Breaking News

ဆယ်ပေါင်တူ - သီချင်းဗျူဟာများနှင့် ဘယ်လိုမှ အဆဲခံမလွတ်ရှာသော ကြင်စိုး


ဆယ်ပေါင်တူ - သီချင်းဗျူဟာများနှင့် ဘယ်လိုမှ အဆဲခံမလွတ်ရှာသော ကြင်စိုး

မိုးမခ ၊ ဇွန် ၂ ၊ ၂၀၂


‘မှန်းချက်နဲ့ နှမ်းထွက်မကိုက်ဘူး’ ဆိုတဲ့စကားက ကြင်စိုးအတွက် ရည်ရွယ်ပြီး ပြောခဲ့ကြလေသလားလို့ပဲ အောက်မေ့ရတယ်။ လုပ်သမျှက အလွဲလွဲအချော်ချော်တွေချည့်ပဲ။ အခုလည်းကြည့်လေ ‘ငွေလမင်းကြီး အလင်းဖြာစေခဲ့ပြီ’ ဆိုပြီး ‘ဘောတော်ဘွဲ့’ သီချင်း ရေးကြဆိုကြစေပြန်တော့လည်း ခုတ်ရာတခြား ထိရာတခြား ဖြစ်ပြန်ပြီ။ မှားပြောတာမဟုတ်ဘူးနော်၊ ကြင်စိုးလိုကောင်အတွက် ‘ဘုန်းတော်ဘွဲ့’ ဆိုတဲ့ စကားက မတန်မရာဆိုတော့ သူ့ဘောမတွေ ဖန်တီးလိုက်တဲ့သီချင်းကို ‘ဘောတော်ဘွဲ့’ လို့ပဲ နာမည်တပ်ရတော့မှာ။

ရောင်လင်းလက်ဖြာ ချစ်စရာ

ရောင်လင်းလက်ဖြာ ချစ်စရာ

ရောင်လင်းလက်ဖြာ ချစ်စရာ

ကြင်စိုးရှိတဲ့နေရာ လိုက်ရှာဖို့ မခက်တော့ဘူး။ သူအဓမ္မသိမ်းပိုက်ထားတဲ့ သမ္မတအိမ်တော်ထဲ အဲဒီသီချင်းကို သူ့ရဲ့ကီးကြောင်အသံကြီးနဲ့ ကျယ်ကျယ်တမျိုး၊ တိုးတိုးတဖုံ လိုက်ဆိုနေတာမို့ သူရှိတဲ့နေရာ အလွယ်တကူ သိနိုင်နေပြီ။

သူ့ဆီကို အပြေးတပိုင်းနဲ့ သုတ်သီးသုတ်ပျာ ရောက်လာတဲ့ သူတိုးတိုးတိတ်တိတ် ရပ်ကွက်တွေထဲ လွှတ်ထားတဲ့ သတင်းပေးတွေကို မြင်လိုက်ရတာကြောင့် ဆိုလက်စ သီချင်းကို ရပ်လိုက်တယ်။ ဒီသီချင်းလွှင့်ပြီးတဲ့နောက် ပြည်သူတွေ ငွေလမင်းကြီး သူ့အပေါ် ဘယ်လို ပြောဆိုကြလေဦးမလဲ ဆိုတာ သိချင်လို့။ မတန်မရာပဲ ပြောပြော ကောင်းပေ့ညွန့်ပေ့ ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ်ဖော် မသူတော်စကားတွေနဲ့ အမွှန်းတင်ထားတာမို့ ဘယ်လိုမှ မကောင်းပြောလို့ ရတော့မှာ မဟုတ်ဘူးလို့ သူကတွေးထားတာလေ။

‘အလကားကျော်စွာ’ ဘွဲ့ပေးထားရကျိုးလည်း နပ်ပါပေတယ်။ ရေးထားတဲ့ စကားလုံးတွေ နားထောင်ရင်း ကြင်စိုး သူ့ကိုယ်သူ မှန်ရှေ့ ဖင်ဗူးတောင်းထောင် ကန်တော့ချင်ရလောက်အောင် ကြည်ညိုနေမိတယ်။ အင်း…တံတွေးခွက်ထဲ မျောသွားတဲ့ဟိုကလေးမ ကိုလည်း ‘အလကားကျော်စွာ’ လို ဘွဲ့မျိုး ရှာကြံပေးရမယ်၊ သူ့ခမျာ တသက်လုံး အဆူအဆဲခံ ထိသွားရှာမှာ ဆိုတော့။

‘ကဲ……ပြောကြစမ်း … ငါကိုယ်တော် ငွေလမင်းကြီး သီချင်း အကြောင်းကို ဘာများပြောနေကြတုန်း’

‘ဘပု….. ဒီတခါလည်း အပြောမလွတ်ဘူး၊ ပယ်ပယ်နယ်နယ် ပျစ်ပျစ်နှစ်နှစ်ပဲ’

‘ဟ……ဟုတ်ပါ့မလားကွာ၊ မင်းတို့အကြားများလွဲနေကြလား၊ ပြစ်မျိုးမှည့်မထင် ဖြစ်အောင် ရေးကြဆိုကြထားတဲ့သီချင်း’

‘ဘပု ..ကျနော်တို့ကို ဒေါသမထွက်ရဘူးနော်၊ ကျနော်တို့က ကြားရတာကို လာပြောပြတာ’

သူ့လူတွေက ပြောဖို့ တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေတာမို့ ‘အေးပါကွာ.. ပြောစရာရှိတာ ပြောစမ်း’ လို့ သူတို့စိတ်သက်သာရအောင် ခွင့်ပေးလိုက်တယ်။

‘ငလမ’ အကြောင်း ရေးထားဆိုထားတဲ့ ‘ငလမ’ သီချင်းတဲ့။

အေး…ဟုတ်တယ်လေ၊ ငွေလမင်းဆိုတော့ ‘ငလမ’ ပဲပေါ့။

‘မဟုတ်ဘူး ဘပု… သူတို့ပြောတဲ့ ‘ငလမ’ ဆိုတာ ငါနဲ့ကိုင်တုတ်တဲ့ ‘ငလမ’’

ခပ်ထူထူ ကြင်စိုး ဇဝေဇဝါ ဖြစ်နေတာကိုကြည့်ရင်း မထူးတော့ပါဘူးဆိုပြီး ဆက်ပြောပေးလိုက်ကြတယ်။

‘ငါနဲ့ကိုင်တုတ်တဲ့ ‘ငလမ’ ဆိုတာ ‘ငါဠိုးမ’ လို့ ပြောတာ’

ဟာ….ခနဲ ကြင်စိုးဖြစ်သွားတယ်။ ဒီလိုကြားရမယ်လို့ သူလုံးဝ ထင်မထားဘူး၊ ဒီတခါလည်း သူ့ကို ဆဲဖို့ဖြစ်သွားတာပဲပေါ့။ သူ ဘာပဲလုပ်လုပ် အဆဲတောင်းနေသလိုကိုဖြစ်လို့။

‘မင်းတို့ကလည်းကွာ ငါ အရပ်ပုလို့ ‘ငလက်မ’ လို့ ပြောကုန်ကြတာလည်း ဖြစ်ရင်ဖြစ်မှာပေါ့။ မဟုတ်နိုင်မှန်း သိပေမဲ့ ကြင်စိုး ရသေ့စိတ်ဖြေတွေးရင်း ပြန်ပြောလိုက်တယ်။

‘မဟုတ်ဘူး ဘပု….. ‘ငလမ’ ဆိုတာ ငါဠိုးမမှ ငါဠိုးမ အစစ်၊ ငါဠိုးမ.. ငါဠိုးမ’ ငါဠိုးမကြင်စိုး ..ငါဠိုးမမအလ ဆိုပြီး ဘပုနာမည်ကိုတောင် ထည့်ပြောကြတာ’

‘ဒီကောင်တွေကိုယ်တိုင်လည်း ငါ့ကိုဆဲချင်နေကြသလား မသိပါဘူး၊ မြိန်ရည်ယှက်ရည်နဲ့ ပြောနေသလိုပဲ’ လို့လည်း ကြင်စိုး တွေးမိလိုက်သေးတယ်။

‘ကျန်သေးတယ်….ဘပု၊ ဒီသီချင်းက ဘပုကို တဖက်လှည့်နဲ့ ဆော်ထားတာတဲ့’

‘ဒါတော့ လွန်ပြီကွာ၊ ဒီလောက်မတန်မရာ စကားလုံးတွေနဲ့ မွှန်းထားတဲ့ သီချင်း၊ ငါ့ကို ဆော်တာ ဘယ်လို ဖြစ်နိုင်ပါ့မလဲ’

‘သူတို့ပြောတာ ဟုတ်သလိုလိုတော့ရှိတယ် ဘပု၊ စဉ်းစားကြည့်လေ ‘အနှစ်ပါ ချစ်စရာ မေတ္တာငွေလမင်းကြီး’ ဆိုတဲ့အပိုဒ်’

‘အဲဒါ ဘာဖြစ်လို့တုံး’

‘ချစ်စရာတို့ မေတ္တာတို့ဆိုတာက ‘ဟာသလူရွှင်တော်’ တွေလေ၊ ဘပုလည်း မြေအောက်ရထား၊ လျှပ်စစ်ကား၊ တိုင်းပြည် စီးပွားရေး တိုးတက်နေပါပြီ၊ ငြိမ်းချမ်းရေး ရအောင်လုပ်ချင်တာတို့’ ဟိုနေ့ကပဲ အိန္ဒိယက စီးပွားရေး လုပ်ငန်းရှင်တွေကို လာပြီး ရင်းနှီးမြှုပ်နှံကြ အာမခံပေးနိုင်တယ် ဘာညာပြောခဲ့တာ၊ ဘပုကိုယ်တိုင် နေပြည်တော်မှာပဲ ကျည်ကာအထပ်ထပ်ဝတ်ပြီး ငြိမ်ကုပ်နေနေရတာ၊ ပြောသမျှ လူရယ်စရာတွေမို့လို့ ရယ်စရာတွေ ပြောတဲ့ ‘ဟာသလူရွှင်တော်’ နာမည်တွေနဲ့ တွဲပြီး သီချင်းထဲ ထည့်ထားတာလည်း ဖြစ်နိုင်တာပေါ့’

‘ကျွန်တော်တို့ကတော့ ပြည်သူ့ဆန္ဒနဲ့အညီ ထုတ်ဖော်လာတဲ့ ရလဒ်ကို လက်ခံရမှာပဲ။ ဒါကတော့ ဘယ်လိုမှ ငြင်းလို့ မရဘူး လက်ခံရမှာပဲ’ ဆိုတာလည်း ဘပုပဲ ၂၀၂၀ ရွေးကောက်ပွဲတုန်းက မဲသွားပေးရင်း ပြောခဲ့တာမဟုတ်လား၊ ပြီးတော့ မကြာပါဘူး အာဏာထသိမ်းလိုက်တာပဲ၊ လူရယ်စရာကို ဖြစ်လို့’

နောက်တယောက်က ထပ်ဝင်ပြောလိုက်မှ၊ ကြင်စိုး ပိုရင်ဆို့သွားတယ်။

‘ဘပုနဲ့ မတူတာ တခုတော့ ရှိတယ်၊ လူတွေက ပြည်သူ့ဘက်က ရပ်တည်တဲ့ ဟာသအနုပညာရှင်တွေကို ချစ်ကြပြီး ဘပုကိုကျတော့ အသေမုန်းတာ၊ ရွံတာ၊ဘယ်လောက်အထိ ရွံကြမုန်းကြသလဲဆိုတော့….

အားပါးတရ ပြောနေတဲ့ သူ့စကားဆုံးအောင်တောင် ဆက်ပြောခွင့်မရလိုက်ရှာပါဘူး။ ကြင်စိုးစိတ်ဆိုးမာန်ဆိုးနဲ့ ထအော်လိုက်တယ်။

‘တော်စမ်းကွာ…..တော်တော့၊ မင်း ပြောစရာမလိုဘူး၊ ငါ့ဘာသာငါလည်း သိတယ်’

သီချင်းခိုးလိုက်၊ အသစ်ရေးခိုင်းလိုက်လုပ်ရင်း စိတ်ဓာတ်စစ်ဆင်ရေး၊ ဝါဒဖြန့်ချိရေး ဗျူဟာမျိုးစုံ သုံးပြီး ပြည်သူကို စိတ်အနှောင့်အယှက် ပေးနေတဲ့ ကြင်စိုး၊ သူ မျှော်လင့်သလို ဖြစ်မလာတဲ့အတွက် စိတ်မသက်မသာ ဖြစ်သွားတယ်။

သီချင်းခိုးတဲ့ ကိစ္စမှာလည်း အခုဆိုရင် ‘အဆုံးသတ်တိုက်ပွဲ ငါတို့နွှဲရမည်’ ၊ ‘အဆုံးသတ်တိုက်ပွဲ ငါတို့နွှဲရမည်’ ဆိုပြီး အော်နေရင်တောင် လက်ပိုက်ကြည့်နေကြရပြီ။ အရင်လို မေးလားမြန်းလား ဖမ်းလားဆီးလား လုပ်လို့မရတော့၊ သွားလုပ်ရင်လည်း ခင်ဗျားတို့ ‘မြဝတီ’ က တောင်လွှင့်ထားတာလေလို့ ပြန်ပြောလို့ ရသွားပြီ။ ဘာကို ရည်ရွယ်ပြီး ဆိုနေကြတယ် ဆိုတာကို သိသိကြီးနဲ့ လက်ပိုက် ကြည့်ရုံဖို့ပဲ ရှိတော့တယ်။ အဲဒါကြောင့် သူ့ကို ပြောကြတာ ဖြစ်မယ်၊ မှန်းချက်နဲ့ နှမ်းထွက်မကိုက်တဲ့ ‘မအလ ကြင်စိုး’ လို့၊ အခုတော့ ‘ငလမ ကြင်စိုး’ ဖြစ်သွားပြီပေါ့။

မဲလုံး သူ့နံဘေးမှာ မရှိတော့လည်း ဟိုအရင် မဲလုံး ရှိတုန်းကလိုပါပဲ၊ ဘာဆိုဘာမှ ထူးမလာဘူး။ ပြည်သူတွေက အရင်လိုပဲ အရင်အတိုင်းပဲ၊ ကြင်စိုးတို့ ဘာလုပ်လုပ် ဘာပြောပြော ယုံကြည်မှု ရှိကိုမရှိကြ၊ မဲလုံးတုန်းကလိုပဲ ပြောင်းပြန်အဓိပ္ပာယ်ကောက်နေကြတုန်း။ ဘယ်လိုပဲ သူ့ပုံရိပ် မကောင်းကောင်းအောင် ရှာကြံလုပ်ပြလုပ်ပြ၊ ဘယ်သူကမှ အကောင်းမမြင်ကြ မယုံကြည်တော့ဘူး။ အင်း…သူ့ဘောမတသိုက်က လွဲရင်ပေါ့။

အကောင်းမြင်စရာလည်း ဘာမှမရှိပါဘူး။ တကယ်တော့ သူက တကယ့်ကို မလုပ်တတ်မကိုင်တတ်နဲ့ပါ။ အိန္ဒိယမှာတုန်းက အမြတ်များများ မယူပဲ၊ အရေအတွက်များများ ရောင်းချနိုင်ဖို့ကြိုးစားကြရမယ် ဘာညာဆိုတဲ့ စီးပွားရေးမူကြိုအဆင့် သူသိသမျှ မှတ်သမျှလေးတွေ ပြောမိပြီးမှ နောင်တရမိတယ်။ သူ့ရှေ့မှာ ထိုင်နေကြတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေက သူ့နောက်ကွယ်မှာ ရယ်စရာ လုပ်နေကြမှာပဲ ဆိုပြီး။ ဒီလောက်ကတော့ အိန္ဒိယက လမ်းဘေး ဘယာကြော်ရောင်းတဲ့သူတောင် သိကြတာပဲ၊ အင်းလေ… သူကိုယ်က ပေါက်လွတ်ပဲစား ပရမ်းပတာ ပြောတဲ့အကျင့်က ဖျောက်လို့မှ မရတာပဲ။

သူကိုယ်တိုင်လည်း သိပါတယ်၊ သူ့မှာ လက်နက်အားကိုးနဲ့ သတ်ဖြတ်ခြိမ်းခြောက် အနိုင်ကျင့်တာကလွဲလို့ ဘာမှအရည်အချင်း မရှိတာ။ ပြည်သူတွေက မျက်စိပွင့် နားပွင့် ဖြစ်လာကုန်ကြပြီ။ ပြည်သူ့အာဏာ ပြည်သူ့လက်ထဲ ပြန်မရောက်မချင်း လက်လျှော့ကြမှာ မဟုတ်မှန်းလည်း သူ ပိုပိုသိလာခဲ့ပြီ။ ဒါပေမဲ့ ကြင်စိုး အသိနောက်ကျခဲ့ပြီ။ ဒီတော့လည်း နေ့နေ့ညည အဆဲခံနေရုံပဲ ရှိတော့တယ်လို့သာ ‘ငလမ မအလကြင်စိုး’ တွေးရင်းနဲ့ သက်ပြင်းချပြီး သူ့စိတ်ကို လျှော့ချလိုက်ရပါတော့တယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar