Breaking News

လှကျော်ဇော - နိုင်ငံတကာအခင်းအကျင်းသစ်များ (၁၂)

 May be an image of crowd and text

နိုင်ငံတကာအခင်းအကျင်းသစ်များ (၁၂)

လှကျော်ဇော

 မိုးမခ ၊ ဩဂုတ် ၂ ၊ ၂၀၂၆  

 

အိန္ဒိယရဲ့ ပညာရေးစနစ်

ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံတော်ကြီးရယ်လို့ အရင်းရှင်နိုင်ငံကြီး (အထူးသဖြင့် အနောက်နိုင်ငံ) များအကြား ဂုဏ်တဝင့်ဝင့်နဲ့ အမွှမ်းတင်ခံနေရတဲ့ အိန္ဒိယနိုင်ငံကြီးရဲ့ အခုတလော ဖြစ်ရပ်တွေကတော့ အံ့မခန်းစရာ အရင်းရှင်ဒီမိုကရေစီရဲ့ အပေါ်ယံသဏ္ဌာန်ဆန်မှုတွေ သို့မဟုတ် အားနည်းချက်များကို လှစ်ဟပြသလိုက်ပါတယ်။

တကယ်တော့ အိန္ဒိယနိုင်ငံကြီးမှာ နယ်ပယ်အသီးသီး (စီးပွားရေး၊ ပညာရေး၊ လူမှုရေး စသဖြင့်) မှာ မညီမျှမှုတွေ အကြီးအကျယ်ရှိပြီး လူတန်းစားအလွှာအသီးသီးရဲ့ မကျေနပ်ချက်တွေကို နည်းသဏ္ဌာန်မျိုးစုံနဲ့ မကြာခဏ ပေါ်ထွက်လာနေတာတွေ တွေ့နေ၊ ကြားနေရတာတွေ ရှိပါတယ်။ ဒါပေမဲ့ ခုတစ်ခါလောက် အရှိန်အဟုန်ကြီးတဲ့ လှုပ်ရှားမှု မရှိခဲ့သေးပါဘူး။ တငွေ့ငွေ့လောင်နေတဲ့ မီးပွားလေးတွေ စုစည်းမိသွားဟန် ရှိပါတယ်။ အရေအတွက်တွေ များလာတော့ အရည်အချင်းတရပ်ဆီ ပြောင်းဖို့ တာစူလာတာလည်း ဖြစ်နိုင်ပါတယ်။

အိန္ဒိယမှာ နှစ်စဉ် မေလမှာ ကျင်းပနေကျ အထက်တန်းပညာရပ်ဆိုင်ရာ ဝင်ခွင့်စာမေးပွဲ (National Eligibility cum Entrance Test - NEET) ဟာ အလွန်နတ်ကြီးပါတယ်။ ဘွဲ့ကြိုဆေးသင်တန်းတွေ တက်ခွင့်ရရေးအတွက် ဖြေဆိုကြရတာပါ။ လူငယ်ကျောင်းသားများအတွက် ဆင်းရဲတွင်းက လွတ်ဖို့ ထွက်ပေါက်တံတားကြီးလည်း ဖြစ်ပါတယ်။ ဝင်ရောက်ဖြေဆိုသူ နှစ်သန်းကျော်မှာ တစ်သိန်းလောက်ပဲ အောင်မြင်လေ့ရှိတော့ အောင်နှုန်းကလည်း အလွန်နိမ့်ပါတယ်။ ဒီတော့ ဝင်ရောက်ဖြေဆိုသူများအတွက် ဘက်စုံက ဖိအားကြီးပါတယ်။ အထူးသဖြင့် ငွေရေးကြေးရေး အဆင်မပြေသူ မိဘများဟာ တမိသားစုလုံးရဲ့ မျှော်လင့်ချက်တွေ ပုံအောပြီး အိမ်ပေါင်ယာပေါင် ရှိသမျှစုပုံအောပြီး ကျောင်းထားပေးကြရပါတယ်။ အဲဒီစာမေးပွဲအတွက် လက်ပူတိုက် ကျူရှင်တွေကလည်း မျိုးစုံ၊ ကျူရှင်ခတွေကလည်းကြီး၊ ဒါ့အပြင် ကျူရှင်ဆရာတွေက အပြိုင်အဆိုင် တစ်ကြိုမေးခွန်းတွေ ရောင်းစား (တချို့က သိန်းချီပေးရတာပါ။) ပညာရေးဌာနရဲ့ လာဘ်ယူလာဘ်စားမှု အပုပ်နံ့တွေကလည်း နှစ်စဉ် ထွက်နေကျ။

ဒီနှစ်မှာတော့ မေးခွန်းပေါက်ကြားတယ်ဆိုပြီး စာမေးပွဲတွေ ဖျက်သိမ်းလိုက်ပြီး ဇွန်လမှာ ပြန်ကျင်းပခဲ့ပါတယ်။ ဒီတော့ ဒီစာမေးပွဲအပေါ် အနာဂတ် မျှော်လင့်ချက်ကြီးနဲ့ မတန်တဆ ဖိအားများအောက်က ကျောင်းသားအချို့ စိတ်ဓာတ်ထိခိုက်မှုကြောင့် သေကြောင်းကြံလို့ ကျောင်းသားဆယ်ဂဏန်းအထက် အဖိတ်အစဉ် ရှိလိုက်ပါတယ်။ သူတို့ရဲ့ သေတမ်းစာများကိုလည်း ထုတ်ပြန်ပေးလို့ ဝိုင်းကရုဏာသက်မှုတွေ ရှိလာပြီး အစိုးရအပေါ်  ပိုဒေါသဖြစ်လာနေတာပါ။ တခြား မကျေနပ်မှုတွေပါ စုပေါင်းကျလာပါတယ်။ အစိုးရ အဆင့်မြင့်အရာရှိကြီးဖြစ်တဲ့ တရားသူကြီးချုပ်ရဲ့ မဆင်မခြင်၊ သားသမီးချင်း မစာမနာ ကျောင်းသားများ၊ အလုပ်လက်မဲ့များကို "ပိုးဟပ်ကောင်တွေ" လို့ သုံးနှုန်းလိုက်မိတာ။

ဒီတင် မခံမရပ်ဖြစ်လာတဲ့ ကျောင်းသားထုဟာ သတင်းကွန်ရက် (အင်တာနက်) ကတစ်ဆင့် ပြည်သူ့ပိုးဟပ်ပါတီကို ထူထောင်လိုက်တာ၊ ရက်အနည်းငယ်အတွင်း အဖွဲ့ဝင်သန်းချီ ရှိလာပြီး အဲဒီလို စုစည်းလာမှုနဲ့ ကျောင်းသားထုရဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြမှုကြီး ပေါ်လာတာပါပဲ။ ပညာရေးဝန်ကြီး နုတ်ထွက်ပေးပြီး ပညာရေးစနစ်တစ်ခုလုံး ပြုပြင်ပြောင်းလဲဖို့နဲ့ သေဆုံးသွားတဲ့ ကျောင်းသားများအတွက် လျော်ကြေးပေးဖို့၊ နောင် မေးခွန်းတွေ မပေါက်ကြားရေးအတွက် အခုကိစ္စမှာ တာဝန်ရှိသူများကို အရေးယူဖို့ စတဲ့ တောင်းဆိုချက်များ တင်ပြီး မြို့တော် နယူးဒေလီမှာ သပိတ်စခန်း ဖွင့်လိုက်ကြပါတယ်။

အစပိုင်းမှာ အစိုးရက အရေးမစိုက်ပါဘူး။ ဒါပေမဲ့ နောက်ရက်အနည်းငယ် ကြာလာတော့ တခြားနိုင်ငံရေးနယ်ပယ် (အထူးသဖြင့် အတိုက်အခံ ကွန်ဂရက်ပါတီ) က ပါလာတာ၊ နာမည်ကြီး လူမှုရေးလှုပ်ရှားသူများ၊ မင်းသား မင်းသမီးများ ပါလာရုံမက နယ်ဘက်က တခြားပြည်နယ်များမှာပါ လှုပ်ရှားမှုတွေ ပေါ်လာတော့ အစိုးရ ဝင်ပါလာပါတယ်။ ပါလာပုံကလည်း ကြည့်ပါဦး။ ဇွန် ၂၀ ရက်နေ့ လွှတ်တော် စတင်တဲ့နေ့မှာ ကျောင်းသားများက လွှတ်တော်ကို ဝိုင်းဆန္ဒပြဖို့ ချီတက်တဲ့အခါ ရဲအဖွဲ့က ရက်ရက်စက်စက် ရိုက်နှက်တားဆီးပါတယ်။ လေသေနတ်တွေနဲ့ ပစ်တာတွေလည်း ရှိတယ်။

ကျောင်းသားအများအပြား ဒဏ်ရာတွေရ၊ ဆေးရုံပို့ရနဲ့ အတော်ဆိုးဆိုးဝါးဝါး လုပ်ပစ်တာမှာ တနိုင်ငံလုံး မခံမရပ်ဖြစ်လာတော့ အစိုးရက ပညာရေးဝန်ကြီး နုတ်ထွက်ပေးလိုက်ရပြီး ကျန်တောင်းဆိုချက်တွေကိုလည်း ညှိနှိုင်းဆွေးနွေးတာတွေ လုပ်လာရပါတယ်။ ဒီမှာတင် ကျောင်းသားများက ဆန္ဒပြမှုတွေကို ရပ်ဆိုင်းပေးလိုက်ပါတယ်။ ဒါပေမဲ့ ဇာတ်လမ်းက ပြီးမသွားပါဘူး။ ပညာရေးဝန်ကြီးရဲ့ နုတ်ထွက်စာမှာ ကျောင်းသားတွေကို တောင်းပန်တာတို့ ဘာတို့ ဘာမှမပါဘဲ "ဒီဆန္ဒပြပွဲတွေကို တချို့ နိုင်ငံရေးသမားများ၊ အကြမ်းဖက်သမားများက အခွင့်ကောင်းယူမှာစိုးလို့" တဲ့။

ဒါ့အပြင် အဲဒီဝန်ကြီးပြုတ် လွှတ်တော်တက်လာတော့ အစိုးရပါတီ (BJP) က တခြားအမတ်များက ပန်းကုံးတွေစွပ်ပေးပြီး သူရဲကောင်းတစ်ယောက်လို ကြိုဆိုကြပါတယ်။ သူတို့အကျိုးဘက်က ကြည့်တော့လည်း ဟုတ်တာပေါ့လေ။ သူတို့အစိုးရကို သူက အနစ်နာခံပြီး ကယ်တင်လိုက်တာကိုး။ ပြည်သူလူထုကြီး တရပ်လုံးကတော့ ပြည်သူတွေ ဒုက္ခနဲ့ ခံစားချက်များကို မစာနာနိုင်လေခြင်းဆိုပြီး ဒီနိုင်ငံရေးသမားတွေကို အော့ကြောလန်သွားပါတော့တယ်။

ဒါ့အပြင် ဒီကျောင်းသားလှုပ်ရှားမှုများဟာ ဒီမှာတင် ရပ်တန့်မသွားပါဘူး။ ကျောင်းသားများကို အကြမ်းဖက်ဖြိုခွင်းမှုများကို ဆက်လက်စုံစမ်း အရေးယူဖြေရှင်းပေးဖို့ စတာတွေအပြင် ကျန်ပညာရေးလောကရဲ့ မပြည့်စုံမှုများကို ဆက်တောင်းဆိုတာတွေနဲ့ လှုပ်ရှားမှုများ အခုတော့ တပြည်လုံး ပျံ့နှံ့သွားပါပြီ။ နယ်တွေဘက်မှာ ကျောင်းဆရာ ချို့တဲ့မှု၊ ကျောင်းခန်းတွေ မလုံလောက်မှု၊ သန့်ရှင်းရေးတွေ မလုံလောက်တာစတဲ့ ပြဿနာပေါင်းစုံတွေ ပြည်နယ်အတော်များများမှာ ပေါ်ထွက်လာနေပါတယ်။ သတင်းကွန်ရက်တွေကလည်း အလွန်ကောင်းမွန်နေလေတော့ ပြည်နယ်တွေမှာ ဖြစ်ပျက်နေသမျှတွေဟာ တမုဟုတ်ချင်း ပျံ့နှံ့နိုင်ပြီး အချင်းချင်းကြား အခက်အခဲတွေ၊ အတွေ့အကြုံတွေ ဖလှယ်ကြ၊ အကြံဉာဏ်တွေပေးကြနဲ့ အတော်ပွဲစည်နေပါတယ်။

တချို့အရပ်က ကျောင်းသူ ကျောင်းသားလေးများဟာ အလယ်တန်း ကျောင်းသားလေးတွေပါ။ မိမိတို့ရဲ့ လိုအပ်တဲ့ တောင်းဆိုချက်များကို ချက်ကျလက်ကျ ပြောဆိုနေကြတာများ အားရစရာကြီး။ ဥက္ကဋ္ဌ မော်စီတုန်းက တရုတ်တော်လှန်ရေး အစောပိုင်း (၁၉၃၀ ပြည့်နှစ်များအတွင်းက) ရေးခဲ့တဲ့ ဆောင်းပါးတစ်စောင် ရှိပါတယ်။ ခေါင်းစဉ်က "တောမီးလေးမှ မီးတောက်ကြီးသို့" တဲ့။

လှကျော်ဇော

၃၁-၇-၂၀၂၆

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ 

လှကျော်ဇော - နိုင်ငံတကာအခင်းအကျင်းသစ်များ

 

Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar