လှကျော်ဇော - ငြိမ်းမရတဲ့မီးတောက်မီးလျှံ ရိုက်ကူးစဉ်က
လှကျော်ဇော - ငြိမ်းမရတဲ့မီးတောက်မီးလျှံ ရိုက်ကူးစဉ်က
မိုးမခ ၊ ဩဂုတ် ၃၁ ၊ ၂၀၂၆
၁၅-၈-၂၀၂၆။
ဗမာပြည်ကွန်မြူနစ်ပါတီ (၈၇) နှစ်မြောက် မွေးနေ့။ သတင်းကွန်ရက်တွေမှာ ပါတီရဲ့မွေးနေ့ကို အနယ်နယ်အရပ်ရပ်မှာ ပျံ့နှံ့ရောက်ရှိနေကြတဲ့ ပါတီရဲဘော်များ ကျင်းပကြတဲ့ အထိမ်းအမှတ်အမျိုးမျိုးကို တွေ့လိုက်ရပါတယ်။
ဒီအထဲမှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA - ပီအယ်လ်အေ) ရဲဘော်များ ကြိုးပမ်းထားတဲ့ ဗီဒီယိုဖိုင်လေးတဖိုင် ပါလာပါတယ်။ ဖိုင်လေးထဲမှာ ကျွန်မတို့ပါတီ ဗမာပြည်ရဲ့ အရှေ့မြောက်အရပ်မှာ လှုပ်ရှားခဲ့ကြတဲ့ ကာလက အဖြစ်အပျက်တွေကို မှတ်တမ်းတင်ရိုက်ကူးထားတဲ့ "ငြိမ်းမရတဲ့မီးတောက်မီးလျှံ" ရုပ်ရှင်ကားထဲက အပိုင်းအစလေးတွေ ထည့်ထားတာ တွေ့လိုက်ရပါတယ်။
အဲဒီအပိုင်းအစလေးများကြားမှာ ကျွန်မ ပုံလေးနှစ်ပုံ မှုန်မှုန်မွှားမွှား တွေ့လိုက်ရပါတယ်။
၁။ ၁၉၇၇ ခုနှစ်က မုံကူက ဗဟိုနိုင်ငံရေးဌာနမှာ ပါတီဥက္ကဋ္ဌ သခင်ဗသိန်းတင်က ရဲဘော်ဟောင်း-ရဲဘော်သစ်များအကြား ကောင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက်ဖို့ ပညာပေးတဲ့ မိန့်ခွန်းတရပ် ပြောကြားခဲ့ပါတယ်။ အဲဒါကို တက်ရောက်နားထောင်ပြီး မှတ်တမ်းလိုက်နေကြတဲ့ ကျွန်မနဲ့ ဆရာမကြီး ဒေါ်ငွေတို့ပုံ။
၂။ (၁၈၁ - တစ်ရှစ်တစ်) စခန်း (ပါတီဗဟိုရဲ့ နာမည်ဝှက်) မှာ ကျင်းပတဲ့ ဗဟိုစစ်ကော်မရှင် အစည်းအဝေးအခန်းတွင်းသို့ ကျွန်မက ဝင်လာပြီး စာရွက်စာတမ်းတွေ ဥက္ကဋ္ဌကို ပေးပြီး ထွက်သွားတဲ့ပုံ။
အဲဒီအစည်းအဝေးမှာ ခေါင်းဆောင်တွေ အတော်စုံလင်ပါတယ်။ တဦးချင်း အနီးကပ်ပုံများလည်း ရိုက်ပြထားတာပါ။ အခုတော့ အဲဒီခေါင်းဆောင်များအားလုံး မရှိတော့ပါဘူး။ ဆရာမကြီးလည်း ကွယ်လွန်သွားပါပြီ။ ဩော်... လွမ်းလိုက်ပါဘိတော့။
‘ငြိမ်းမရတဲ့မီးတောက်မီးလျှံ’ သတင်းမှတ်တမ်းကားကို ၁၉၇၈ ခုနှစ်မှာ ကျရောက်မဲ့ ပါတီရဲ့ လက်နက်ကိုင်တော်လှန်ရေး အနှစ် (၃၀) ပြည့်ကို ဂုဏ်ပြုဖို့အတွက် ရိုက်ကူးတဲ့ကားပါ။
၁၉၇၇ ခုနှစ် တနှစ်လုံး ပါတီရဲ့ အခြေခံဒေသအသီးသီးကိုသွားပြီး ရိုက်ကူးထားတာပါ။ တချို့ စစ်ဆင်ရေးဆင်နွှဲနေတဲ့ ဒေသများမှာလဲ ဝင်ရိုက်ကူးကြတာပါပဲ။
၁၉၇၇ ခုနှစ်က ကျွန်မနဲ့ဖေဖေ (ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ကျော်ဇော) တို့ ပါတီဗဟို (၁၈၁) မှာ ရောက်နေပါတယ်။ ကျွန်မတို့က ၁၉၇၆ ဇူလိုင်လမှာ ပါတီကို ရောက်လာတာပါ။ (၂၀-၇-၂၀၂၆ နေ့က အနှစ် ၅၀ ပြည့်သွားပါပြီ)။
ဖေဖေကို ရောက်ပြီးမကြာမီမှာပဲ ပါတီဗဟိုက ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်တဦးအဖြစ် ခန့်အပ်တာဝန်ပေးလိုက်ပါတယ်။ ကျွန်မကတော့ ရန်ကုန်က ပါလာတဲ့ အဆုတ်တီဘီရောဂါ မပျောက်သေးဘဲ ဆေးစားနေရဆဲ။ ဘာတာဝန်မှ ပေးမထားသေးလို့ တွေ့ရာကြုံရာတွေ လျှောက်လုပ်နေတာ။
ဗဟိုရုံးက လုပ်သားရဲဘော်တွေ (အားလုံးနီးပါး ပါတီရဲ့ ငယ်မွေးခြံပေါက်တွေ၊ တချို့က ကျဆုံးသွားတဲ့ အာဇာနည်များရဲ့ သားသမီးများ၊ တချို့က စစ်ဒေသများက ရွေးပို့ထားတဲ့ စံပြရဲဘော်များ) က ဗမာစာသင်တာတို့၊ ပြည်သူ့အသံအတွက် အသံလွှင့်ဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများ စမ်းတဝါးဝါးနဲ့ စရေးကြည့်နေတာတို့၊ ဗဟိုရုံးက စာရွက်စာတမ်းတွေ ထုတ်ဝေဖို့ အလုပ်တွေများတဲ့အခါ ဝိုင်းလုပ်ပေးရတာတို့ စတဲ့ တောက်တိုမည်ရတွေ ဝင်လုပ်နေရချိန်ပါ။
အဲဒီလိုအချိန်မှာ ဒီကားရိုက်မဲ့ကိစ္စ ပေါ်လာတာ။ ဗဟိုရုံးကို ရုပ်ရှင်လာရိုက်မယ်ဆိုတဲ့ သတင်းစရောက်ကတည်းက တစခန်းလုံး တရုန်းရုန်းနဲ့ သန့်ရှင်းရေးလုပ်ရ၊ ဧည့်သည်ရုပ်ရှင်အဖွဲ့ နေရေးထိုင်ရေး စီစဉ်ရနဲ့ အလုပ်တွေများကုန်ကြပါတယ်။
ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့ ရောက်လာပြီး ရိုက်ကူးမဲ့ အစီအစဉ်တွေကို ခေါင်းဆောင်များကို တင်ပြ သဘောတူညီချက် ရပြီးတာနဲ့ သူတို့ရဲ့ အစီအစဉ်များကို သက်ဆိုင်ရာ ရဲဘော်များနဲ့ အသေးစိတ် တိုင်ပင်ညှိနှိုင်းကြပါတယ်။ လျှို့ဝှက်ရေးအရ တချို့နေရာများနဲ့ တချို့ရဲဘော်များ ကင်းလွတ်လိုက်ပြီး ကျန်နေရာများနဲ့ ကျန်ရဲဘော်အားလုံး ပါဝင်ရမှာပါ။
ကျွန်မက ရိုက်ကွင်း ၃ ကွက် ရိုက်ရမှာ။
၁။ တကွက်ကတော့ အထက်မှာ ရေးထားတဲ့ အစည်းအဝေးအခန်းထဲ အဝင်အထွက်ခန်း။ ဒီအခန်းရိုက်တော့ အဆင်ပြေသား။
၂။ နောက်တကွက်က— အဲဒီအခန်းထဲ မဝင်ခင် သစ်ပင်တွေကြားက လမ်းလျှောက်လာတဲ့အခန်း။ ဒါလည်း ပြဿနာမရှိ ချောမောအဆင်ပြေ။
၃။ နောက်တကွက်ကတော့— အခန်းကို ကင်းစောင့်အဖြစ်ကျတဲ့ ရဲဘော်ကြီး ကိုသွယ်က သေနတ်ကြီးပိုက်ပြီး တောင့်တောင့်ကြီး (သတိအနေအထားနဲ့) ရပ်နေရမယ်။ တဖက်က (အခန်းထဲက ထွက်လာတဲ့) ရဲဘော်မ အေးမြင့်က စာရွက်စာတမ်းတချို့နဲ့ လမ်းလျှောက်ထွက်လာရမယ်။ နောက်တဖက်က (အခန်းထဲဝင်မဲ့) ကျွန်မက စာရွက်စာတမ်းတချို့ ကိုင်ပြီး ကင်းဆီ လမ်းလျှောက်လာရမှာ။ ရုံးအလုပ်သမားများက ဗဟိုစစ်ကော်မရှင် အစည်းအဝေးအတွင်း ဝင်ပြီး အစီရင်ခံစာတွေ ပို့နေရတဲ့သဘော။ ကျွန်မက အဝင်မှာ ခွင့်တောင်းတဲ့သဘော ကင်းကိုလှမ်းကြည့်ပြီး ကင်းက ခေါင်းညိတ်ပြမှ ဝင်သွားရမယ်။ (ဒါက ဒါရိုက်တာက သင်ပေးထားတာ။)
ဒီနေရာမှာ ကြုံတုန်းလေး ဗဟိုရုံးမှာ အဲဒီအချိန်က တာဝန်ထမ်းနေတဲ့ ရဲဘော်အချို့အကြောင်း အကျဉ်းပြောပြချင်ပါတယ်။
ရဲဘော် ကိုသွယ်ဆိုတာက ဥက္ကဋ္ဌ သခင်ဗသိန်းတင်ရဲ့ ကိုယ်ရံ။ တကယ့်သားတယောက်လို ဥက္ကဋ္ဌကို ချစ်လည်း ချစ်၊ လေးလည်း လေးစား၊ အရိပ်တကြည့်ကြည့်နဲ့ လိုလေသေးမရှိအောင် စောင့်ရှောက်ပြုစုသူ။ စိတ်နေသဘောထားလည်း အလွန်ကောင်း။ အဲဒီတုန်းက သူက လူပျိုကြီး။ ထုံးစံအတိုင်း စခန်းတွင်း ကလေးတွေ သူတို့ကို ပြောင်နေ၊ နောက်နေကြ။ စိတ်လည်း မဆိုးတတ်။ နောက်ပိုင်း ပန်ဆန်းရောက်မှ (၁၉၇၈) အရှေ့မြောက်စစ်ဒေသ ဆေးရုံက သူနာပြု ရဲဘော် မဈာမိုင် (ဝတိုင်းရင်းသူ အမျိုးသမီး) နဲ့ အိမ်ထောင်ကျပြီး သားနှစ်ယောက် ရပါတယ်။ ၁၉၈၉ ပါတီ ဖရိုဖရဲအဖြစ်မှာ မိသားစု ၄ ယောက်လုံး မဈာမိုင်ရဲ့ မွေးရပ် မုံကူကို ပြန်သွားပြီး အဲဒီမှာပဲ ကွယ်လွန်သွားပါတယ်။
ရဲဘော် (ဒေါ်)အေးမြင့်က ရန်ကုန်မှာမွေး ရန်ကုန်မှာကြီးတဲ့ တရုတ်အမျိုးသမီး။ (ပါတီထဲမှာတော့ ဟွာချောင် - ပင်လယ်ရပ်ခြား တရုတ်အမျိုးသားများလို့ခေါ်)။ သူက ၁၉၆၇ ခုနှစ် (မဆလခေတ်) ရန်ကုန်မှာ တရုတ်ဆန့်ကျင်ရေး အဓိကရုဏ်းတွေဖြစ်တုန်းက အရိုက်အနှက်ခံထားလိုက်ရပြီး ဗမာပြည်မှာ မနေရဲတော့လို့ တရုတ်ပြည်ကို ပြန်လာတာ၊ ၁၉၆၈ ပါတီက နယ်စပ်မှာ အခြေခံဒေသတွေ တည်ဆောက်နေတယ်လို့ ကြားလို့ ဗမာပြည်ထဲ ပြန်ဝင်လာပြီး ဗဟိုရုံးမှာ ဒုရုံးအုပ်အဖြစ် တာဝန်ယူထားတာ။ သူ့ခင်ပွန်း ရဲဘော်ကျော်လွင်ကလဲ သူ့လို ဗမာပြည်ပေါက် တရုတ်အမျိုးသား။ သူက ဗဟိုရုံး ရုံးအုပ်၊ တပြိုင်တည်း ပါတီဒုဥက္ကဋ္ဌ ရဲဘော်ခင်မောင်ကြီးရဲ့ ကိုယ်ရေးအတွင်းဝန်လည်းဖြစ်။ သူတို့မှာလည်း သမီးလေး နှစ်ယောက်ရှိ။ ၁၉၈၀ လွန်နှစ်များမှာ တရုတ်ပြည်ကို ပြန်သွားကြပြီး အခုတော့ အသက် (၈၀) ကျော်တွေ၊ တရုတ်ပြည်ရဲ့ ပင်စင်စားတွေပေါ့။
အဲဒီရုပ်ရှင်ရိုက်တဲ့ကိစ္စ ဆက်ရရင်— ဒေါ်အေးမြင့်က အခန်းထဲထွက်လာတာ အရင်ရိုက်တော့ အဆင်ပြေသား။ ကိုသွယ်ရော ဒေါ်အေးမြင့်ရော အနီးကပ် ရိုက်ပြနိုင်လိုက်တယ်။ ကျွန်မက ဝင်ရမှာ အဝင်မှာ ကိုသွယ်ကို လှမ်းကြည့်ရမယ်။ ကိုသွယ်က ခေါင်းညိတ်ပြရမယ်။ ဒီအခန်းမှာ ဒုက္ခရောက်တော့တာပဲ။ အဲဒါကလည်း အနီးကပ်ရိုက်မှာ။
ဗဟိုစခန်းမှာ ရုပ်ရှင်စရိုက်ကတည်းက ဌာနတွေမှာ တာဝန်ကျတဲ့ ရဲဘော်များမှအပ ကျန်ရဲဘော်များနဲ့ ကလေးများ (ဗဟိုရုံးမှာ အဲဒီတုန်းက ကလေး ၇ ယောက်ရှိတယ်။ အကြီးဆုံးက ၇ နှစ်၊ အငယ်ဆုံးက ၇ လ) က ရိုက်ကွင်းတွေမှာ တရုန်းရုန်း။ သူတို့ ကြည့်ရှောင်နေရတာ။ ရိုက်ကွင်းထဲက လူတွေကိုလည်း လှမ်းနောက်လိုက်၊ ပြောင်လိုက်နဲ့ တားမနိုင်ဆီးမရ။
အဲဒီနေ့ကလည်း သူတို့တွေက တရုန်းရုန်း။ ကိုသွယ်ကြီးက ယူနီဖောင်းအပြည့်အစုံနဲ့ သေနတ်ကြီး ပိုက်နေတာကြီးကို ကြည့်ပြီး "ဒီလိုဆိုတော့ ဦးသွယ်ကြီးက ခန့်လိုက်တာ" တို့၊ "ဦးသွယ် သေနတ်က စောင်းနေတယ်" တို့ တယောက်တပေါက် ပြောနေ၊ နောက်နေတာ။
ကျွန်မက စာရွက်စာတမ်းတွေကိုင်ပြီး အခန်းထဲဝင်ခါနီး ကိုသွယ်ကို လှမ်းကြည့်လိုက်တော့ ကိုသွယ်ကြီးက ဘေးက ဝိုင်းနောက်နေတဲ့ အရှိန်နဲ့ ပြုံးစိစိကြီး။ ကျွန်မလည်း ရယ်လိုက်တော့ ကိုသွယ်က သေနတ်ကြီး ဘေးချပြီး ရယ်ပါလေရော။ အဲဒါနဲ့ အဲဒီအခန်း ပြန်ရိုက်ရရော။ ဒုတိယအကြိမ်လည်း မျက်နှာပိုးတွေသတ်မရ။ ဒါနဲ့ နောက်ဆုံးတော့ စိတ်မရှည်တော့တဲ့ ဒါရိုက်တာက အနီးကပ်မရိုက်တော့ဘဲ အဝေးကပဲ ရိုက်လိုက်တော့တယ်။
ဗဟိုရုံးမှာရိုက်တဲ့ ရိုက်ကွင်းတိုင်း ၃-၄ ခါ ပြန်ရိုက်ရတာချည်းပဲ။ မုံကူမှာရိုက်မဲ့နေ့မှာတော့ ကျွန်မတို့ ဗဟိုရုံးက ခေါင်းဆောင်တွေအားလုံး ပါပေမဲ့ ကျန်ရဲဘော်တွေထဲက အချို့ပဲ လိုက်ရတာပါ။ ဥက္ကဋ္ဌက မုံကူ ရောက်တော့ ကြိုနေတဲ့ လူတန်းကြီးကို နှုတ်ဆက်၊ စခန်းအသီးသီးက ရဲဘော်တွေ ပြေးထွက်လာပြီး ကြိုကြနဲ့ အတော်ကို မြိုင်ဆိုင်လှပါတယ်။ အဲဒီကာလက မဆလစစ်တပ်က မြို့ပေါ်လူထုလှုပ်ရှားမှုများကို အကြမ်းဖက်နှိမ်နင်းလို့ မြို့က ထွက်ပြေးတိမ်းရှောင်လာတဲ့ ရဲဘော်သစ်များ တပြုံကြီး ရောက်နေတာပါ။ အားလုံး တက်ကြွပျော်ရွှင်နေကြပါတယ်။
အဲဒီနေ့က ဥက္ကဋ္ဌက အဲဒီလူအုပ်ကြီးကို ကွင်းပြင်မှာ စုဝေးစေပြီး မိန့်ခွန်းပြောပါတယ်။ အဓိကကတော့ နောက်ရောက်လာတဲ့ ရဲဘော်သစ် (အများအားဖြင့် ပညာတတ်များ) များနဲ့ အရင်တာဝန်တွေ ထမ်းဆောင်နေတဲ့ ရဲဘော်ဟောင်းများ (တချို့ ယဉ်ကျေးမှုရေချိန်နိမ့်သူများပါ) အကြား ဆက်ဆံရေးများ အဆင်ပြေရေး သတိထားရမဲ့အချက်များကို ပညာပေး ဟောပြောတာပါ။
တကယ်တော့ အဲဒီကာလဟာ ကျွန်မတို့ပါတီ ရွှေထီးဆောင်းတဲ့ ကာလပါ။ မဆလ ဗိုလ်နေဝင်းတို့ နိုင်ငံတကာအခြေအနေ အကဲခတ်ချက်တွေမှားပြီး တရုတ်ကို ရန်လုပ်၊ တရုတ်ကလည်း ယဉ်ကျေးမှုတော်လှန်ရေး အရှိန်တက်နေပြီး နိုင်ငံတကာက တော်လှန်ရေးတွေကို ပုံထောက်ပံ့နေချိန်၊ ဗမာပြည်တွင်း စီးပွားရေးအကျပ်အတည်းများကြောင့် ပြည်သူတွေရဲ့ နိုင်ငံရေးအသိတွေ နိုးကြားပြီး လှုပ်ရှားမှုများ ပြင်းထန်နေချိန်၊ အားလုံး သွားတိုက်ဆိုင်နေပြီး တော်လှန်ရေးအရှိန်အဟုန် တက်နေပါတော့တယ်။ တော်လှန်ရေးဒီရေမြင့်ချိန်လို့ ဆိုနိုင်ပါတယ်။
စနစ်ဟောင်းကိုဖြိုပြီး စနစ်သစ် တည်ဆောက်ကြဖို့ ရည်ရွယ်တဲ့ တော်လှန်ရေးတရပ်ဟာ လွယ်လွယ်နဲ့ အောင်ပွဲရတာ ရှားပါတယ်။ ရေရှည်ဇွဲခတ်ပြီး တဗိုလ်ကျ-တဗိုလ်တက် ဆင်နွှဲရတာပါ။
ဒါကြောင့် ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ အဖိနှိပ်ခံပြည်သူများ လုံးဝလွတ်မြောက်ရေးအတွက် ဆင်နွှဲနေတဲ့ တော်လှန်ရေးကြီးဟာ ဒီလိုအတက်အကျ အကြိမ်အမျိုးမျိုးကို ရင်ဆိုင်ခဲ့ရ၊ ရင်ဆိုင်နေဆဲ၊ နောင်လဲ ပြည်သူတရပ်လုံး မလွတ်မြောက်မချင်း ဆက်ရင်ဆိုင်နေရဦးမှာပါ။
တကြိမ် တခါက ပါတီတွင်း ပျော်ရွှင်အားတက်ဖွယ် ကာလလေးတခုကို ပြန်လည်တင်ပြရင်း ပါတီရဲ့ အနှစ် (၈၇) နှစ်ပြည့် မွေးနေ့ကို ဂုဏ်ပြုလိုက်ပါတယ်။
လှကျော်ဇော
၁၉-၈-၂၀၂၆
မှတ်ချက်။ ၁။ ငြိမ်းမရတဲ့မီးတောက်မီးလျှံ ကို အောက်ပါလင့်ခ် 👇မှာ အပြည့်အစုံ ရှုစားနိုင်ပါတယ်။
https://youtu.be/8jasH40rXeo?feature=shared
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar