းကို ဖြေကြည့်ပါ။
အမှိုက်တွေစားရင်တော့ သင့်ခေါင်းထဲ အမှိုက်တွေကြီး ပြည့်နေမှာပေါ့။
တချို့လူရွှင်တော်တွေ ပြောတာရှိတယ်မဟုတ်လား။ ချေးစားပြီး ပြောရင် ချေးကြိုက်တယ်လို့ပဲ မှတ်လိုက်မယ် ဆိုတာမျိုး။ ကိုယ်စားတာ ဘာတွေလဲ။ အမှိုက်တွေ စားသုံးသူဟာ နောက်တော့ အမှိုက်ကြိုက်သူကြီး ဖြစ်သွားရင် ရင်လေးမိပါရဲ့။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar