Monday, August 3, 2026

ကိုသန်းလွင် - ဂျပန် အင်ဂျင်နီယာ တိုနီဂါဝါ

Susumu Tonegawa Dies at 86; Nobel Laureate Showed How Antibodies Fight  Infection - The New York Times 

ကိုသန်းလွင် - ဂျပန် အင်ဂျင်နီယာ တိုနီဂါဝါ

မိုးမခ ၊ ဩဂုတ် ၃ ၊ ၂၀၂၆


(၁)

ဆူဆူမူ တိုနီဂါဝါ (Susumu Tonegawa) သည် ဂျပန်နိုင်ငံမှ မော်လီကျူလာ အင်ဂျင်နီယာ (ဇီဝဗေဒပညာရှင်) တစ်ဦးဖြစ်ပြီး နိုဘယ်ဆုကို ၁၉၈၇ ခုနှစ်က ရရှိခဲ့သည်။ ကိုယ်ခန္ဓာက ရောဂါဖြစ်စေသော (Infection) များကို တွန်းလှန်နိုင်ရန် မည်သို့ အင်တီဘော်ဒီ (Antibody) များကို လုံလုံလောက်လောက် ထုတ်လုပ်သည်ကို ရှင်းပြခဲ့သည်။ ထို့နောက် နျူရိုသိပ္ပံပညာရှင် (Neuroscientist) အဖြစ် ဦးနှောက်အတွင်းရှိ နျူရွန် (Neuron) များသည် မည်သို့ မှတ်ဉာဏ်ကို ထိန်းသိမ်းသည်ကို နားလည်စေခဲ့သည်။ သူသည် ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့က ကာလီဖိုးနီးယား နေအိမ်၌ ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ချိန်တွင် သူ့အသက် ၈၆ နှစ်ရှိပြီ ဖြစ်သည်။ သူ ပရော်ဖက်ဆာအဖြစ် အလုပ်လုပ်နေသော ကာလီဖိုးနီးယားတက္ကသိုလ်က သူ ကွယ်လွန်ကြောင်းကို ကြေညာခဲ့သည်။

(၂)

ယခုခေတ်တွင် အနည်းငယ်သော ပညာရှင်များသာ ဘိုင်အိုလိုဂျီ (Biology) ဟု ကျွန်တော်တို့ နားလည်နေသော ပညာရပ်ကို ပုံစံပြောင်း၍ နားလည်နိုင်အောင် တတ်နိုင်ကြပါသည်။ ဒေါက်တာ တိုနီဂါဝါကြောင့် ဘိုင်အိုလိုဂျီအပေါ် အမြင်များ ပြောင်းလဲခဲ့ရပါသည်။ ၁၉၉၄ ခုနှစ်တွင် သူတည်ထောင်ခဲ့သော မက်ဆာချူးဆက် စက်မှုတက္ကသိုလ် (MIT) ၏ မှတ်ဉာဏ်ဌာနမှ (Institute for Learning and Memory) ဒါရိုက်တာ ဟိုက်မန် (Myrian Heiman) က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ရာ ဒေါက်တာ တိုနီဂါဝါမှာ အသိပညာနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ ကြောက်ရွံ့မှုကင်းရှင်းစွာ ရှင်းလင်းတင်ပြနိုင်ပြီး ဖန်တီးနိုင်စွမ်းရှိရာတွင် အလွန်ထူးချွန်သည်ဟု ပါရှိသည်။

ဆယ်စုနှစ်ပေါင်းများစွာ သိပ္ပံပညာရှင်များသည် သွေးဖြူဥတွင် ဖြစ်ပေါ်သော အင်တီဘော်ဒီဟု လူသိများသည့် B ပုံစံ လင်ဖိုဆိုက် (B Lymphocyte) များနှင့် ပတ်သက်၍ များစွာ အံ့အားသင့်ခဲ့ကြသည်။ အဆိုပါ အင်တီဘော်ဒီများသည် Y ပုံသဏ္ဌာန်ရှိ၍ ၎င်းတို့ကို အမိုင်နိုအက်ဆစ်ဖြင့် ဖွဲ့စည်းထားသော ပရိုတိန်းချိန်းများ ပါဝင်သည်။ ၎င်းတို့အားလုံးကို ဆာလဖာ အက်တမ်များဖြင့် စုစည်းထားကြသည်။ ထိုပရိုတိန်းများသည် အင်တီဘော်ဒီတိုင်းတွင် ပါဝင်ကြသည်။

Y ၏ အစွန်းများတွင် ပြောင်းလဲနိုင်သော အမိုင်နိုအက်ဆစ်များရှိ၍ ၎င်းသည် ရန်သူအင်တီဂျင် (Antigen) များနှင့် ပေါင်းစပ်နိုင်ကြပြီး၊ ထိုသို့ ပေါင်းစပ်ပြီးသောအခါ အင်တီဂျင်များမှာ လူကို အန္တရာယ်မပေးနိုင်တော့ပေ။ ၎င်းတို့ကို ဥပမာပေးရသော် အမိုင်နိုအက်ဆစ်သည် သော့တံတစ်ချောင်းနှင့် တူပြီး သော့ချောင်းမှ အခက်အလက်များနှင့်လည်း တူသည်။ သော့ကို ပွင့်သွားအောင် ဆောင်ရွက်ကြသည်။ သော့ချောင်းနှင့် အခက်အလက်များမှာ တစ်မျိုးစီအတွက် မတူညီဘဲ ပုံစံသပ်သပ်စီ ရှိကြပါသည်။ သို့သော် သိပ္ပံပညာရှင်များမှာ ထိုသော့တံနှင့် အခက်အလက်များသည် သန်းပေါင်းများစွာသော အန္တရာယ်အပေါင်းကို ခုခံနိုင်ရန် မည်မျှအထိ ကွဲပြားစွာ တည်ရှိကြခြင်းကို မယုံကြည်နိုင်လောက်အောင် ဖြစ်ကြရသည်။

၎င်းအတွက် ရှင်းပြချက်တစ်ခုမှာ ၎င်းသည် အီဗော်လူးရှင်းသီအိုရီ (Evolution Theory) အရ ကွဲပြားနေကြခြင်းဖြစ်ပြီး ဗီဇ (Gene) ၏ အမျိုးအနွယ်အလိုက် တစ်မျိုးမှတစ်မျိုး ဆက်ခံနိုင်ရန် ပြုပြင်၍နေကြသည်။ ထိုအရာကို ဂျမ်းလိုင်း (Germ Line) ဟု ခေါ်ပါသည်။ လူတို့၏ ခန္ဓာကိုယ်တွင် ဗီဇအမျိုးအစား ၂၀,၀၀၀ ခန့် ပါဝင်သည်။ သို့တိုင်အောင် ရန်သူများကို ခုခံနိုင်ရန် လက်နက်အမျိုးမျိုးကို ထုတ်လုပ်နိုင်သည်မှာ အံ့ဩဖွယ်ဖြစ်ပါသည်။

အခြားသီအိုရီတစ်ခုမှာ ခန္ဓာကိုယ်က ဆိုမာတစ်ဆဲလ် (Somatic Cell) ခေါ်  ပြန်လည်မွေးဖွားပေးနိုင်ခြင်းမရှိသည့် ဆဲလ်များနှင့် ရန်သူကို ခုခံကာကွယ်ရေးအတွက် ခန္ဓာကိုယ်က ဆဲလ်အမျိုးမျိုးတို့ကို ပြုပြင်ပြီး ထုတ်လုပ်နိုင်သည်ဆိုသော အယူအဆ ဖြစ်ပါသည်။

အချိန်အကြာကြီး ထိုကဲ့သို့သော သီအိုရီများကို သဘောပေါက်နိုင်သော စမ်းသပ်မှုများကို မပြုလုပ်နိုင်ခဲ့ပါ။ ထို့နောက် ၁၉၇၄ ခုနှစ်တွင် ဒေါက်တာ တိုနီဂါဝါက ဆွစ်ဇာလန်နိုင်ငံ ဘေဆယ် (Basel Institute) တွင် အလုပ်လုပ်ရင်း ထိုပြဿနာကို ဖြေရှင်းမည်ဟု အကြံဖြစ်ပေါ်ခဲ့သည်။ အလွန်အလုပ်များပြီး စိတ်ရှည်လက်ရှည်ထားကာ လပေါင်းများစွာ ကြာသောအလုပ်ကို RNA ဖြင့် (RNA ဆိုသည်မှာ DNA (Deoxyribonucleic acid) မှ ၎င်း၏ ဗီဇကို ဖော်ပြနိုင်သော Single Strand မော်လီကျူးများကို ခေါ်သည်) မိုင်လိုမား (Myeloma) ခေါ် ကင်ဆာဆဲလ်မှ ဒီအင်အေနှင့် ကြွက်၏ သန္ဓေသားအိမ်မှ တစ်သျှူးတို့ကို ပေါင်းစပ် (Bonded) လုပ်ကြည့်ကြပါသည်။

၎င်းမှ အင်တီဘော်ဒီများကို အမျိုးမျိုး ဖော်စပ်၍ရနိုင်ကြောင်း သိလာရသည်။ ၎င်းသည် အလွန်အရေးကြီးပါသည်။ အဘယ်ကြောင့်ဆိုသော် ရန်သူအင်တီဂျင်များမှာ အရေအတွက်များပြီး အမျိုးပေါင်းစုံလှသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ထိုပြဿနာမှာ ပြေလည်သွားပါသည်။ ဒေါက်တာ တိုနီဂါဝါက ထိုဆဲလ်များကို အမည်ပေးခဲ့ရာ (Somatic Recombination) ဟု ဖြစ်ပါသည်။ ၁၉၇၆ ခုနှစ်တွင် သူ့တွေ့ရှိချက်များကို စာတမ်းရေး၍ တင်ပြခဲ့သည်။ ဘေဆယ် အင်စတီကျုတွင် ဆက်လက်လုပ်ကိုင်လျက်ရှိသည်။ ၁၉၈၇ ခုနှစ်တွင် ဂျပန်လူမျိုးထဲမှ ပထမဆုံး ရူပကမ္မဗေဒနှင့် ဆေးပညာ (Physiology & Medicine) တွင် နိုဘယ်ဆုရှင် ဖြစ်လာခဲ့သည်။ သူ၏တွေ့ရှိမှုကို “အင်တီဘော်ဒီ အမျိုးမျိုး ထုတ်လုပ်မှုကို တွေ့ရှိခြင်း” ဖြစ်သည်ဟု နိုဘယ်ကော်မတီက ကြေညာခဲ့သည်။

၁၉၉၄ ခုနှစ်တွင် သူ၏စိတ်ဝင်စားမှုမှာ နျူရိုသိပ္ပံ (Neuroscience) သို့ ပြောင်းခဲ့ပြီး မက်ဆာချူးဆက် စက်မှုတက္ကသိုလ်၏ မှတ်ဉာဏ်နှင့် သင်ယူခြင်းစင်တာကို ထူထောင်ပြီးလျှင် မှတ်ဉာဏ်များ ဦးနှောက်ထဲသို့ မည်သို့ရောက်ရှိလာသည်ကို လေ့လာခဲ့ပြန်သည်။

ခေတ်မီနည်းစနစ်များကို အသုံးပြုပြီးလျှင် သူသည် လူ့ဦးနှောက်ထဲမှ ဟိုက်ပိုသဲလမတ်စ် (Hypothalamus) ရှိ အင်ဂရမ် (Engram) ဆဲလ်များကို လေ့လာသည်။ ဟိုက်ပိုသဲလမတ်စ်သည် ဦးနှောက်ထဲရှိ ဗဟုသုတအသစ်နှင့် မှတ်ဉာဏ်တို့ကို ပူးပေါင်းပေးသော နေရာတစ်ခုဖြစ်ပါသည်။ ဒေါက်တာ တိုနီဂါဝါ တွေ့ရှိခဲ့သည်မှာ မှတ်ဉာဏ်ကို အင်ဂရမ်ဆဲလ်များတွင် ပြုလုပ်ပါသည်။ ထိုမှတ်ဉာဏ်မှာ အတွေ့အကြုံ၊ နေရာအကျယ်အဝန်း၊ အချိန်တို့ကို ခံယူခြင်းနှင့် အရာဝတ္ထုတို့၏ ပင်ကိုလက္ခဏာများမှ ရရှိပါသည်။ မှတ်ဉာဏ်ကို ဖော်ပြရာတွင် သံစုံတီးဝိုင်းတစ်ခုမှ တူရိယာပေါင်းစုံတို့မှ အသံများကို စုပေါင်းပြီးမှ သီချင်းသံ ဖြစ်ပေါ်လာရသည်နှင့် ဥပမာပေးကြပါသည်။

ကြွက်များနှင့် စမ်းသပ်ရာတွင် အင်ဂရမ်ဆဲလ်များသည် ဗဟုသုတအသစ်ပေးခြင်း၊ မှတ်ဉာဏ်အသစ် ဖြစ်ပွားခြင်း စသည်တို့ကို ပြုလုပ်ပါသည်။ ထိုသို့ ပြုလုပ်ရင်းဖြင့် PTSD (Post-traumatic Stress Disorder) ကို ကုသရန် နည်းလမ်းအသစ်ကို ဖော်ဆောင်ပေးခဲ့ပါသည်။ ၎င်းသည် ကြောက်လန့်ဖွယ် အဖြစ်အပျက်များကို ရင်ဆိုင်ရသူများ၏ ရောဂါဖြစ်သည်။ ထို့နောက် ဦးနှောက်ယိုယွင်းပျက်စီးခြင်း (Degenerative Brain Disease) ကို ကာကွယ်ကုသခြင်း၊ အယ်လ်ဇိုင်းမား (Alzheimer's) ရောဂါ ကာကွယ်ခြင်းနည်းများ၊ ရင်းနှီးသူတစ်ယောက်သေဆုံးခြင်းစသော အနုတ်လက္ခဏာဆောင်သော မှတ်ဉာဏ်ကို ပျောက်စေခြင်းအတွက် နည်းလမ်းအသစ်များကို ရှာဖွေပေးနိုင်ခဲ့သည်။

ဒေါက်တာ တိုနီဂါဝါကို ၁၉၃၉ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် နာဂိုယာမြို့ (Nagoya) ၌ မွေးဖွားခဲ့သည်။ ဆူတိုမူ (Tsutomu) နှင့် မီတိုကို (Mitoko) တို့၏ ဒုတိယမြောက်သား ဖြစ်သည်။ ဖခင်သည် အင်ဂျင်နီယာတစ်ယောက်ဖြစ်ပြီး ငယ်ငယ်က အလုပ်ဌာနရှိရာ မြို့များသို့ ပြောင်းရွှေ့ခဲ့ရသည်။

တိုကျိုတက္ကသိုလ်တွင် မော်လီကျူလာ ဇီဝဗေဒပညာကို သင်ယူခဲ့ပြီး ၁၉၆၃ ခုနှစ်တွင် ဘွဲ့ရရှိသည်။ ဗိုင်းရပ်စ် သုတေသနဓာတ်ခွဲခန်းတွင် ဝါတာနာဘေး (Itaru Watanabe) ၏ လက်အောက်၌ အမှုထမ်းသည်။ ဒေါက်တာ ဝါတာနာဘေး၏ အကြံပေးချက်အရ ကာလီဖိုးနီးယားတက္ကသိုလ် (UC) သို့ ပြောင်းရွှေ့ခဲ့သည်။ PhD ဘွဲ့ကို ၁၉၆၈ ခုနှစ်တွင် ရရှိခဲ့ပြီး အနီးအနားရှိ ဆော့ခ် အင်စတီကျု (Salk Institute for Biological Studies) တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

(၃)

၂၀၁၇ ခုနှစ် နိုဘယ်ဆုရှင်များနှင့် ဆွေးနွေးပွဲတွင် သူ့ကို ဖန်တီးနိုင်စွမ်း (Creativity) နှင့် ပတ်သက်ပြီး အဓိပ္ပာယ်သတ်မှတ်ပေးရန် ပြောကြသည်။ "ကျွန်တော့်ကိုကျွန်တော် ဖန်တီးနိုင်စွမ်းရှိတယ်လို့ မမှတ်ယူပါဘူး။ ကျွန်တော်ဟာ ဖန်တီးနိုင်စွမ်းရှိသူ ဖြစ်ချင်ခဲ့တယ်" ဟု ရယ်သံများကြားမှ တုံ့ပြန်ခဲ့သည်။ "ကျွန်တော့်ကို ဖိအားပေးပြီး သေချာထပ်မေးရင်တော့ (၁) သင်ဟာ တစ်ခုခုကို အရမ်းသိချင်တဲ့ စူးစမ်းလိုစိတ် (စွမ်းအား) ကြီးရမယ်၊ (၂) သင်ဟာ ပြဿနာနဲ့ပတ်သက်ပြီး မတွန့်ဆုတ်တဲ့ အင်အားနဲ့ အလုပ်လုပ်ရမယ်၊ (၃) အနည်းဆုံး မတူညီတဲ့ နယ်ပယ် ၂ ခုကို စိတ်ဝင်စားရမယ်လို့ ထင်ပါတယ်" ဟု ပြောခဲ့သည်။

ကိုသန်းလွင်
Ref; Japanese scientist who won Nobel Prize, By Dylan Mcclain N.Y. Times July 28, 2026

 

Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar