ဆယ်ပေါင်တူ - ရုရှား အေအိုင်နှင့် မြန်မာဂြိုဟ်ကောင်
ဆယ်ပေါင်တူ - ရုရှား အေအိုင်နှင့် မြန်မာဂြိုဟ်ကောင်
မိုးမခ ၊ ဩဂုတ် ၂၃ ၊ ၂၀၂၆
တိုင်းပြည်ထဲမှာ သဘာဝဘေးအန္တရာယ် ကြီးကြီးသေးသေး၊ ဘာတွေဘယ်လိုပဲ ဖြစ်နေနေ၊ သွားလို့ရတဲ့ နိုင်ငံတွေမှန်သမျှ လည်ပတ်ပြီး လှည့်လည်အရှက်ခွဲနေတဲ့ ‘ဇွတ်သန်းမကြီး’ လို့ပြောပြော၊ ‘ဇွတ်သလဒကြီး’ ပဲခေါ်ခေါ်၊ ပြည်သူတွေအတွက်ကတော့ ဒင်းဟာ တစ်ချိန်ကျရင် ကြင်စိုးပေါ်တက်ရမယ့် ‘မေယိုးကောင်ကြင်စိုး’ ပါပဲ။
ရုရှားသွားတာက အကြိမ်ရေ မနည်းတော့ပေမဲ့၊ ဉာဏ်တိမ်တဲ့ ကြင်စိုးကိုတော့ ရုရှားစကား တစ်လုံးစနှစ်လုံးစ ပြောနိုင်ဖို့ သွားခါနီးတိုင်း ပြန်သင်ပေးရတယ်။ ထိုင်းမှာဖြစ်ခဲ့တဲ့ ‘ဆဝါဒီစကပ်’ လို ကြားတဲ့သူမှန်သမျှ လှောင်စရာ ပြောင်စရာ မဖြစ်ရလေအောင် အခုတစ်ခေါက် ပိုပြီး ဂရုတစိုက်နဲ့ သင်ပေးနေကြတယ်။
‘ကျေးဇူးအထူးတင်ပါတယ်၊ ကျေးဇူးအများကြီးတင်ပါတယ်’ လို့ ယဉ်ယဉ်ကျေးကျေး အထက်တန်းကျကျ တုံ့ပြန်တာမျိုးက ရုရှားစကားနဲ့ဆို တော်တော် လျှာလိပ်စရာပါ။ ကြင်စိုး ဘယ်လိုမှ မမှတ်နိုင်၊ မပြောနိုင်ပါဘူး။ ဒါကြောင့် သူ့ကို ‘ကျေးဇူးတင်ပါတယ်’ လို့ အရပ်သုံး တုံးတိတိစကားကိုပဲ သင်ပေးလိုက်ရတော့တယ်။ ရုရှားစကားလုံး спаси́бо နဲ့ ကွက်တိအသံမထွက်နိုင်လေတော့ မှတ်ရလွယ်အောင် အခု ဗီဒီယိုကလစ်တွေမှာ ကြင်စိုး ရုရှားမှာ ပြောတာ ကြားကြရသလိုပဲ သင်ပေးလိုက်ကြတယ်။
‘ကိုရီးယားခေါက်ဆွဲအစပ်’ ကိုတော့ သိတယ်မလား၊ ‘ကျေးဇူးဘာ’ ပြောရမှာဆိုတော့ ‘ကိုရီးယားခေါက်ဆွဲအစပ်ဘာ’ လို့သာ ပြောလိုက်ပါ၊ ပြောကြည့်ပါဦး။
‘ကိုရီးယားခေါက်ဆွဲအစပ်ဘာ’
‘ဘကြင်… မဟုတ်သေးဘူးလေ ‘စပိုက်စီဘာ’ လို့ ပြောရမှာ၊ ပြန်ပြောကြည့်ပါဦး’
‘စပိုက်စီဘာ’
‘စပိုက်စီဘာ’
‘တောသီးအသံထွက်’ လို့ပဲ ထင်ထင် ကြင်စိုးအတွက်တော့ ဒီလောက်ဆို ဖူလုံသွားပြီ။ ဟိုရောက်တော့ ထောင်ထောင်မောင်းမောင်း လူတွေကြား ပုပုညှက်ညှက်နဲ့ သူက ဝင်တိုက်မိလည်း သူက ‘စပိုက်စီဘာ’ ပြော၊ သူများက ဝင်တိုးဝင်တိုက်တာ ခံရလည်း သူကပဲ ‘စပိုက်စီဘာ’ ပြောတာမို့ ရုရှားတွေက ဘယ်လို အူကြောင်ကြောင် ငနဲလဲဆိုပြီး ဖြစ်ကုန်ကြတယ်။
ကြင်စိုးရဲ့ မွေးရာပါ ဦးနှောက်ကိုက မြင်အောင်ပြောရရင် ချစ်တီးထမင်းဆိုင်က အသေးဆုံး ဆိတ်ဝှေးစေ့ သာသာလောက်ရှိတာ၊ အခုလို မတန်မရာ ရာထူးတွေ ဇွတ်ယူထားတဲ့ အခါမှာတော့ သူ့ခေါင်းထဲ မှတ်သားစရာတွေက မနိုင်မနင်း ဖြစ်ကုန်တော့တာပေါ့။ ရုရှားစကားအသစ်တွေ မမှတ်နိုင်တာ အပြစ်တင်ဖို့တောင် ခက်တယ်။
မျက်နှာပြောင်ပြောင်နဲ့ ဒီရာထူးကြီး ယူသာထားရတာ၊ မလုပ်တတ်မကိုင်တတ်နဲ့ စိတ်ကူးပေါ်သလို လုပ်မိလုပ်ရာတွေ ဆက်လုပ်နေရတာမို့ သူ့ကိုယ်သူ ဖွတ်ချီးအာဏာရှင်မှန်း တစ်နေ့ပြီးတစ်နေ့ သိလာရတယ်။ သူ့ရှေ့က စစ်အာဏာရှင်တွေရဲ့ ဩဇာအာဏာမျိုး သူ့တပ်ပေါ်လည်း မရှိ၊ ပြည်သူတွေအပေါ်ဆို ပိုလို့တောင် ဝေးသေး။ ၅ နှစ်ကျော် ၆ နှစ်ထဲ ရောက်လာလည်း သူ့ကို ပုဆိုးလှန်ပြ၊ ထမိန်လှန်ပြနေသူတွေက လျော့မသွား။ အထူးသဖြင့် အသက်နဲ့ခန္ဓာကို ပေးဆပ်ဖို့ ဝန်မလေးကြတဲ့ မျိုးဆက်သစ်တွေရဲ့ စိတ်ဓာတ်ပြင်းပြပုံက ကြင်စိုးကို နေ့နေ့ညည ခြောက်ခြားစေတယ်။
မတော်လို့ သူတို့ကြားထဲ ငါရောက်သွားရင်ဖြင့် အရိုးအသား ရှာမရဘဲ စိစိညက်ညက် ကြေပြီး အမှုန့်ဖြစ်သွားမှာ သေချာတယ်ဆိုတဲ့ အတွေး ကြင်စိုးခေါင်းထဲ နေ့တိုင်းလိုလို ဝင်နေတယ်။ ကိုယ်ချင်းစာတရားမဲ့တဲ့ ကြင်စိုး၊ ကိုယ်ချင်းစာတရားကြီးမားပြီး နိုင်ငံကို လမ်းကြောင်းမှန်ပေါ်ရောက်အောင် ပြန်တွန်းတင်ပေးချင်ကြတဲ့ ဒီကနေ့ လူငယ်တွေရဲ့ ဇွဲသတ္တိအပေါ် နားမလည်နိုင်တာကလည်း မထူးဆန်းပါဘူး။
မှတ်စရာသားစရာတွေ မနိုင်မနင်း ဖြစ်နေတဲ့ ကြင်စိုးခေါင်းထဲကို အခုတလော ခဏခဏ ဝင်နေတာ တစ်ခုရှိတယ်။ ‘ဖွတ်ခံရီ’ တို့ ရွေးတု ဇွတ်အစိုးရအဖွဲ့ဝင် တစ်သိုက် သူ့ဆီ မကြာမကြာ တွေ့ခွင့်တောင်းပြီး ရောက်လာတာပဲ။ သူ့ဆီကို ဘာကိစ္စနဲ့ပဲ လာတွေ့တွေ့၊ လက်ဆောင်ပဏ္ဍာတွေ ပါလာရတာဆိုတော့ ကြင်စိုးကလည်း အတွေ့ခံဖို့ ဝန်မလေးဘူး။ ထူးတာက သူတို့ချည်း လာတာ မဟုတ်ဘူး၊ သူတို့မိန်းမတွေကိုပါ ခေါ်လာပြီး ကြင်စိုးကို အရိုအသေပေး ခဏခဏ လက်ဆွဲနှုတ်ဆက်ခိုင်းတာ။
အစကတော့ ကြင်စိုး သဘောမပေါက်ဘူး၊ နောက်တော့မှ သူနဲ့ လက်ဆွဲနှုတ်ဆက်ပြီး မကြာခင်ပဲ လာအိုလွှတ်တော် ဥက္ကဋ္ဌ ရှောသွားတဲ့ကိစ္စနဲ့ ဆက်စပ်နေတာကို သူ သဘောပေါက်သွားတယ်။ အင်းလေ… အရွယ်မတိမ်းမယိမ်း အိုကြီးအိုမတွေ စင်ပေါ်တက် သီချင်းဆို၊ ခါးဖက်ပါးနမ်း လုပ်နေကျတာတွေ မြင်ကြတော့ သူတို့ရဲ့ ‘ဇ’ လေးတွေ ပြန်ထလာကြတာ နေမှာပေါ့။
ရုရှားသာရောက်နေရတာ၊ စိတ်က ဟိုတွေးဒီတွေးနဲ့။ အဲဒီအချိန်မှာပဲ ကြွက်မင်း ပူတင်က လှမ်းပြောလိုက်တယ်။ ‘ငါတို့ရုရှားဖြစ် AI ဆော့ဖ်ဝဲကို စမ်းနေတာ၊ မင်းအကြောင်းကို မေးလိုက်တော့ အခုလိုပြောတယ်’ လို့ ပြုံးစေ့စေ့နဲ့ သူ့စားပွဲပေါ်က ကွန်ပျူတာကို လက်ညှိုးထိုးပြရင်းနဲ့ပေါ့။
သူ့အကြောင်းဆိုတော့ ကြင်စိုးရင်ထဲ ထိတ်ခနဲ ဖြစ်သွားတယ်။ သူ့အကြောင်းက အကောင်းတစ်စက်မှ မရှိတာကို သူက အသိဆုံးပဲလေ။ ဒါနဲ့ပဲ ပူတင်အနားမှာ သူ ဝင်ထိုင်လိုက်တယ်။
‘ကြင်စိုးလက်ထက် အာကာသထဲ မြန်မာအာကာသယာဉ်မှူးတွေ လွှတ်မယ်ဆိုတာ ဖြစ်နိုင်သလား ဆိုတော့ ဖြစ်နိုင်စရာ ရှိတယ်လို့ ဖြေတယ်’
ပူတင်စကား ကြားလိုက်ရမှ ကြင်စိုးရင်ထဲက အလုံးကြီး ကျသွားတယ်။ ပူတင်က ဆက်ပြောတယ်။
‘ကြက်ဥဈေးကိုတောင် မိုးပေါ်ရောက်အောင် လုပ်နိုင်တာ၊ အာကာသယာဉ်မှူးတွေလည်း အာကာသထဲ ရောက်ရင် ရောက်နိုင်မှာပေါ့တဲ့’ ကြင်စိုးခမျာ ပြုံးရမလို မဲ့ရမလိုလို။
‘စစ်တက္ကသိုလ်တုန်းက ကြောင်ချေးလို့ နာမည်ရခဲ့တယ်၊ ပျော့ပျော့လေးနဲ့ နံလို့ဆို၊ ငါတို့ ရုရှား အေအိုင်ကို လျှော့မတွက်နဲ့၊ အတိအကျ ပြောနိုင်တယ်’ ကြင်စိုး မျက်နှာငယ်လေး ဖြစ်သွားပြီး ‘စပိုက်စီဘာ’ လို့ ပါးစပ်က ယောင်ထွက်သွားပြန်တယ်။
‘အထက်တန်းကျောင်းတုန်းက နာမည်ကျတော့ ‘ဝေလေလှိုင်’ တဲ့၊ အဲဒါက ဘာလဲ’
ဒီတစ်ခေါက်တော့ စကားပြန်ကတစ်ဆင့် ကြင်စိုး ပြန်ရှင်းပြတယ်၊ မူလစကားလုံး ‘ဝေလေလေ’ ရဲ့ အဓိပ္ပာယ်ကိုလည်း ပြောပြတယ်။ သူတင် မဟုတ်ဘဲ သူနဲ့ သူ့သူငယ်ချင်း တစ်ဖွဲ့လုံးက ဝေလေလေလို့ နာမည်ရခဲ့တာဆိုပြီးလည်း ထုံးစံအတိုင်း သူများကိုလည်း ဆွဲထည့်ပြီး ပြောတယ်။ သူ့ကျတော့ သူ့နာမည်ရင်းရဲ့ အဆုံးသတ်နဲ့ တွဲပြီး ‘ဝေလေလှိုင်’ ဆိုတဲ့ နာမည်လည်း တွင်ခဲ့တာလို့ ရှင်းပြတယ်။ ပြီးတော့ ထုံးစံအတိုင်း ‘စပိုက်စီဘာ’ နဲ့ စကားကို အဆုံးသတ်လိုက်ပြန်တယ်။ ကြင်စိုးက ပူတင် သူ့ကို ဘာပြောပြော၊ ကုန်ကုန်ပြောရရင် ဘာလုပ်လုပ် ‘စပိုက်စီဘာ’ ဆိုပြီး ကျေးဇူးတင်ကြောင်း ပြောမယ့်ပုံပဲ။
သူ့စကားအဆုံးမှာ ပူတင်က သဘောကျသလို ပြုံးနေတယ်။ ကြင်စိုးအတွက်တော့ ပူတင်ပြုံးနေရင် ပြီးရော၊ ပူတင်ပြုံးတာက သူ့ရဲ့ ‘နေပြည်တော် ကြူခေါဘရဏီလှ’ ထက် ပိုကြည့်ကောင်းတယ်လို့လည်း တွေးနေမိသေးတယ်။
‘အေအိုင်က ဆက်ပြောတာက အခုကျ မင်းသူငယ်ချင်းတွေက ဝေလေလေ မဟုတ်တော့ဘဲ မင်းတစ်ယောက်ပဲ ဝေလေလေ ဖြစ်ကျန်ခဲ့တယ်တဲ့၊ အဲဒါ ဘာကြောင့်လဲ’ လို့ မျက်မှောင်ကြုတ်ပြီး မေးတယ်။
‘အဲဒါ ဖေ့စ်ဘွတ်က ဇူကာဘတ်ကြောင့်’ လို့ ကြင်စိုး ပြန်ဖြေတယ်။ ပူတင် နားမလည်မှာကို သိတဲ့အတွက် သူက ဆက်ပြီး—
‘ဒီလိုပါ၊ ကျွန်တော်တို့ဆီက ‘မေဒိကား’ ကို ရောက်သွားတဲ့ တစ်ယောက်ရှိတယ်၊ သူက ‘ဝေလေလေ’ တွေက သူ့ ဖေ့စ်ဘွတ်အကောင့်ရဲ့ ဖောလိုးဝါတွေ ဖြစ်မလာဘူးလို့ ပြောဖူးတယ်။ အဲဒါနဲ့ပဲ ကျွန်တော့ ငယ်သူငယ်ချင်းတွေက ‘ဝေလေလေ’ ဖြစ်ပြီး ကျန်မနေအောင် အမြန် ဖောလိုးလုပ်လိုက်ကြတယ်။ ကျွန်တော့ကိုကျ ‘ဇူကာဘတ်’ က အကောင့်ပိတ်ထားတော့ ကျွန်တော် ဖောလိုးမလုပ်ဖြစ်လိုက်လို့ အဆွေတော်ရဲ့ ရုရှား အေအိုင်က ‘ဝေလေလေ’ ထဲ ဆက်ထည့်ထားတာ’
ပူတင်က ခေါင်းတစ်ငြိတ်ငြိတ် လုပ်ရင်း ‘မင်းတို့စစ်တပ်ရဲ့ ဆောင်ပုဒ်တစ်ခုက မင်းလက်ထက်မှာ ပြောင်းသွားတယ်တဲ့ အဲဒါကရော ဘာကြောင့်လဲ’
ကြင်စိုး ရုရှား အေအိုင်မှာ ပေါ်နေတာကို လှမ်းကြည့်လိုက်တယ်၊ မူလဆောင်ပုဒ် ‘လှေခွက်ကြည့်ကျန် အလံမလှဲ’ က သူ့လက်ထက်မှာ ‘လှေခွက်ကြည့်ကျန် ကျန်တာကို ရောင်းစား’ ဆိုပြီး ဖြစ်သွားတယ်လို့ ရေးထားတယ်။ တစ်နိုင်ငံလုံးကို ရတဲ့ဈေးနဲ့ ထိုးရောင်းနေတဲ့ ကြင်စိုး ဘာကိုဆိုလိုမှန်း ချက်ချင်း သဘောပေါက်လိုက်တယ်၊ ဒါပေမဲ့ ရှင်းပြရခက်တာကြောင့် သူ့မူမပျက် ‘စပိုက်စီဘာ’ လို့ပဲ ပြောပြီး အဲဒီနေရာကနေ တခြားကို လှည့်ထွက်ဖို့ လုပ်လိုက်တယ်။
ဖြစ်ချင်တော့ သူ့ဘေးနားမှာ ရှိတဲ့ ရပ်နေတဲ့ ရုရှားကြီး တစ်ယောက်ကို မမြင်မိလိုက်ဘူး၊ ကြင်စိုးအရပ်က အဲဒီရုရှားရဲ့ ချက်သာသာလောက်ပဲ ဆိုတော့ ရုရှားကြီး ကိုင်ထားတဲ့ ဝိုင်ခွက်နဲ့ ကြင်စိုး ခေါင်းကို တိုက်မိပြီး ကြင်စိုး ဆံပင်နဲ့ ကုတ်အင်္ကျီပေါ် ဝိုင်အရက်တွေ ဖိတ်ကျပါလာရော။
ဒါနဲ့ မပြီးသေးဘူး၊ လူချင်း တိုက်မိတဲ့ အရှိန်နဲ့ ကြင်စိုး ကိုင်ထားတဲ့ ဝိုင်ခွက်ထဲက ဝိုင်တွေလည်း သူ့ဘောင်းဘီပေါ် ဖိတ်ကျပြန်တယ်၊ ဖိတ်ဆို ကြင်စိုးက ဝိုင်ခွက်ကို စတိုင်ကျကျ ပုံစံတကျ ကိုင်တတ်တဲ့သူမှ မဟုတ်တာ၊ ဘန်ကောက်တုန်းကလိုပဲ တောသီးစတိုင်နဲ့ ဆက်ကိုင်ထားတာမို့ ဖိတ်ဖို့ ပိုလွယ်တာပေါ့။
ဆံပင်ရော ကုတ်အင်္ကျီ တစ်စုံလုံးရော ဝိုင်အရက်တွေနဲ့ စိုရွှဲသွားတဲ့ ကြင်စိုးကို ကြည့်ပြီး အခန်းထဲမှာ ရှိတဲ့ လူတွေဆီက အသံတွေ တိတ်သွားကြတယ်။ ခဏအကြာမှာ ကြင်စိုးဆီကပဲ စကားတစ်လုံးချင်း ထွက်လာတယ်၊ ထုံးစံအတိုင်း ‘စပိုက်စီဘာ’၊ ကျေးဇူးတင်ပါတယ်ပေါ့။
အခန်းထဲက တစ်လှမ်းချင်း ထွက်သွားတဲ့ ကြင်စိုးကို ကြည့်ကာ ပူတင်က ‘ငါတို့လို အာဏာရှင်အုပ်စုထဲ ဘယ်လို ဂဂျိုးဂဂျောင် ဖွတ်ချီးကောင် ရောက်လာရသလဲ’ ဆိုတဲ့ အတွေးနဲ့ ခေါင်းတယမ်းယမ်း ဖြစ်ပြီး ကျန်နေခဲ့ပါတော့တယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar