Breaking News

ဖလော်ဒါဟန် - ဘေးအမျိုးမျိုးနှင့် အားပြိုင်နေသည့် လွတ်လပ်ခြင်း အဆိပ်အတောက်များ

ဖလော်ဒါဟန် - ဘေးအမျိုးမျိုးနှင့် အားပြိုင်နေသည့် လွတ်လပ်ခြင်း အဆိပ်အတောက်များ

မိုးမခ ၊ ဩဂုတ် ၁၄ ၊ ၂၀၂၆

 

ကျွန်မသည် မှတ်တမ်းစုဆောင်းသူအဖြစ်သာ မိမိကိုယ်ကိုယ် ခံယူထားသည်။ မိမိနေထိုင်ရာ ဝန်းကျင်မှ အများပြည်သူများ၏ စားဝတ်နေရေးမှစလို့ ပညာရေး၊ ကျန်းမာရေးကို အထူးစိတ်ဝင်တစားဖြင့် မှတ်တမ်းသဘောမျိုး ရေးလေ့ရှိသည်။ တခါတရံ မိမိဝန်းကျင်တွင် နေထိုင်ကြသည့် ပြည်သူများ၏ အနိုင်ကျင့်ခံဘဝ၊ အဖိနှိပ်ခံဘဝများကိုလည်း လက်တွေ့ဘဝ၌ မြင်တွေ့ရသည်များကို ပြည်သူများသာမက နိုင်ငံတကာအထိ သိရှိနိုင်ဖို့ မှတ်တမ်းရေးသားလေ့ရှိသည်။

ကျွန်မ စာရေးဆရာမ မဟုတ်သည့်အတွက် စာကောင်းပေကောင်းများ မရေးသားတတ်ပါ။ သို့သော် ကျွန်မဘဝနှင့် ပြည်သူတွေဘဝ တသားတည်း နေထိုင်ခဲ့သည့်အချိန်မှစလို့ ကိုယ်ချင်းစာတရားဖြင့် နေထိုင်နိုင်အောင် ကြိုးစားခဲ့သည်။ မိမိဘဝ အရှိတရားထက် အသိတရားကို မျှဝေနိုင်ဖို့ ကြိုးစားနေထိုင်ခဲ့သည်။

တခါတရံမှာ ဘေးဒုက္ခများနှင့် ကြုံရချိန် မိမိတကိုယ်စာသည် အကြောင်းအရာမဟုတ်သော်ငြား မိသားစု၊ အစုအဖွဲ့များအတွက်တော့ ထမင်းနပ်မှန်ဖို့တောင် ခက်ခဲလာကြသည်။ ကျွန်မ နေထိုင်ရာဝန်းကျင်မှာ မီးအားကိုးဖြင့် အလုပ်လုပ်သူ နေ့စား လရှင်းသမားတွေ ရှိကြသည်။ အခုလို မီးကလည်းပျက်၊ ရေဘေးနှင့်လည်းကြုံ ဆိုတော့ စားဝတ်နေရေး ဆိုတာ အကြွေးပေါ် အကြွေးဆင့်လို့ လူဖြစ်ရှုံးနေရသည့် ဘဝတွေလို့ ပြောရမလိုပါ။ အခုအချိန် ဆရာဇော်လက်ထက်က ပြုပြင်ပေးသည့် လမ်းလေးသာ မရှိခဲ့ဘူးဆိုရင် မြို့တက်အလုပ်လုပ်သူတွေ၊ လမ်းပေါ်ဈေးဆိုတာတွေလည်း ရေမှာ နစ်ရုံမှတပါး အခြားမရှိပါ။

ဒုဋ္ဌဝတီမြစ်ဘေး ရွာစဉ်တွေဆိုတာ မြစ်ရေလျှံသည်နှင့် ရှိသမျှအိမ်တွေ ရေဝင်တာပါပဲ။ သဘာဝဘေးသည်လည်း ပြည်သူတွေအတွက် ကြိုတင်ပြင်ဆင်မှု မရှိခဲ့ရင် နောက်ဆက်တွဲ ကျန်းမာရေးကစလို့ နေထိုင်စားသောက်မှုတွေပါ ယိုယွင်းပျက်စီးသွားကြရတာပါ။ ဤသည်ကို ပြည်သူတွေက မိမိတို့ကိုယ်တိုင် ကာကွယ်စောင့်ရှောက်ပြီး နေထိုင်သည့်အလေ့ဖြင့် နေသားကျသလို နေနေကြသည်။ လူသားတိုင်း ရရမည့် အခွင့်အရေးကိုလည်း မတောင်းဆိုဝံ့ကြသလို မိမိတို့ ပြည်သူထံမှ တောင်းဆိုနေသည့် မတရားအနိုင်ကျင့်မှုကိုသာ လိုက်လျောနေကြရတဲ့ ဘဝတွေပါ။ လူ့အခွင့်အရေး ဆိုသည်မှာ ခေတ်စနစ် မကောင်းချိန် ပြည်သူများအတွက် အလှမ်းဝေးနေဆဲပါ။

ခေတ်နှင့်စနစ်ကို ပြုပြင်ပြောင်းလဲရသည့် အချိန်တိုင်းမှာ လူအင်အားနှင့် စတင်ခဲ့သော်လည်း 'နှစ်' ဆိုသည့် သက်တမ်းတစ်ခုကို ကြာလာသည့်အခါ လူအများသည် စိတ်ပျော်ရွှင်မှုနှင့် ငွေနောက်ကို လိုက်လာကြသည်။ ပြည်သူကို အမှောင်ထဲသို့ တွန်းပို့လိုသူများသည် သူတို့စိတ်ကြိုက် လွတ်လပ်ခြင်းအမှောင်ထဲ အကျဉ်းချထားလိုက်သည်။ ဤသည်မှာ အာဏာရှင်များက ပြည်သူကို ကျွေးနေကျ အဆိပ်တုံးများ ဖြစ်သည်။ ယနေ့အချိန် ပြည်သူများသည် ဒုက္ခအမျိုးစုံအောက်မှာ အသက်ရှင်နေကြရသလို အာဏာရှင်၏ အမှောင်ဘဝ လွတ်လပ်ခြင်းဆိုသည့် အဆိပ်ခွက်များကို မသိမသာရော၊ ပေါ်တင်ပါ ဝါးမျိုခံနေကြရသူတွေလည်း ပို၍များလာသည်။ အာဏာရှင် သက်ဆိုးရှည်စေသည့် အားဆေးသည် ပြည်သူတွေကို အပျော်နှင့် မျှားခေါ်နေခြင်း ဖြစ်သည်။

အခုလို ဘဝအမျိုးစုံဖြင့် လူနေမှုဘဝကစလို့ ရှုံးနိမ့် ကျရှုံးနေသည်ကို ပြည်သူတိုင်း မသိသရွေ့၊ လက်မခံသရွေ့ မြန်မာပြည်ကြီး မည်သည့်အခါမျှ တရားမျှတပြီး လွတ်လပ်ခြင်းကို ရနိုင်ဖို့ ဝေးနေဦးမည် ဆိုတာလေးကို မျှဝေရင်း . . .

ဘေးအန္တရာယ်အမျိုးမျိုးနှင့် မအလ နှိပ်စက် အနိုင်ကျင့်မှုများမှ အမြန်ဆုံး လွတ်မြောက်ကြပါစေ။

ဖလော်ဒါဟန်
12.8.2026

 

Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar