Breaking News

ထိခိုက်သေဆုံးမှုတွေ နေ့စဥ်နဲ့အမျှ ရှိနေတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ

မြန်မာနွေဦးခရိုနီကယ် - မေ ၇ မြင်ကွင်း

(မိုးမခ) မေ ၈ ၊ ၂၀၂၆


ထိခိုက်သေဆုံးမှုတွေ နေ့စဥ်နဲ့အမျှ ရှိနေတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ 

အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေက နေ့စဥ်နဲ့အမျှ ဖြစ်ပွားနေဆဲ ဖြစ်ပြီး ခုရက်ပိုင်းမှာတော့ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့လို ဒေသတွေမှာ ဖြစ်ပွားခဲ့ပြီး ထိခိုက်သေဆုံးမှုတွေလည်း အများအပြားရှိခဲ့တာ ဖြစ်ပါတယ်။ 

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ဝင်းမနားကျေးရွာမှာ ရှိတဲ့ ဆေးရုံကို မေလ ၇ ရက်နေ့ နေ့လယ်ပိုင်းက လေကြောင်းက တိုက်ခိုက်ခဲ့ရာမှာ ဆေးကုသမှုခံယူနေတဲ့ PDF တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးသွားတယ်လို့ သတင်းတွေမှာ ဖော်ပြထားကြပါတယ်။ မြို့နယ် ၃၈ မြို့နယ်ရှိပြီး နယ်မြေအားဖြင့် ကျယ်ပြန့်တဲ့ စစ်ကိုင်းတိုင်းထဲမှာ နေရာဒေသအများစုကို အာဏာသိမ်းစစ်တပ်က မထိန်းချုပ်နိုင်ဘဲ အများစုသော မြို့တွေကိုသာ ထိန်းချုပ်ထားနိုင်တဲ့ အနေအထားဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ လအနည်းငယ်က ပုလဲနဲ့ ယင်းမာပင်မြို့နယ်တွေမှာ လှုပ်ရှားခဲ့တဲ့ ဗိုလ်နဂါး ဦးဆောင်တဲ့ BNRA ပြိုကွဲပြီးနောက်မှာ ယင်းမာပင်နဲ့ ပုလဲမြို့နယ်တွေထဲက ကျေးရွာတွေကို စစ်ကြောင်းတွေနဲ့ ဝင်ရောက်ကာ ထိုးစစ်ဆင်ခဲ့တာတွေ့ရပြီး အချို့သော လက်နက်ချသွားတဲ့ PDF တပ်ဖွဲ့ဝင်တွေထံကရရှိတဲ့ သတင်းအချက်အလက်တွေအပေါ်  အခြေခံကာ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ မြေပြင်ထိုးစစ်တွေကို ပေါင်းစပ်လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။ 

မကြာသေးတဲ့ လပိုင်းတွေမှာ ဧရာဝတီမြစ် အရှေ့ဘက်ခြမ်းက မန္တလေး-မိုးကုတ် ကားလမ်းပေါ်က မြို့တွေကို သိမ်းယူလာနိုင်တဲ့ အာဏသိမ်းစစ်တပ် အနေနဲ့ မြစ်အနောက်ဘက်ခြမ်း စစ်ကိုင်းတိုင်းတလျှောက်ကိုလည်း ဒုတိယ ပစ်မှတ်အနေနဲ့ ထားလာနိုင်ခြေလည်း ရှိနေတာဖြစ်ပါတယ်။ 

နောက် လေကြောင်းတိုက်ခိုက်မှု တခုက မေလ  ၆ ရက်နေ့က ချင်းပြည်နယ် တီးတိန်မြို့နယ်က ဖူနွန် ကျေးရွာက PDF Zoland စခန်းကို လေကြောင်းက တိုက်ခိုက်ခဲ့ရာမှာ တပ်ဖွဲ့ဝင် ၉ ဦး သေဆုံးခဲ့ရတဲ့ အဖြစ်အပျက်ဖြစ်ပါတယ်။ PDF Zoland အမျိုးသမီး တပ်ဖွဲ့ဝင် ၅ ဦးနဲ့ အမျိုးသားတပ်ဖွဲ့ဝင် ၄ ဦးတို့ ထိခိုက်သေဆုံးခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားကြတာဖြစ်ပါတယ်။ 

တီးတိန်မြို့နယ် ကနေဒီတောင်ခြေမှာ ရှိတဲ့ PDF Zoland တပ်ဖွဲ့ရဲ့ စခန်းကို ဂျက်တိုက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ အဆောက်အဦတွေ ထိမှန်ပြီး အခုလို တပ်ဖွဲ့ဝင် ၉ ဦး ထိခိုက်သေဆုံးခဲ့တာ ဖြစ်ပါတယ်။ မကြာသေးခင် ရက်ပိုင်းအတွင်းက ချင်းပြည်နယ် အလယ်ပိုင်း ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က ပြန်လည်သိမ်းယူနိုင်ခဲ့ပြီး ချင်းပြည်နယ် မြောက်ပိုင်း တီးတိန်မြို့ကို ဆက်သွယ်ထားတဲ့ ကားလမ်းပေါ်က ကနေဒီတောင်ကိုလည်း ပြန်လည်ထိန်းချုပ်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် ၁၀၂၇ စစ်ဆင်ရေးကာလတွေနောက်ပိုင်း စစ်တပ်က၄င်းတို့ လက်လွှတ်ခဲ့ရတဲ့ နယ်မြေအချို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ကြိုးစားလာနေတာ ထင်ရှားစွာတွေ့နိုင်ပါတယ်။ အခုလို ထိုးစစ်တွေနဲ့ အတူလေကြောင်းတိုက်ခိုက်မှုတွေလည်း ချင်းပြည်နယ်ကို လုပ်ဆောင်လာတာလို့ ကောက်ချက်ချရပါတယ်။ 

မေလ ၇ ရက်နေ့ မှာ နောက်ထပ် လေကြောင်းတိုက်ခိုက်မှုခံရတဲ့ ဒေသတခုကတော့ ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ဖြစ်ပါတယ်။ Arakan Army က ထိန်းချုပ်ထားတဲ့ နယ်မြေဖြစ်တဲ့ မင်းပြားမြို့နယ်ထဲက ကျောက်ခုတ်ကျေးရွာ ဘက်က တောင်တန်းတွေကို စစ်လေယာဥ် ၅ စီးနဲ့ ဗုံးကြဲတာတွေ လုပ်ဆောင်ခဲ့တယ်လို့ သတင်းဖော်ပြမှုတွေမှာ တွေ့ရပါတယ်။ အခု မင်းပြားမြို့နယ်ထဲက တောင်တန်းတွေကို လေကြောင်းတိုက်ခိုက်မှုမှာ ထိခိုက်မှု ရှိ၊ မရှိ သတင်းတွေတော့ မရရှိသေးကြောင်း ဖော်ပြထားတာ တွေ့ရပါတယ်။ 

မင်းပြားမြို့ အနီးတောင်တန်းတွေကို ပစ်မှတ်ထားပြီး ဗုံးကြဲတာနဲ့ တဆက်ထည်း အဲဒီနေ့ ညမှာလည်း ကျောက်တော်မြို့အနီးက တောင်တန်းတွေကို လေကြောင်းက ဗုံးအလုံးရေ တရာနီးပါးအထိ ကြဲချခဲ့တယ်လို့ ရခိုင်အခြေစိုက် သတင်းဌာနတခုက ဖော်ပြထားတာ တွေ့ရပါတယ်။ မင်းပြားမြို့နယ်ထဲက ကျောက်ခုတ်ကျေးရွာအနီးက တောင်တန်းတွေနဲ့ ကျောက်တော်မြို့နယ်ထဲက တောင်တန်းတွေကို ဗုံးအလုံးရေများစွာ ကြဲချနေတဲ့ သတင်းတွေကို လေ့လာကြည့်ရင် AA လက်နက်ကိုင်တပ်ဖွဲ့ရဲ့ စခန်းတွေလို့ ယူဆပြီး လေကြောင်းက လေယာဥ်အစီးရေများများနဲ့ ဗုံးအလုံးရေ ဒါဇင်ကနေ ရာဂဏန်းအထိ ကြဲချနေတာလို့ ယူဆရပါတယ်။ 

အာဏာသိမ်းစစ်တပ် အနေနဲ့ AA လက်နက်ကိုင် တပ်ဖွဲ့က ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်က နယ်မြေတွေကို နှစ်နဲ့ချီကြာမြင့်သည့်တိုင် ပြန်လည် မသိမ်းယူနိုင်တဲ့အပြင် ကျောက်ဖြူနဲ့ စစ်တွေတို့ကို အပြင်းအထန် ခုခံကာကွယ်နေရတဲ့ အနေအထား နဲ့ ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်း အစပ်က ကာကွယ်ရေး စစ်လက်နက်စက်ရုံတွေအထိ AA နဲ့ ပူးပေါင်းတပ်တွေ ထိုးစစ်ရောက်မလာအောင် ခုခံနေရတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ 

အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကို မဟာဗျူဟာမြောက် အနေနဲ့ ပိုမိုလုပ်ဆောင်လာနေတာ ဖြစ်ပြီး မြေပြင်မှာ ပြန်လည်ထိုးစစ်မဆင်နိုင်တဲ့ ဒေသတွေမှာ လေကြောင်းတိုက်ခိုက်မှုကို လနဲ့ ချီ သို့မဟုတ် နှစ်နဲ့ချီ တိုက်ခိုက်ပြီး တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေဘက်က နယ်မြေစွန့်လွှတ်ဖို့ ကမ်းလှမ်းတာ အပစ်ရပ်ဖို့ ကမ်းလှမ်းမှုတွေကို မျှော်လင့်ထားတာလို့ ယူဆရပါတယ်။ 

လေကြောင်းတိုက်ခိုက်မှုတွေက လက်နက်ကိုင်တပ်ဖွဲ့ဝင်အချို့ ထိခိုက်သေဆုံးမှုရှိသည့်တိုင် အရပ်သားပြည်သူတွေလည်း သေဆုံး၊ ဒဏ်ရာရတာ ရှိနေတာလည်း ဖြစ်ပါတယ်။ လေကြောင်းတိုက်ခိုက်မှုရဲ့ ဖိအားကို ဘယ်လို တွန်းလှန်ကြမလဲ၊ ဘယ်လိုကြံ့ကြံ့ခံကြမလဲဆိုတဲ့ မေးခွန်းက တော်လှန်ရေး အင်အားစုတွေအဖို့ အရေးကြီးတဲ့ မေးခွန်းတခု ဖြစ်လာနေတာလို့ ဆိုရမှာဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar