Breaking News

ကိုနီတွတ် - NUG + NUCC + EROs + PDFs (SCEF) = Success

ကိုနီတွတ် - NUG + NUCC + EROs + PDFs (SCEF) = Success

မိုးမခ ၊ ဇူလိုင် ၅ ၊ ၂၀၂၆


ခေါင်းစဉ်ကို မြင်ကတည်းက ကျောင်းသားဘဝက ဓာတုဗေဒညီမျှခြင်း ဖြေရှင်းခဲ့ရသည်ကို သတိရမိသည်။ သတိရကြမည် ထင်သည်။ မိမိလိုချင်သော အဖြေရအောင် ညီမျှခြင်းများကို ညှိပြီး နောက်ဆုံး လိုချင်သာ အဖြေရကြသည်။ အဖြေရခြင်းသည် ထိုညီမျှခြင်းအတွက် အလုပ်ပြီးမြောက်ခြင်း ဖြစ်သည်။ အောင်မြင်ခြင်း ဖြစ်သည်။ ယနေ့ မြန်မာ့နွေဦးတော်လှန်ရေးသည်လည်း NUG+NUCC+EROs+PDFs(SCEF)=Success ဖြစ်ပါလျင် တကယ်ကို အလုပ်ပြီးမြောက်မည်၊၊ အောင်မြင်မည်မှာ သေချာပါသည်။

ကမ္ဘာ့ကုလသမဂ္ဂ၏ အစီရင်ခံစာအရ မြန်မာ့နွေဦးတော်လှန်ရေး ၅ နှစ်ကျော်အတွင်း မြန်မာနိုင်ငံသည် အငတ်ဘေးဆိုက်မှု ကမ္ဘာ့အဆင့် ၆ သို့ ရောက်သွားသည်။ ဒုက္ခသည်အများဆုံးနိုင်ငံ၊ စစ်ပွဲကြောင့် သေကျေမှုအများဆုံးနိုင်ငံ၊ မြေမြှုပ်မိုင်းကြောင့် လူသေအများဆုံးနိုင်ငံ၊ ငွေကြေးဖောင်းပွမှု ၂၅% အထိ မြင့်တက်နေပြီး စီးပွားရေးအကျဆင်းဆုံး နိုင်ငံ၊ ပြည်ပသို့ လူငယ်များ အထွက်ဆုံးနိုင်ငံ ဟူသော အခြေအနေများကား ဘယ်လိုမှ ငြင်းမရသည့် အကြောင်းတရားများပါတည်း။

ထိုသို့ဖြစ်ရခြင်း၏ မူလအရင်းခံမှာ အဆင်ခြင်မဲ့ နိုင်ငံတော်အာဏာသိမ်းပိုက်လိုက်သည့် မအလငတိ၏ အသိဉာဏ်မဲ့မှု ဖြစ်ပါ၏။ သူ့ချည်းပဲလား ဆိုတော့.. မဟုတ်ပါလေ။ သူနှင့်အတူ ကြံရာပါ ဗိုလ်ယုတ်များ၊ ကြံ့ဖွတ်ပါတီ၊ ခေါင်းညိတ် ခေါင်းခါလောက်သာတတ်သည့် Non-CDMs ကျွန်ဒေါက်တိုင်များ၊ သာပေါင်းညာစားများ၊ နိုင်ငံတော်၏ သယံဇာတများကို လူယုတ်မာများနှင့် ပေါင်းစားနေသည့် ခရိုနီများ၊ ခါတော်မီလူမိုက်များ၊ ထွေအုပ်၊ လဝက၊ ပျူစောထီး၊ အုပ်ချုပ်ရေးမှူးနှင့် အချောင်နေအချောင်စားများလည်း ပါ၏။ သူတော်ချင်းချင်း သီတင်းလွေ့လွေ့။

အာဏာသိမ်းစ Covid-19 ဒုတိယလှိုင်းအလွန် တတိယလှိုင်းများတွင် ထိုအာဏာရူးအဖွဲ့၏ အောက်စီဂျင်အိုးများကို တွေ့သမျှ သိမ်းယူခဲ့ခြင်းကြောင့် မသေသင့်ဘဲ သေဆုံးခဲ့ရသည့် ပြည်သူများစွာ။ အာဏာသိမ်းမှုကို မကျေနပ်၍ လက်သုံးချောင်းထောင် ဆန္ဒပြ၊ ည ၈ နာရီမှ ၈ နာရီ ၁၅ မိနစ်အထိ သံပုံးတီး တော်လှန်မှု၊ နေ့စဉ်ရက်ဆက် အလွှာစုံပြည်သူအားလုံးနီးပါး၏ လမ်းပေါ်ထွက်ဆန္ဒပြ၊ ဝန်ထမ်းပေါင်းစုံမှ CDM ပြုလုပ်သွားမှုများကြောင့် အာဏာသိမ်းယန္တရား ပြိုလဲသွားမည်စိုး၍ သေနတ်အစစ်၊ ကျည်အစစ်များဖြင့် ပစ်ခတ်နှိမ်နင်းခဲ့ပုံကလည်း လုံးဝ လုံးဝ နည်းလမ်းအမှားကြီး။

စစ်ဗိုလ်ယုတ်များ၏ ခေတ်နောက်ပြန်ဆွဲ ယတြာရူး ရူးနေပုံကလည်း ပြည်သူများ၏ အသက်ကို မညှာမတာ။ ရဟန်းရူး၏ "ခေတ်ကိုပြောင်းချင်လျှင် ခေါင်းကိုပစ်ရမည်" ဆိုသည်မှာလည်း ဖျောက်ဖျက်ဖုံးကွယ်မရသော သမိုင်းအရိုင်း။ နောက်ရဟန်းတစ်ပါး၏ အားပေးပုံကလည်း သာပေါင်းညာစား။ အမေစုကိုလည်း ဒုတိယအောင်ဆန်းဟု ဆိုခဲ့သလို မအလ အာဏာသိမ်းပြီးပြန်တော့ သံဃာ ၄ သိန်းအားရှိပြန်သည်။ မအလနှင့် ဗိုလ်ယုတ်တသိုက်၏ လောဘ(ရာဂ)၊ အမုန်းတရား(ဒိဋ္ဌိ)၊ ကာမ(မောဟ) စသည့် မကောင်းမှု အကုသလ လုပ်ရပ်များ မြင် ကြားနေရသော်လည်း ထိုရဟန်း၏ မအလကို ထောက်ခံအားပေးပုံက ရုံထားသည့် သင်္ကန်းကိုမှ အားမနာ။

အချို့သင်္ကန်းဝတ်များကလည်း သင်္ကန်းကိုသာ ရုံထားတာ၊ ဒကာ ဒကာမများ ပူဇော်သော ဆွမ်းကိုဘုဉ်းပေး၊ အခြားလှူဖွယ်ရာများကို လက်ခံပြီး ပျူ၊ ပြည်သူ့စစ် လက်နက်ကိုင် အဖွဲ့ကိုဖွဲ့ လူသတ်၊ ဓားပြတိုက်၊ ငွေညှစ်ခြင်းများကို လုပ်နေပုံတွေကလည်း မအလ ဗိုလ်ယုတ်များ၏ ထောက်ခံအားပေးမှုမပါဘဲ မဖြစ်နိုင်။ အချို့ကလည်း အခြေခံ သီလငါးပါးထဲတွင်ပါသည့် သူ့အသက်သတ်ခြင်း သိက္ခာပုဒ်ကိုလည်း သိသည်။ မဂ္ဂင် ၈ ပါးဖြစ်သည့် ပညာ- ကောင်းမြတ်စင်ကြယ်သော အမြင်နှင့် အကြံ၊ သီလ- ကောင်းမြတ်စင်ကြယ်သော အပြာ၊ အလုပ်နှင့် အသက်မွေးမှု၊ သမာဓိ- ကောင်းမြတ်စင်ကြယ်သော အားထုတ်မှု၊ မမေ့လျော့မှုနှင့် စိတ်တည်ငြိမ်မှု ဘုရားဟော တရားဦးဓမ္မစကြာ ကိုလည်း ထုံးလိုချေ ရေလိုနှောက်သည်အထိ ကျေညက်သည်။ သို့သော် ထိုရဟန်းတို့သည် အသိတခြား စရဏတခြား။

ပြီးခဲ့သည့်နှစ်က ကိုးရီးယားသမ္မတက အာဏာသိမ်းခဲ့သော်လည်း စစ်တပ်က မထောက်ခံ။ လွှတ်တော်များကလည်း သဘောမတူတော့ ထိုအာဏာသိမ်းသမ္မတ ပြုတ်သွားသည်။ ထောင်နန်းပါ စံသွားရသည်။ တိုင်းပြည်လည်း စစ်မက်မဖြစ်၊ ပြည်သူများလည်း စိတ်မဆင်းရဲ၊ ဒုက္ခမရောက်။ တိုင်းပြည်အေးချမ်း သာယာသွားသည်။ နောင်ကြဉ်အောင် ဒီမိုကရစီ နည်းလမ်းများ ပိုထွန်းကားသွားသည်။ ထိုစံနမူနာကောင်းကိုလည်း အတုယူရကောင်းမှန်းမသိ။ ခမာနီလူသတ်ခေါင်းဆောင် ပိုပေါ့ကဲ့သို့ ပြုကျင့်သည်။ နဂိုကတည်းကမှ သမ္မတရူး ရူးနေ၍ ကိုယ်ကျိုးအတ္တကို ရှေ့တန်းတင် အာဏာသိမ်းခဲ့သော ဗိုလ်ယုတ်တသိုက်မှာ မိုက်ပြီးရင်းမိုက်၊ မှားမှန်း သိသိကြီးနှင့် ရှေ့ဆက်တိုးမှုတို့၏ အကျိုးဆက်ကြောင့် ယနေ့ မြန်မာပြည်ကြီး စစ်မီးတောက်လောင်သည်။

မအလ ဂျဘောင်ဂု၏ ကြည်းတပ်ကလည်း ပြည်သူကို ချစ်အောင် ကျင့်ပုံမှာ အောချစရာ။ တွေ့သမျှဖမ်း၊ လူသားတံတိုင်းလုပ်၊ PDFs ကင်းထောက်ဟု စွပ်စွဲသတ်ဖြတ်၊ မြို့ရွာများကို မီးလောင်တိုက်သွင်း၊ ပြည်သူပိုင်များကို မတရားသိမ်း၊ ခိုးယူ စသဖြင့် စစ်တပ်၏ ကျင့်ဝတ်များနှင့် သွေဖည်သော လုပ်ရပ်များကို ကျူးလွန်နေသည်။ ရှေးဟောင်းသမိုင်းဝင်သောကော ဘာကော နားမလည်။ ဘာသာရေးအဆောက်အဦ၊ ပြည်သူ့အိမ်ခြေတိုက်တာများ ဖယ်ရှားရှင်းလင်းပစ်သည်။ "ဗိုလ်ကြီးတို့လာမှ ကျွန်မတို့ရွာ ပြာကျသွားတယ်" ဟုသော တိုင်းရင်းသား သွေးချင်းတို့ ပြောသောစကားသည် တကယ့်ကို အမှန်အကန်။

လေတပ်၏ နေ့စဉ် ဗုံးကြဲချမှုများကလည်း ယခုဆို ရှမ်းပြည်နယ်မှလွဲ၍ ကျန် ပြည်နယ်နှင့်တိုင်းများအနှံ့၊၊ ဒါ.. စစ်ဘေးရှောင်စခန်း၊ စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်း၊ ချပ်ကျောင်း၊ ပြည်သူ စသဖြင့် ရွေးချယ်ခြင်း လုံးဝမရှိ။ အစုလိုက် အပြုံလိုက် သေကျေကြသည်မှာ လူမျိုးတုံး သတ်ဖြတ်မှုမှန်းလည်း သူတို့၏ ဦးနှောက်ထဲတွင် မသွင်း။ Yousuf Syed Khan ရေးသားသည့် "Rohingya Starvation is Myanmar's Genocidal State Policy" ဆောင်းပါးထဲအရ သွေးထွက်သံယို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမှမဟုတ်။ လူတစ်စု၏ အသက်မွေးဝမ်းကျောင်းအခြေခံများကို နိုင်ငံတော်အဖွဲ့အစည်းကိုယ်တိုင်က ဖျက်ဆီးပစ်တာကိုလည်း ခေါ်ကြောင်း အသိရှိပုံမရ။ ယခုတော့ လူတစု မဟုတ်၊ မြန်မာတပြည်လုံးကို ဤအတိုင်း ကျင့်သုံးနေသည်။ သခင်က ရှူးတိုက်ခိုင်းသည့် ခွေးရူးများကဲ့သို့ လေတပ်၏ ရက်စက်မှုကို တပြည်လုံး ခံနေရသည်။

ယခုဆို မအလအာဏာလုသက်တမ်း ၆ နှစ်ထဲ ရောက်၍ ကိုယ်တိုင်ခန့်၊ မည်သူမှ အသိအမှတ်မပြု၊ ပြည်သူအများ၏ အဆဲခံရဆုံး သမ္မတကြီးပင် လုပ်နေပြီ။ သူ၏ သက်တမ်းရက် ၁၀၀ အတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်ရန် ဖိတ်ခေါ်သော်လည်း ပုလင်းတူ ဘူးဆို့ခေါ် နယ်မြေမရှိ အချောင်စားမည်ကာမတ္တအဖွဲ့များမှလွဲ၍ မည်သည့ EROs များမှ စိတ်မဝင်စား၊ မသွားကြ။ ထိုအခါ ကလေးကုလားအပေါက်ဖြင့် မောင် ခေါ်တုန်းမှ ဗျာမထူးလျှင် လုပ်သင့်လုပ်ထိုက်သည်များကို အပြတ်လုပ်မည်ဟု ငြိမ်းခြောက် ဟိန်းဟောက်နေသည်က လူရယ်စရာကြီး။ မအလ အာဏာရူးကား မြန်မာနိုင်ငံကို လုပ်ချင်သလို လုပ်နေသည်။ သူသမ္မတလုပ်ရခြင်းသည် ပြည်သူက ရွေးချယ်၍... ဟူသတတ်။ သို့သော် ထိုပြည်သူများ လိုလားသော မအလနှင့် တပ်မတော် နိုင်ငံရေးမှ ထွက်ပါ၊ ကျူးလွန်သမျှ တာဝန်ခံရန် ဟူသော အသံကိုတော့ မကြားယောင်ပြုသည်။

မြေပြင်မှာ အလုံးအရင်း အသေခံစစ်ကြောင်းထိုး၊ လက်နက်ကြီး ပစ်ကူဖြင့် ထိချင်ရာထိ။ လေယာဉ်အုပ်စုလိုက် ပြည်သူများအပေါ် ဗုံးကြဲ ချချင်ရာချ လုပ်နေပုံက သူ့ပါးစပ်ကထွက်သာ ငြိမ်းချမ်းရေးစကားသည် ဘာလဲ၊ ဘယ်လဲ။ နေပြည်တော်တွင် ကမ္ဘာ့အကြီးဆုံးရုပ်ပွားတော်ကြီးတည်၊ သာသနာပြုမင်းကြီးအဖြစ် ဟန်ဆောင်။ ထိုဗုဒ္ဓ ညွှန်ပြခဲ့သော အဟိံသ လမ်းစဉ်ကိုမလိုက်။ မိမိကို ခုခံကာကွယ်ခြင်းမှလွဲ၍ "သူတပါးကို မထိခိုက်စရန်၊ သူတပါးအသက်၊ ရှင်သန်မှု လေးစားရန်" တို့သည် အဟိံသ ၊ ငြိမ်းချမ်းရေးပင် ဖြစ်သည်လေ။ သို့သော် မူမမှန်သာ ကိုယ်ကျင့်တရားဆိုင်ရာ လုပ်ရပ်များသည် လုပ်ဆောင်မှုရှိသည့် နေရာမှာရော၊ မရှိသည့်နေရာမှာရော ရှောင်လွဲ၍မရသည့် အကျိုးသက်ရောက်မှုများ လာမည်ကို အနှီ မအလ လူယုတ်မာသည် အကြောက်တရားကြောင့် မှားနေသည်လည်း မပြင်။ ရှေ့ဆက် တိုးပြီးရင်းတိုး၊ မှားပြီးရင်းမှား၊ လွဲပြီးရင်းလွဲ၊ ရက်စက်သထက် ရက်စက်လာနေသည်။

ထို့အပြင် ၎င်း၏ အကြောက်တရား၊ မနာလိုဝန်တိုမှုကြောင့် မဆင်ခြင်မစဉ်းစား။ အာဆီယံမူ ငါးချက်ကိုပင် မလိုက်နာလို၍ အခွင့်သင့်တိုင်း လှမ်းတွ့နေသည်။ စိန၊ စောချစ်သူတို့နှင့်ပေါင်း၍ ကျားဖြန့်ကိုလည်း ယခုဆို မအလတို့ အုပ်ချုပ်မှုအောက်တွင်ရှိသည်ဆိုသော ရန်ကုန်၊ မန္တလေး မြို့ကြီးများအထိ ဆွဲသွင်း ကာကွယ်ပေးရင်း ကမ္ဘာကို လိမ်နေဆဲ။ မြန်မာပြည်သူများပိုင် သယံဇာတများကိုလည်း မသေခင်ရသမျှ အကုန်ရောင်းစားနေသည်။ မြန်မာပြည်သူများအားလုံး၏ အသည်းနှလုံး ဧရာဝတီမြစ်ဖျားတွင် မြစ်ဆုံဆည်တည်ဆောက်ရန်ကိုလည်း ရှေ့နောက် အမျှော်အမြင် ကင်းမဲ့စွာ တရုပ်နှင့်ပေါင်းလုပ်ရန် အကြံကြီး ကြံနေသည်။ တနည်းဆိုသော် ရောင်းစားနေသည်။ စိန၏ နယ်မြေချဲ့ ခြံခတ်ခြင်းကလည်း ဆူညံလို့နေသည်။ မအလကိုယ်တိုင် စိနတိုင်း၏ ဘုရင်ခံ ဖြစ်သွားကြာင်းကိုလည်း အရှက်မရှိ။ နယ်မြေကျူးကျော်မှုကိုလည်း တစ်ခွန်းမှမဟရဲ။ စတုတ္ထမဏ္ဌိုင်တိုင်များက ထောက်ပြသော်လည်း အကြမ်းဖက်ပြည် ပြေးမီဒီယာများဖြစ်၍ မဟုတ်မမှန်ကြာင်း ဟူ၏။ သူ၏ဘောမမီဒီယာများကိုလည်း စိနနှင့်ပက်သက်လျှင် မပြောရ၊ ပြောလျှင် ကြောင်မျိုးမင်းကဲ့သို့ ဖြစ်တော့သည်။ ဖမ်းမည်၊ နှိက်စက်မည်၊ ထောင်ချမည်။

အဆိုးဆုံးကား ပြည်ပစစ်မရှိဘဲ စစ်မှုမထမ်းမနေရဟု သူ့ပါးစပ်က ထွက်ချင်ထွက်၊ ပြောချင်ရာပြောစကားကို ဥပဒေလုပ်ပစ်သည်။ လူငယ်လူရွယ်၊ လူကြီးများပါမကျန် ပေါ်တာဆွဲ၊ လူကုန်ကူး၊ ဖမ်းဆီး၊ မှတ်ပုံတင်အသစ်ပြောင်း၊ သင်တန်းလအနည်းငယ်ပေး၊ ရှေ့တန်းထွက် အသေခံခိုင်းနေသည်။ အနေချောင်မည်ထင်သော မြို့ပြနေလူငယ်များ၊ လူငယ်များ၏ မိဘများ ခေါင်းငုံ့ခံရုံကလွဲ၍ ဘာကိုမှမတတ်နိုင်။ ဗိုလ်ယုတ်မှုများကား လုံးဝ သနားညှာတာမှုမထား။ သူတို့မသေလျှင်ပြီးရော၊ အာဏာလက်မလွှတ်ရရေး အတင်းရော ဇွတ်ပါပြည်သူစစ် ပစ အသွင်ပြောင်း၊ လူလှိုင်းလုပ် အသေခံခိုင်းနေသည်မှာ ယခုဆို အပတ်စဉ် ၂၆ ရောက်လေပြီ။ ပြည်သူပေါင်းသိန်းချီ သေဆုံးခဲ့သည်။ နိုင်ငံခြားသို့ ထွက်ပြေးတိမ်းရှောင်သူပေါင်း သန်းချီရှိလေပြီ။ ပြည်တွင်းစစ်ရှောင်ဦးရေကလည်း ၃.၇ သန်းကျော်လေပြီ။ လူယုတ်မာ ဗိုလ်တသိုက်ကား လုံးဝလက်လျှော့မည်ပုံမပေါ်။

ဗုဒ္ဓဘာသာဝင်အများဆုံး ရှိသော မြန်မာနိုင်ငံ။ ဗုဒ္ဓ၏ ကိုယ်ကျင့်တရားမှာ သဘာဝဆန်သည်။ အတ္တဟိတ၊ ပရဟိတ မျှသည်။ ပရမ္မတ္ထသစ္စာ ဖြစ်သည်။ ဓမ္မဓိဋ္ဌာန်ကျသည်။ သိမြင်မှုပညာများချည်းသာ။ ထိုအထဲတွင် ပါဝင်သည့် မအလနှင့် ဗိုလ်ယုတ်မာတို့မှာ ထိုကိုယ်ကျင့်တရားကို လုံးဝလိုက်နာသည်မဟုတ်။ သို့ဆိုလျှင် တော်လှန်ရေးအဖွဲ့များက လိုက်နာရန် လိုအပ်သည်။ သို့သော် အရေးထဲအရာပေါ်၊ NUG ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရကို ဖောင်းထု၊ ဘေးထိုင်ဘု ပြောသူ ၊ ကန့်လန့်တိုက်သူ များနေသည်ကိုတော့ လုံးဝ လုံးဝ နားမလည်။ မိမိတို့တော်လှန်နေသည့် မအလ၏ ဖိနှိပ်မှု၊ ရက်စက်မှု၊ ယုတ်မာမှုအပေါင်းကိုလည်း ခံရသေးသည်။

အမှန်ဆိုလျှင် အနှီမအလ၏ မတရား အာဏာသိမ်းမှုသည် လုံးဝ မလိုအပ်။ မှားမှန်းကို တော်လှန်ရေးအဖွဲ့တိုင်း သိကြသည်။ တော်လှန်ပြန်တော့လည်း ခံရသည်က ပြည်သူအများစု။ တော်လှန်ရေးမပြီးမချင်း ဒုက္ခအပါင်း လည်စင်းခံနေရသည်က ပြည်သူအများစု။ ပြည်သူကြားက ပေါက်ဖွားလာသာ ပကဖ အဖွဲ့တွေကရာ မိမိနယ်မြေဒေသ အေးချမ်းလို၍ မအလ လူယုတ်မာတို့ကိုတိုက်သည်။ EROs များကလည်း တန်းတူအခွင့်အရေးရလို၍ မအလနှင့်အဖွဲ့ကို တော်လှန်သည်။ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရကလည်း PDFs ပြည်သူ့တပ်မတော်ကို စုစည်းကာ ဦးဆောင်ပေး တိုက်သည်။

သို့ဆိုလျှင် ဘုံရန်သူ၊ ဘုံရည်မှန်းချက် တူသည်။ အဖွဲ့အစည်း၊ နေရာဒေသ၊ လူမျိုးမတူကြသော်လည်း ဗုဒ္ဓဘာသာ ကိုယ်ကျင့်တရားအရ သိမြင်မှုပညာ ဝိဇ္ဇာကို လက်ကိုင်ရမည့်အစား မသိမြင်မှု အဝိဇ္ဇာများအဘယ် ကြောင့် ဖုံးလွှမ်းနေရသနည်း။ မညီမညွတ် ဖြစ်နေရသနည်း။ လူညီလျှင် "ဤ"ကို ကျွဲဖတ်၍ရသည်မဟုတ်ပါလော။ ညီညွတ်ခြင်း၏ ပါဝါစွမ်းအားကလည်း အောင်မြင်မှုနှင့် အဆုံးသတ်ကြရသည်။ မတူတာ ခွဲလုပ်၊ တူတာ တွဲလုပ်သင့်သည်ကလည်း အသိအမြင်စင်ကြယ်မှု ဝိဇ္ဇာ ပညာပင်ဖြစ်သည်လေ။

မြန်မာပြည်သူ/သား တော်လှန်ရေးသမား အပေါင်းတို့ခင်ဗျား....။ နွားကွဲ၍ ကျားဆွဲခံနရသည်။ ထူထောင်ရေးဆိုသည်မှာ ချွေးနှင့်ရင်းရပါသည်။ တော်လှန်ရေးဆိုသည်မှာ သွေးနှင့် ရင်းရပါသည်။ မြန်မာပြည်ကြီးကား တတိ တတိနှင့် ငါးပိကိုပင် ကျီးချီလာနေပြီ။ ပြည်သူများမှာ စားရပါလည်းတစ်လုတ် တစ်ဆုပ်။ ဝတ်ရပါလည်း အစုတ်အနုပ်။ အိပ်ရပါလည်း တငုတ်တုတ်တုတ်နှင့် ဆင်းရဲ ဒုက္ခအပေါင်းကြုံနေရပါပြီ။ ပရဟိတ၊ အတ္တဟိတ မျှမျှတတ၊ ဓမ္မဓိဋ္ဌာန်ကျကျ၊ အသိပညာများဖြင့် ရှေ့ဆက်ကြရန် အထူးပင်လိုအပ်နေပါပြီ။

ကြည့်တတ်မှ မြင်သလို ဆေးတတ်မှစင်ပါသည်။ မြန်မာပြည်သားအားလုံးနှင့် ဆိုင်ပါသည်။ လူယုတ်မာ မအလတို့နှင့် ပေါင်းလုပ်နေလျှင် ပြည်သူ့အပေါ်  သစ္စာဖောက်ရာကျပါသည်။ လက်သုံးချောင်ထောင် ဆန္ဒပြခဲ့သည်ကို အားနာသင့်သည်။ သူတလူ ငါတမင်း ဖြစ်နေကြမည့်အစား မည်သည့်နည်းနှင့်မဆို လက်တွေတွဲ၊ ပေါင်းထုတ်၊ စုစည်းညီညွတ်စွာ တိုက်ထုတ်မှ လူယုတ်မာ မအလအဖွဲ့ကို ဖယ်ရှားနိုငိပါလိမ့်မည်။ သို့မဟုတ်လျှင် လူယုတ်မာ စစ်ဗိုလ်အဆက်ဆက်ကြောင့် ပြည်သူအပါင်းမှာ "တလင်နေလည်း ပွေးနှင့်၊ နောက်တလင်နေလည်း အကြွေးနှင့်" ဆိုသကဲ့သို့ သာဖြစ်ပါလိမ့်မည်။ ကလပ်ပေါ်က ကလိမ်စေ့သည် ဓာတ်တော် မဟုတ်ပါ။ ဗုံမဝင် ဆုံမဝင် "အင်"ကြီးသာ ဖြစ်ပါသည်။ မသူတော် ဘုန်းတက်၍ ပြည်ပျက်နေခဲ့သည်မှာ ၆ နှစ်ထဲ ရောက်လို့လာပါပြီ။

ဤဆောင်းပါးခေါင်းစဉ်ကို အစပြန်ချီကြပါစို့။ NUG ကြားကာလ အမျိုးသားညီညွတ်ရေး အစိုးရသည် တော်လှန်ရေး ဦးဆောင်အစိုးရပါ။ EROs များသည်လည်း သိက္ခာရှိရှိ၊ အသိအမြင် ပညာများဖြင့် တန်းတူအခွင့်အရေး၊ တရားမျှတရေး စသည်တို့ကို ရယူလိုသည့်အဖွဲ့များ။ PDFsသည် NUG အစိုးရ၏ ပြည်သူများ ထောက်ခံအားပေး လက်ခံထားသော ပြည်သူ့တပ်မတော်။ ပကဖ၊ ပလဖအဖွဲ့များကလည်း PDFs ပြည်သူ့တပ်မတာ် လက်အောက်သို့ ဝင်လိုလျှင်ဝင်၊ မဝင်လိုလျှင် လက်တွဲကြရန် အထူးလိုအပ်ပါသည်။ သို့မှသာ အာဏာလု လူယုတ်မာ မင်းအောင်လှိုင်အဖွဲ့ကို အထွေထွေထိုးစစ်ကြီးဖြင့် ဖယ်ရှားနိုင်ပါလိမ့်မည်။

နွေဦးတော်လှန်ရးသည် ပြည်သူတို့၏တပ်ဦး၊ ပြည်သူတို့၏်မျှော်လင့်ချက်၊ ပြည်သူတို့၏ အသက်ရှူသံ၊ ပြည်သူတို့၏အောင်လံ၊ ပြည်သူတို့၏ ဘူမိနက်သန်နှင့် ပြည်သူတို့၏ ပါဝါဖြစ်ပါသည်။ သို့ဆိုလျှင်

NUG+NUCC+EROs+PDFs(SCEF)=Success ဟူသော နွေဦးတော်လှန်ရေး ဓာတုဗေဒညီမျှခြင်းကို အဘယ်ကြောင့် မဖြေရှင်းနိုင်ဘဲ ရှိရပါမည်နည်း။ ညီစေနော်။



Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar