မြန်မာနွေဦးခရိုနီကယ် - ဩဂုတ် ၆ မြင်ကွင်း
(မိုးမခ) ၊ ဩဂုတ် ၇ ၊ ၂၀၂၆
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ထိုင်းနိုင်ငံ တရားဝင်ခရီးစဥ်နဲ့ အိမ်နီးချင်းနိုင်ငံရဲ့ မူဝါဒအရွေ့
မြန်မာ သတင်းမီဒီယာတွေက အာဏာသိမ်း စစ်ခေါင်းဆောင်ကို ထိုင်းနိုင်ငံဝန်ကြီးချုပ်က တရားဝင်ခရီးစဥ်အဖြစ် ဖိတ်ကြားပြီး ဘန်ကောက်မြို့ကို လာရောက်ချိန် ဘန်ကောက်မြို့ ကုလသမဂ္ဂရုံးရှေ့ ဆန္ဒပြမှုဖြစ်ပွားတဲ့ သတင်းတွေ ဖော်ပြနေကြချိန်မှာ နိုင်ငံတကာ သတင်းမီဒီယာတွေကတော့ စစ်အာဏာသိမ်းပြီးနောက် မြန်မာစစ်ခေါင်းဆောင်အဖို့ ထိုင်းနိုင်ငံရဲ့ တရားဝင် ဖိတ်ကြားမှုကိုရခဲ့ပြီး သံတမန်ရေးအရ အထီးကျန်ဖြစ်နေတဲ့ အခြေအနေကို အဆုံးသတ်စေတယ် ဆိုတဲ့ သဘောမျိုး ခေါင်းစဥ်တပ်နေကြတာပါ။ ထိုင်းနိုင်ငံရဲ့ တရားဝင် ခရီးစဥ်အနေနဲ့ ဖိတ်ကြားမှုဟာ လွန်ခဲ့တဲ့ ၅ နှစ်ကျော်က အာဏာသိမ်းခဲ့တဲ့ မြန်မာစစ်ခေါင်းဆောင်ကို သံတမန်ရေးအရ အောင်မြင်မှုရစေခဲ့တယ် ဆိုတဲ့သဘောမျိုး ရေးသားဖော်ပြနေကြတာပါ။
မြန်မာသတင်းမီဒီယာတွေက မြန်မာလူထုအများစု မနှစ်မြို့ မုန်းတီးကြတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ထိုင်းနိုင်ငံ ခရီးစဥ်အတွင်း ထိုင်းရောက် မြန်မာနိုင်ငံသားတွေက ဆန့်ကျင်ဆန္ဒပြကြတဲ့ သတင်းမျိုး၊ မင်းအောင်လှိုင် ထိုင်းနိုင်ငံကို လာရောက်တဲ့ ရက်အတွင်း ဘန်ကောက်မြို့ ရဲ့ ခရိုင်တခုမှာ စာသင်ကျောင်းအတွင်း သေနတ်ပစ်မှုဖြစ်ပွားတဲ့ သတင်းနဲ့ ချိတ်ဆက်ပြီး ခေါင်းစဥ်အဖြစ် ရေးသားဖော်ပြကြကာ မင်းအောင်လှိုင်ရဲ့ ထိုင်းခရီးစဥ် အောင်မြင်မှုမရရှိတဲ့ သဘောမျိုး ဖော်ပြကြတာကို ပရိသတ်က အားရကျေနပ်ကြတာလည်း တွေ့ရပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထိုင်းဝန်ကြီးချုပ်ကို ခါးညွှတ်ပြီး လက်ဆွဲနှုတ်ဆက်နေပုံက ဘယ်လောက် အရိုအသေပေးနေသလဲ ဆိုတဲ့ ဝေဖန်မှုတွေ၊ မြန်မာစစ်ခေါင်းဆောင်မင်းအောင်လှိုင် အစိုးရအိမ်တော်ရဲ့ မှတ်တမ်းစာအုပ်မှာ ဖိတ်ကြားခံရမှုအတွက် ဝမ်းမြောက်ကြောင်း ရေးသားထားတဲ့ စာသားနဲ့ အသုံးအနှုန်း စတာတွေက ဆိုရှယ်မီဒီယာတွေမှာ လူကြိုက်များ အဖတ်များတဲ့ ပို့စ်တွေ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံရဲ့ လက်ရှိဝန်ကြီးချုပ်ဖြစ်သူ အနုတင်အစိုးရအဖွဲ့အနေနဲ့ မြန်မာနိုင်ငံ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ အစိုးရကို “ချိန်ညှိထားတဲ့ပြန်လည်ထိတွေ့ဆက်ဆံမှု” မူကို ကျင့်သုံးပြီး ထိတွေ့ဆက်ဆံတော့မဲ့ ဆုံးဖြတ်ချက်ချခဲ့ကာ အာဆီယံအဖွဲ့ရဲ့ သဘောထားနဲ့ ကွာဟနေသည့်တိုင် ထိုင်းနိုင်ငံအနေနဲ့ အာဆီယံထက်ကို ရှေ့ခြေတလှမ်းတိုးကာ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တရားဝင် ခရီးစဥ် ဖိတ်ကြားလိုက်တာဟာ အာဆီယံအဖွဲ့နဲ့ ဒေသတွင်းနိုင်ငံတွေနဲ့ မတူတဲ့ ထိုင်းနိုင်ငံရဲ့ မူဝါဒကို အသိပေးလိုက်သလို ဖြစ်စေခဲ့ပါတယ်။ မကြာသေးခင်က လာအိုနိုင်ငံက မြန်မာစစ်ခေါင်းဆောင်ကို တရားဝင်ခရီးစဥ်အဖြစ် ဖိတ်ကြားခဲ့တာ ရှိပေမဲ့ လာအိုနိုင်ငံရဲ့ ဆုံးဖြတ်ချက်ဟာ အာဆီယံအဖွဲ့အပေါ် ထိုင်းနိုင်လောက် သက်ရောက်မှုမရှိတာကြောင့် အဆိုပါ ခရီးစဥ်က အခုလောက် လူပြောမများခဲ့ပါဘူး။
သတင်းစာရှင်းလင်းပွဲမှာ ထိုင်းဝန်ကြီးချုပ်ကို နိုင်ငံခြားသတင်းထောက်တဦးက အခုလို မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို နိုင်ငံတော်ဧည့်သည်အဖြစ် ဖိတ်ကြားခြင်းကြောင့် အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ အစိုးရကို တရားဝင်မှုကို ဆုလာဘ်အဖြစ် ပေးတာလားလို့ မေးမြန်းရာမှာ ထိုင်းဝန်ကြီးချုပ်က တရားဝင်မှု ပြဿနာ မဟုတ်ဘူးလို့ တုံ့ပြန်ဖြေကြားခဲ့တာလည်း ဖြစ်ပါတယ်။ ထိုင်းဝန်ကြီးချုပ် တုံ့ပြန်ချက်ရဲ့ ဆိုလိုရင်းက ထိုင်းနဲ့ မြန်မာနိုင်ငံတွေအကြားမှာ မြစ်ချောင်းရေ ညစ်ညမ်းမှု၊ အဆိပ်သင့်မှု၊ နှစ်နိုင်ငံ နယ်နိမိတ်ဖြတ်ကျော် သယ်ဆောင်တဲ့ မူးယစ်ဆေးဝါးပြဿနာ၊ နယ်နိမိတ် ဖြတ်ကျော်သက်ရောက်တဲ့ မီးခိုးငွေ့ ပြဿနာနဲ့ နယ်စပ်ဒေသ မတည်ငြိမ်မှုတွေက စစ်ဘေးဒုက္ခသည်တွေဝင်ရောက်လာတဲ့ ပြဿနာတွေကို လက်တွေ့ကျကျ ဖြေရှင်းနိုင်ဖို့အတွက် လက်ရှိမြန်မာနိုင်ငံမှာ အစိုးရဖြစ်နေတဲ့ မင်းအောင်လှိုင်အစိုးရနဲ့ ထိတွေ့ဆက်ဆံမှသာ ပြဿနာတွေကို ဖြေရှင်းနိုင်မယ်ဆိုတဲ့ သဘော ဖြစ်ပါတယ်။
ထိုင်းနိုင်ငံရဲ့ အခုလက်ရှိ အနုတင်အစိုးရအဖွဲ့ဟာ ပြီးခဲ့တဲ့ ထိုင်းနိုင်ငံ အထွေထွေရွေးကောက်ပွဲ မတိုင်ခင်ကလည်း ယာယီဝန်ကြီးချုပ်အဖြစ်နဲ့ တာဝန်ယူခဲ့ဖူးပြီး ထိုစဥ်က မြန်မာနိုင်ငံမှာ ၂၀၂၅/၂၆ ခုနှစ် ရွေးကောက်ပွဲတွေ ကျင်းပဖို့ ပြင်ဆင်နေချိန် ဖြစ်ပါတယ်။ အဲဒီကာလက ယခုလက်ရှိ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်ကပဲ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအကျပ်အတည်းရဲ့ အဖြေမဟုတ်ကြောင်း ပြောဆိုခဲ့ပါတယ်။ အဲဒီကာလက ရွေးကောက်ပွဲကို အသိအမှတ်မပြုတဲ့ အရိပ်အယောင်မျိုးပြသခဲ့ပေမဲ့ အခုအခါမှာတော့ အဲဒီရွေးကောက်ပွဲကနေ သမ္မတရာထူးကို ရယူခဲ့တဲ့ မင်းအောင်လှိုင်ကို ထိုင်းအစိုးရရဲ့ ဧည့်သည်တော်အဖြစ် ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ မကျင်းပမီကာလ အနုတင် ဦးဆောင်တဲ့ ထိုင်းအစိုးရရဲ့ မြန်မာ စစ်တပ်အစိုးရအပေါ် သဘောထားနဲ့ အခုလက်ရှိအချိန် သဘောထားတွေက အတော်လေး ကွာဟသွားတာ တွေ့ရပါလိမ့်မယ်။ ထိုင်းအစိုးရ အနေနဲ့ တနှစ်ဝန်းကျင်ကာလအတွင်း ဘာကြောင့် မြန်မာစစ်အစိုးရအပေါ် သဘောထားရပ်တည်ချက် ပြောင်းလဲခဲ့ရတာလဲ ဆိုတာတော့ တိတိပပ မသိနိုင်ပေမဲ့ မြန်မာနိုင်ငံတွင်းက တော်လှန်ရေး လက်နက်ကိုင် အင်အားစုတွေရဲ့ စစ်ရေးအရ အောင်မြင်နိုင်မှု အလားအလာ မှေးမှိန်လာတာ၊ တရုတ်နိုင်ငံက မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်အင်အားစုအပေါ် ရပ်တည်ပေးခဲ့ပြီး ယခုနှစ်ဆန်းပိုင်း သမ္မတအဖြစ် တာဝန်ယူပြီးနောက် အိန္ဒိယနဲ့ တရုတ်လို နိုင်ငံတွေက တရားဝင် ဧည့်သည်တော်အဖြစ် ဖိတ်ကြားခဲ့တဲ့ ဖြစ်ရပ်တွေက ထိုင်းအစိုးရကို အခုလမ်းကြောင်းကို ရွေးချယ်စေခဲ့သလားလို့ မှန်းဆစရာလည်း ဖြစ်ပါတယ်။
တော်လှန်ရေးအင်အားစုတွေဘက်က တဖွဲ့တည်းသော အဖွဲ့အစည်းလိုမျိုး မပြသနိုင်တာတွေကြောင့် လက်နက်ကိုင် ပဋိပက္ခ ရှည်ကြာလာတော့မဲ့ အနေအထားမျိုးကို ထိုင်းအစိုးရဘက်က တွေးဆလာပြီး စေ့စပ်ဆွေးနွေးရေးလမ်းကြောင်းကို တိုက်တွန်းဖို့ ဆုံးဖြတ်ခဲ့တာလားလို့လည်း ယူဆစရာ ရှိနေတာပါ။
ဒါ့အပြင် နှစ်နိုင်ငံနယ်စပ်က ကျားဖြန့်ရာဇဝတ်ဂိုဏ်း ပြဿနာ၊ မူးယစ်ဆေးဝါး၊ သဘာဝပတ်ဝန်းကျင် အဆိပ်သင့်မှု၊ ရှမ်းအရှေ့ဒေသနဲ့ ထိစပ်နေတဲ့ ထိုင်း-မြန်မာနယ်စပ်က မီးခိုးရာသီ ပတ်ဝန်းကျင် ညစ်ညမ်းမှုတွေလို ကိစ္စတွေကို ဖြေရှင်းနိုင်ဖို့ လက်တွေ့ နိုင်ငံရေး အယူအဆဘက်ကို ပိုအလေးပေးလိုက်လေသလားလို့ မှန်းဆကြည့်စရာပါ။
သြဂုတ်လ ၆ ရက်နေ့ တွေ့ဆုံမှုမှာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ပမာဏကို ဒေါ်လာ ၇ ဘီလျံကနေ ၁၂ ဘီလျံလောက်ထိ တိုးတက်ဖို့ မှန်းဆထားတယ်လို့ ထိုင်းဝန်ကြီးချုပ်က ပြောပေမဲ့ စစ်အစိုးရအနေနဲ့ နိုင်ငံခြားငွေ ချွေတာရေးမူဝါဒကို ကိုင်စွဲကျင့်သုံးနေပြီး မြန်မာနိုင်ငံဘက်ခြမ်းမှာ ထိုင်းကုန်ပစ္စည်းတွေကို တင်းတင်းကျပ်ကျပ် ဖမ်းဆီး သိမ်းယူနေတာကြောင့် နှစ်နိုင်ငံ ကုန်သွယ်ရေး တိုးတက်လာဖို့က သိပ်အလားအလာမကောင်းတဲ့ အနေအထား ဖြစ်ပါတယ်။
သို့ပေမဲ့ နှစ်နိုင်ငံ နယ်နိမိတ်ဖြတ်ကျော် ဖြစ်ပွားနေတဲ့ ကျားဖြန့်၊ မူးယစ်ဆေးဝါးနဲ့ မြစ်ရေညစ်ညမ်းမှုတွေကိုတော့ ထိတွေ့ဆက်ဆံမှုရှိမှသာ ဖြေရှင်းနိုင်မယ်လို့ ထိုင်းအစိုးရဘက်က မျှော်လင့်ထားပုံ ရပါတယ်။
တဖက်မှာလည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့ အပစ်ရပ် သဘောတူညီမှု ရယူလိုက်ကြတာ၊ လက်နက်ကိုင် မြန်မာ စစ်အာဏာရှင်ဆန့်ကျင်ရေး အင်အားစုတွေ အနေနဲ့ အနုတင် ဦးဆောင်တဲ့ ထိုင်းအစိုးရအနေနဲ့ လူ့အခွင့်အရေး၊ ပြည်တွင်းစစ်ရဲ့ အရင်းခံ အကြောင်းရင်းဖြစ်တဲ့ စစ်အာဏာရှင်စနစ်တို့အပေါ် ရပ်တည်တာမျိုးကို မျှော်လင့်ကြမှာ ဖြစ်ပါတယ်။ သို့ပေမဲ့ အနုတင်အစိုးရအနေနဲ့ လက်နက်ကိုင် ပဋိပက္ခမှာ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းတွေ တွေ့ဆုံဆွေးနွေးအဖြေရှာကြဖို့နဲ့ လက်တွေ့ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို မြန်မြန်ဆန်ဆန် ဖြေရှင်းနိုင်ဖို့ မင်းအောင်လှိုင် အစိုးရနဲ့ ထိတွေ့ဆက်ဆံဖို့ ဆုံးဖြတ်လိုက်တဲ့အချက်ကိုလည်း လျစ်လျူရှုထားလို့ မရတဲ့အနေအထား ဖြစ်ပါတယ်။ ဘယ်နိုင်ငံမဆို မိမိနိုင်ငံရဲ့ အကျိုးစီးပွား၊ မိမိနိုင်ငံအပေါ် သက်ရောက်နေတဲ့ ဆိုးကျိုးသက်ရောက်မှုတွေကို ရပ်တန့်နိုင်ဖို့၊ အဖြေရှာနိုင်ဖို့ကို ကျန်တဲ့အရေးကိစ္စတွေထက် ဦးစားပေးကြမှာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံရဲ့ လတ်တလောနဲ့ ရေရှည်အကျိုးစီးပွား နှစ်ရပ်လုံးအတွက် မြန်မာ တော်လှန်ရေးအင်အားစုတွေဘက်က ဘာတွေ အာမခံပေးနိုင်သလဲ၊ လက်တွေ့မှာ သက်ရောက်မှုတွေ ရှိလာအောင် လုပ်ဆောင်နိုင်သလဲ ဆိုတဲ့ အချက်တွေနဲ့ ထိုင်းအစိုးရကို စည်းရုံးပြောဆိုနိုင်ဖို့နဲ့ လက်တွေ့အခြေအနေတွေမှာလည်း သက်သေပြနိုင်ဖို့ အရေးကြီးတာ ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar