ကိုလေအိုး - တရုတ်နဲ့ပြိုင် ဘယ်သူနိုင်
ကိုလေအိုး - တရုတ်နဲ့ပြိုင် ဘယ်သူနိုင်
မိုးမခ ၊ ဩဂုတ် ၁၇ ၊ ၂၀၂၆
ထိုင်းနိုင်ငံမှာ တရုတ်ခရီးသွားတွေနဲ့ ထိုင်းအာဏာပိုင်တွေ မကြာခဏ ထိပ်တိုက်တွေ့ကြတဲ့သတင်းတွေ ဖတ်လာရပြီးတဲ့နောက် အခုတခါ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဘန်ကောက်က တရုတ်သံအမတ်ကို သတိပေး ပြောရတဲ့ထိ ရောက်ကုန်တယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက် တရုတ်ခရီးသွားတွေ ချင်းမိုင်ကို အလုံးအရင်းနဲ့ လာကြတုန်းက ကိုယ်တွေ့တခုက စပြောပြပါရစေ။
၂၀၁၆ ခုနှစ်လောက်တုန်းက ရန်ကုန်ကနေ ချင်းမိုင်ကို လေယာဉ်စီးပြီး ချင်းမိုင်လေဆိပ်ရောက်တော့ လူဝင်မှုကြီးကြပ်ရေးကောင်တာမှာ တရုတ်ခရီးသွားတွေ ရာနဲ့ချီတန်းစီနေကြတာနဲ့ သွားတိုးတယ်။ တရုတ်တွေက သူတို့ ထုံးစံအတိုင်း စကားတွေ အော်ကြီးဟစ်ကျယ် ပြောကြ၊ တဟီးဟီး တဟားဟား ရယ်ကြ၊ ဆေးလိပ်ထုတ်သောက်သူ သောက်၊ တံထွေးထွေးသူထွေးနဲ့ မြင်ကွင်းက ဆူညံပွက်လောရိုက်နေတယ်။ လဝက ကောင်တာ ၆ ခုလောက်က ထိုင်း လဝက အရာရှိတွေ ကြည့်လိုက်တော့ မအောင့်အည်း သည်းမခံနိုင်လောက်တဲ့အထိ မျက်စိမျက်နှာတွေ ပျက်လို့။
ထိုင်းလူမျိုးတွေက စကားကို တိုးညင်းညင်သာစွာ ပြောလေ့ရှိကြပြီး သူတို့နားမှာ စကားကျယ်ကျယ် သွားပြောမိရင် လန့်ဖျပ်ပြီး မျက်စိပြူးကြည့်တတ်ကြတယ်။ တောအရပ်က ထိုင်းတွေကတော့ မြန်မာကျေးလက်က သူတွေလိုပဲ စကားကို အော်အော်ပြောပြီး ရယ်ရယ်မောမော နေတတ်ကြပါတယ်။ အများစုကတော့ စကားကို တိုးညင်းစွာပြောတတ်သလို အလုပ်လုပ်ရင်လည်း အသံမထွက်ဘဲ တိတ်ဆိတ်အေးဆေးစွာ လုပ်လေ့ရှိကြတယ်။ စော စေက ပြောတဲ့ ချင်းမိုင်လေဆိပ်က လဝက ဝန်ထမ်းတချို့ဆို ကောင်တာပိတ်ပြီး “ထ”ထွက်သွားတဲ့သူတောင် တွေ့ခဲ့ရပါတယ်။
ဒီကနေ ၈ နှစ်လောက်အကြာ ချင်းမိုင်ကို တကျော့ပြန်ရောက်တော့ အိမ်ရှင် ထိုင်းတွေဟာ တရုတ်ခရီးသွားတွေနဲ့ အသားကျသွားကြတာ တွေ့ရတယ်။ ချင်းမိုင်ကို အများဆုံး လာလည်ကြ၊ စားသောက်နေထိုင်ကြတာလည်း တ ရုတ်ခရီးသွားတွေချည်းလိုလိုဖြစ်ပြီး နာမည်ကြီး ထိုင်းစားသောက်ဆိုင်တွေမှာ တရုတ်ခရီးသွားတွေနဲ့ ပြည့်လျှံ စည်ကားနေတာ တွေ့မြင်ရတယ်။ နွေ၊ မိုး၊ ဆောင်း ရာသီသုံးပါးစလုံး ချင်းမိုင်မှာ တရုတ်ခရီးသွားမပြတ်ဘဲ ချင်းမိုင်မှာ ဘယ်သွားသွား တရုတ်ခရီးသွားတွေနဲ့ တိုးတတ်ပါတယ်။ ဒီတော့လည်း အိမ်ရှင်ထိုင်းတွေအနေနဲ့ တရုတ် ခရီးသွားတွေနဲ့ လိုက်လျောညီထွေ နေတတ်သွားပြီပေါ့လေ။
ဒါပေမဲ့ မီဒီယာထဲ ဟိုးလေးတကျော်ဖြစ်ရတဲ့အထိ ထိပ်တိုက်တွေ့ဆုံတာတွေလည်း ရံဖန်ရံခါ ဖြစ်နေတုန်းပါ။ တလောကတင် ဘန်ကောက်က သုဝဏ္ဏဘူမိလေဆိပ်မှာ တရုတ်ဆယ်လီတယောက် နောက်ကို တိုးဝှေ့ စုပြုံလိုက်ပါသွားကြတဲ့ တရုတ်ခရီးသွား အယောက် ၂၀ ကျော်ကို လေဆိပ်စည်းကမ်းဖောက်တယ်ဆိုပြီး ထိုင်းက လေယာဉ်စီးခွင့် တားမြစ်ခဲ့တယ်။ ဒီလိုမဖြစ်ခင် ဘန်ကောက်က ပရိသတ်တွေ့ဆုံပွဲတခုမှာ တရုတ်အမျိုးသမီး တယောက်ကို ပွဲလုံခြုံရေးကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီး ပွဲဆူခဲ့သလို တရုတ်သံအမတ်က ဒီပွဲစီစဉ်သူတွေကို အရေးယူပေးဖို့ တောင်းဆိုခဲ့တယ်။
နောက်ပိုင်းကျမှ သူဟာ တန်းမစီဘဲ ကျော်တက်ခဲ့တဲ့အပြင် ပွဲလုံခြုံရေးကို စတင်တိုက်ခိုက်ခဲ့တာလည်း သူပဲ ဖြစ်နေတာ တွေ့ရတယ်။ ဒီဖြစ်ရပ်တွေမှာ ရုပ်သံဖိုင်တွေပါ အွန်လိုင်းပေါ်တက်ခဲ့ပြီး ထိုင်းတွေရဲ့ ဝေဖန်ရေးကောမန့်တွေလည်း အစုံအလင်တက်ခဲ့တယ်။ ဒီမှာတင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်ခ်က “ထိုင်းပြည်သူတွေကြားထဲမှာ တုံ့ပြန်မှုတွေ ဖြစ်ပေါ်စေနိုင်တဲ့ ဖြစ်စဉ်တွေ အများကြီးရှိခဲ့တာမို့ ဒါဟာ ဒီမှာရှိတဲ့ တရုတ်သံအမတ်ကြီးရဲ့ တာဝန်ဖြစ်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ထိရှလွယ်တဲ့ ကိစ္စတွေမှာ သံအမတ်ကြီးအနေနဲ့ တရုတ်ရဲ့ အကျိုးစီးပွားကိုပဲ ကာကွယ်ပြောဆိုနေမဲ့အစား ရှေ့ထွက်ပြီး ရှင်းလင်းပြောကြားပေးရမယ်လို့ ထွက် ပြောခဲ့ပါတော့တယ်။
နောက်တနေ့မှာ ဘန်ကောက်ရှိ တရုတ်သံအမတ်က တရုတ်လူမျိုးတွေအနေနဲ့ ထိုင်းကိုလာ ရောက်လည်ပတ်ကြတဲ့အခါ ထိုင်းတို့ရဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံတွေအတိုင်း လိုက်နာပြုမူဆောင်ရွက်ကြဖို့ တိုက်တွန်းစာထုတ်တာ တွေ့ရပါတယ်။ သူ ဒီလိုစာထုတ်တာ နှစ်ခါမက ရှိခဲ့ပါပြီ။ သူတင်မဟုတ်ပါဘူး။ ဟိုးတလောက ထိုင်းမြောက်ပိုင်းမှာ အစ္စရေးလူမျိုးတွေနဲ့ ဒေသခံထိုင်းတို့ မကျေမလည်ဖြစ်ခဲ့ကြတုန်းကလည်း ထိုင်းရှိ အစ္စရေးသံရုံးက အလားတူစာတစောင် ထုတ်ပြန်ခဲ့ဖူးပါတယ်။ တရုတ်ကတော့ ခရီးသွားကလည်း များ၊ ထိုင်းမှာ နေထိုင်လုပ်ကိုင် စားသောက်၊ ပညာသင်လုပ်နေကြသူတွေလည်း ပိုများလေတော့ ပွတ်တိုက်မှု ပိုများပါတယ်။
လတ်တလောမှာတင် ချင်းမိုင်နားက လန်းပန်းမြို့မှာ ထုတ်လုပ်တဲ့ ကြက်ပန်းကန်လုပ်ငန်းတွေဟာ တရုတ်ပန်းကန်တွေနဲ့ ဈေးကွက်မှာ မပြိုင်နိုင်တော့လို့ သူတို့ ပန်းကန်လုပ်ငန်းတွေ ရပ်နားရတော့မယ်။ ထိုင်းအစိုးရက ဒီလိုပဲ လက်ပိုက်ကြည့်နေတော့မှာလားလို့ ဝေဖန်ပြောဆိုသံတွေ ညံနေပါတယ်။ ဒါကတော့ “တရုတ်နဲ့ပြိုင် ဘယ်သူနိုင်“ လို့ပဲ ဆိုရတော့မှာပါပဲ။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar