ဖလော်ဒါဟန် - မရေမရာ မျှော်လင့်ချက်များကြားက အညာလက်ရာနှင့် လက်တွေ့ဘဝ
ဖလော်ဒါဟန် - မရေမရာ မျှော်လင့်ချက်များကြားက အညာလက်ရာနှင့် လက်တွေ့ဘဝ
မိုးမခ ၊ ဇွန် ၂၅ ၊ ၂၀၂၆
ကျွန်မ ပန်းချီမရေးတတ်ပါ။
သို့သော် သူမအတွက် ပန်းချီရေးသည်။
ကျွန်မ စာမရေးတတ်ပါ။
သို့သော် သူမအတွက် စာရေးသည်။
ကျွန်မ နိုင်ငံရေးကို အကျယ်တဝင့် သိမထားပါ။
သို့သော် သူမဘဝကို အားကျခဲ့သည်။
ကျွန်မ အိပ်မပျော်ပါ။
သို့သော် ကျွန်မ သူမအတွက် အိပ်စက်ခဲ့သည်။
ကျွန်မ ပင်ပန်းဆင်းရဲသည်။
သို့သော် ကျွန်မ စိတ်ဓာတ်မကျပါ။
ကျွန်မ သူမအတွက်
ပန်းတပွင့် ပန်ခွင့်ရချင်သည်။
သို့သော် ကျွန်မတို့ မလွတ်မြောက်သေးပါ။
ကျွန်မ လွတ်မြောက်ချင်သည်။
သို့သော် သူမ မလွတ်မြောက်သေးပါ။
ကျွန်မ သတင်းတပုဒ်ကို စောင့်နေသည်။
သို့သော် သူမအတွက် မရေမရာပါ။
၈၁ နှစ်သည် သူမအတွက် အထီးကျန်နေဆဲ။
သို့သော် ကျန်းမာနေဆဲ။
ကျွန်မ ဆုတောင်းနေသည်။
သို့သော် ဆုပေးသူကို ကျွန်မ မယုံ။
သူမ လွတ်မြောက်ပါစေ။
၈၁ နှစ်ခရီးမှ ပြန်လာပါ။
ကျွန်မ စောင့်နေသည်။
ကျွန်မ ယခုတပတ် စာရေးမယ်ဆိုတော့ အကြောင်းအရာများက အမွေအနှစ်အကြောင်းလည်း ပါမှာဖြစ်သလို စစ်ဘေးရှောင်ဒေသတွေရဲ့ အညာထုတ်ကုန်တွေ ဘယ်လိုပုံမျိုး ကျန်ခဲ့သလဲဆိုတာပါဘဲ။
တနေ့က သတင်းမှာ ဝေဆာနေတဲ့ မြန်မာစီးပွားရေးအကြောင်း ဆရာမတယောက်က အားတက်သရော ပြောသွားပါတယ်။
ဒီနေရာမှာ အညာရဲ့ ထန်းလျက်လည်း ပါသလို
ဆေးပေါ့လိပ်လည်း ပါပါတယ်။
သနပ်ခါးအကြောင်းလည်း ထည့်ပြောပါတယ်။
မြန်မာ့လက်ဖက်အကြောင်း၊ မြန်မာ့ထီးများမှ ပုသိမ်ထီး၊ ရှမ်းထီးလည်း စုံလို့ပါ။
ကျွန်မက အခုလောလောဆယ် ထန်းလျက် စားနေသူပါ။
တပိသာ ၁၀၀၀၀ ကျပ်ဈေးပါ။
အခုဆို ဈေးအနည်းငယ်တက်မယ် ထင်ပါတယ်။
တော်ဝင်ဆေးပေါ့လိပ်က တစည်းကို ၆၀၀ ကျပ်ပါ။
စစ်ကိုင်းဝါးချပ်ဘက် ရောက်တော့ ဆေးလိပ်သမ အနည်းငယ် တွေ့ခဲ့ရပါသေးတယ်။
မြို့သာ ထန်းလျက်ခဲကြီးတွေကတော့ အရောင်းဒိုင် သဘောမျိုး ကျွန်မနေတဲ့ရွာနဲ့ မနီးမဝေးမှာ ရှိနေလေရဲ့။
ပုသိမ်ထီးအကြောင်းတော့ ကျွန်မအနေနဲ့ မသိပါဘူး။
ရှမ်းပြည် နေခဲ့စဉ်ကလည်း ရှမ်းရိုးရာ ထီးတွေအကြောင်း မလေ့လာခဲ့ရလို့ မသိတာ အမှန်ပါ။
ကျွန်မဝန်းကျင်မှာ ရှိနေတဲ့ ထန်းလျက်၊ သနပ်ခါး၊ ဆေးလိပ်အကြောင်းကတော့ ဈေးနှုန်းဈေးကွက် ရှားပါးအဆင့်ပါဘဲ။
ဒါ့အပြင် ယခုနှစ် ပဲဈေးအကြောင်း ပြောရရင် ပဲသိမ်းချိန် အရောင်းဒိုင်ကြီးများ တခါတည်း သူတို့သိမ်းဆည်းရာ ဂိုထောင်ထဲ ထည့်သိမ်းသွားပါတယ်။
ပဲဈေးတက်ချိန်လောက်မှ အခင်းပိုင်ရှင်များမှ ရောင်းကြမှာပါ။
အချို့လည်း ငွေကြေးအခက်အခဲကြောင့် ချက်ချင်းရောင်းကြပါတယ်။
ဒီနှစ်တော့ နှမ်းစိုက်သူ မရှိသလောက်ပါဘဲ။
အချို့လည်း မိမိတို့အိမ်စားဖို့လောက် စိုက်တာမျိုးတော့ တွေ့ရပါတယ်။
အစစအရာရာ ကုန်ကြမ်းလည်း ရှားသလို ယခင်လို လုပ်ငန်းလုပ်သူတွေလည်း ဟိုရောက်သည်ရောက်ပါဘဲ။
ဒါနဲ့ဆက်စပ်လို့ ရက်ကန်းအကြောင်းလည်း ပါပါသေးတယ်။
အမရပူရမြို့အနီးတဝိုက်မှာဘဲ စက်ရက်ကန်းသံတွေ တိုးမပေါက်ပါဘူး။
ရွှေဘိုနဲ့ မြစ်ကြီးနား ရထားလမ်းဘေးတလျောက်က ရွာစဉ်ရွာဝန်းကျင် အတော်များများက စီးပွားပျက်၊ ဘဝတွေပျက်ကြတော့ ယက္ကန်းစင်တွေ စင်ဖြုတ်ရောင်းကြရတဲ့ အနေအထားပါ။
ပျောက်ကွယ်လုနီးနီး လက်ခတ်သံကတော့ တရွာ တစင်တောင် မရှိတော့ပါ။
မြေပြင်မှာ အစစအရာရာ ချို့တဲ့နေသလို ကုန်ဈေးနှုန်း ခေါင်ခိုက်နေချိန် ပြည်သူတွေရဲ့ တကယ့်လက်တွေ့ဘဝက တစစီ ကျိုးပဲ့နေတဲ့ အခြေအနေတွေပါ။
ရှုပ်ထွေးလှတဲ့ လူ့အသိုင်းအဝန်းကြီးမှာ ကျွန်မတို့ အညာဝန်းကျင်မှ အညာအစားအစာ၊ အညာထွက်ကုန်ပစ္စည်းတွေဆိုတာ ကုန်းကောက်စရာမရှိအောင် ပျက်စီးဆုံးရှုံးခဲ့ရတဲ့ အနေအထားပါ။
သည်အနေအထားမှာ လူနေမှုဘဝတွေကို ပြန်လည်ထူထောင်ဖို့က တိုင်းပြည် ငြိမ်သက်အေးချမ်းမှသာ မိမိတို့ဖြစ်ချင်တဲ့ ကုန်သွယ်စီးဆင်းမှုဆိုတာ ဖြစ်လာကြမှာပါ။
ပြည်သူက ပြည်သူအလုပ်ကို လုပ်ကြပါတယ်။
မီဒီယာက မီဒီယာအလုပ်ကို လုပ်ပါတယ်။
တကယ့်လက်တွေ့မှာတော့ ကျန်ရှိနေတဲ့ မြို့ရွာ၊ နေရာဒေသ အစိတ်အပိုင်းများသည် အခွန်အခအမျိုးစုံအောက်မှာ တောဖုံးနေကြပါပြီ။
မြန်မာနိုင်ငံရဲ့ လက်ရှိ အရှိတရားသည် ပြည်သူတွေအတွက် အိပ်မက်မဟုတ်ပါ။
လက်တွေ့ခံစားနေရသည့် ဒုက္ခအမျိုးစုံပါ။
စစ်မှုထမ်းရက်ပြည့်ပြီး ပြန်မလာလို့ စောင့်မျှော်နေသူတွေ၊ စစ်မှုထမ်းပြီး သေသတင်းသာ ကြားလိုက်ရတဲ့ မိသားစုတွေ ကျွန်မဝန်းကျင်မှာ လက်တွေ့ပါ။
တကယ်လက်တွေ့ဘဝရဲ့ အရှိတရားနှင့် ဖြစ်ရပ်မှန်ကို ရင်ဆိုင်နေရတာ ပြည်သူတွေပါ
ပြည်သူတွေအတွက် အခွင့်အလမ်း၊ အခွင့်အရေးရဖို့ဆို လက်ရှိဒုက္ခအမျိုးမျိုးကို အရင်ချေဖျက်ဖို့ ကြိုးစားကြရဦးမှာပါ။
မြေပြင်ကို တကယ် ကွင်းဆင်းကြည့်ကြပါ။
မြန်မာနိုင်ငံမှာ နေရာကွက်ကွက်လေးအတွက် စဉ်းစားခဲ့ကြလို့ အကြိမ်ကြိမ် ကျရှုံးခဲ့ရတာ ပြည်သူတွေပါ။
ပိုက်ဆံရှိအသိုင်းအဝန်းနဲ့ ခရိုနီများကတော့ ပိုနေမြဲ ကြားနေမြဲပါဘဲ။
ဒီအတွက် ပြည်သူတွေဘဝ လှပဖို့ မိမိတို့ဘဝကို ပြည်သူတွေအတွက် ပြန်လည်ရင်နှီးကြည့်ကြပါ။ ငွေကြေးကသာ အရာရာကို ဦးဆောင်တာ မှန်ပေမဲ့ အချို့သော အကြောင်းအရာများမှာတော့ အမှန်တရားကသာ အနိုင်ယူဦးဆောင်သွားသည်များလည်း ရှိနေကြပါတယ်။
ခေတ်မကောင်း၊ စနစ်မကောင်းချိန်မှာ ပြည်သူများအတွက် အရှိတရားနှင့် အမှန်တရားကသာ အထောက်အပံ့ကောင်း ဖြစ်သည်ဆိုတာလေးကို မျှဝေထောက်ပြရင်း။
ဖလော်ဒါဟန်
၂၃.၆.၂၀၂၆
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar